ထီးချိုင့်တွင် စစ်တပ်ဖမ်းသွားသည့် လူငယ်ကို သေဆုံးလျက်ပြန်တွေ့

16 March 2022

Ko Ye Min Zaw (aka) Boice Kar (Htigyaing Township)

ထီးချိုင့်တွင် စစ်တပ်ဖမ်းသွားသည့် လူငယ်ကို သေဆုံးလျက်ပြန်တွေ့

ကိုရဲမင်းဇော်(ခ) ဗွိုက်ကာ

စစ်တပ်ကို ရရာနည်းဖြင့် ခုခံနေသည့် ဘိုတဲကုန်းရွာမှ အသက် ၂၁ အရွယ် ကိုရဲမင်းဇော်ကို စစ်တပ်က ဖမ်းပြီး ၁၂ ရက်အကြာတွင် လွှစာပုံတစ်ခုအောက်၌ အလောင်းပြန်တွေ့သည်။

By Myanmar Now

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း မတ် ၂ ရက်တွင် စစ်တပ်က ဖမ်းသွားသည့် လူငယ်တစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ၁၂ ရက်အကြာတွင် ရှာတွေ့သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နှင့် မိသားစုထံမှ သိရသည်။

ထီးချိုင့်မြို့နယ် ဘိုတဲကုန်းရွာမှ အသက် ၂၁ အရွယ် ကိုရဲမင်းဇော်(ခ) ဗွိုက်ကာမှာ နယ်မြေခံပြောက်ကျားတပ်ဖွဲ့ဝင်ဖြစ်ပြီး မတ် ၅ ရက်ကတည်းက သတ်ခံရသည်ဟု ကြားသိရကြောင်း ထီးချိုင့်မြို့နယ် ပကဖအဖွဲ့ဝင် ကိုဒေါင်းနီက ပြောသည်။

ကိုရဲမင်းဇော် ဖမ်းခံရသည့်နေရာနှင့် တစ်မိုင်ခန့်အကွာရှိ ကျောက်အိုက်ရွာအနီး သစ်စက်ဟောင်းတစ်ခု၏ လွှစာပုံအောက်တွင် ပုပ်ပွနေသော အလောင်းကို မတ် ၁၄ ရက် ညနေပိုင်းတွင် တွေ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ပုံက တော်တော်ကိုပျက်နေပြီ။ ကျွန်တော်အတည်ပြုနိုင်တာက သေချာတာကတော့ ဝတ်ထားတဲ့ အဝတ်အစား ဝတ်စုံမှတ်မိတယ်။ နောက်တစ်ခုက ဆံပင်အရောင်ဆိုးထားတဲ့အတွက် ဆံပင်တွေကို ကြည့်ပြီး မှတ်မိတယ်။ ပြီးတော့ကျ သူ့ရဲ့ဖိနပ်ကို မှတ်မိတယ်။ သူ့ကို တွင်းထဲမှာ မှောက်လျက် တွေ့တယ်” ဟု ကိုဒေါင်းနီက ပြောသည်။

ရုပ်အလောင်းတွေ့သည့် ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများရှိသော်လည်း စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသည်ဖြစ်၍ လတ်တလောပို့၍ မရဟု ၎င်းက ပြောသည်။

ကိုရဲမင်းဇော်ကို စစ်တပ်က စဖမ်းသည့်နေ့တွင် လည်ပင်းကြိုးကွင်းစွပ်လျက် ရွာသင်္ချိုင်းသို့ ခေါ်သွားသည်ဟု မျက်မြင်တွေ့သည့် ဒေသခံအချို့ကို ကိုးကား၍ ကိုဒေါင်းနီက ဆက်ပြောသည်။

“ရွာထဲကနေဖြတ်ပြီး သင်္ချိုင်းကုန်းကို ခေါ်သွားတယ်။ ရွာထဲမှာ ပေါက်ပြားနှစ်လက်ငှားသွားတယ်။ သူ့ကို ခေါ်သွားတည်းကကို လည်ပင်းကြိုးကွင်းစွပ်ပြီး ခေါ်သွားတာ။ အဲဒီတည်းကကို ကလေးက မျက်နှာတွေရော ဖူးရောင်၊ တစ်ကိုယ်လုံး ညိုမည်းနေပြီ။  နွားချည်တဲ့ ကြိုးလိုမျိုးနဲ့ပဲ အဲဒီလို” ဟု ၎င်းက ဆိုသည်။

ရုပ်အလောင်းတွေ့ရသည့် ကျောက်အိုက်ရွာသည် အိမ်ခြေ ၅၀၀ ကျော်ရှိပြီး ထီးချိုင့်မြို့နှင့် ၁၀ မိုင်ကျော်ကွာဝေးသည်။

ထီးချိုင့်ဘက်မှ လာလျှင် သခွတ်ချောင်၊ အလယ်တော၊ ဘိုတဲကုန်း စသည့်ကျေးရွာများကို ကျော်လွန်ပြီးမှ ကျောက်အိုက်ရွာသို့ ရောက်သည်။

ထိုလမ်းတစ်ကြောတွင် ကိုရဲမင်းဇော်ပါဝင်ပြီး အမည်ပေးမထားသည့် ဒေသခံပြောက်ကျားအဖွဲ့က စစ်ကောင်စီကို လက်လုပ်မိုင်းဖြင့် တိုက်ခိုက်လေ့ရှိသည်ဟု ကိုဒေါင်းနီထံမှ သိရသည်။

“ကိုယ်ထူကိုယ်ထ ပြောက်ကျားတပ်ဖွဲ့ဗျ။ သူတို့ဟာနဲ့သူတို့ ဆရာတွေနဲ့ မိုင်းတွေထွင်ကြ၊ လက်လုပ်မိုင်းတွေ၊ ကားမိုင်းတွေ ရှေ့ထွက်မိုင်းတွေ အဲဒီလိုမိုင်းတွေနဲ့ အဓိကတိုက်တာ။ သူတို့မိုင်းတွေက ပိုပြီးတော့ ထိရောက်မှုရှိတယ်” ဟု ၎င်းက ပြောသည်။

မွေးချင်းလေးဦးရှိပြီး မိဘများနှင့်အတူ နေထိုင်သည့် ကိုရဲမင်းဇော်သည် စစ်အာဏာမသိမ်းမီက ဂိမ်းဆော့ဝါသနာပါသော လူငယ်တစ်ဦးသာဖြစ်ပြီး ယမန်နှစ် အောက်တိုဘာမှစ၍ လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်လာသူဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“သူက အရင်ကဆို နိုင်ငံရေးလည်း စိတ်မဝင်စားဘူး၊ လေ့လည်း မလေ့လာဘူး၊ ဘာမှပြောဘူး။ ဒါပေမဲ့ အခု ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒီစစ်ကောင်စီရဲ့ မတရားလုပ်ရပ်တွေ သူလည်း အင်တာနက်သုံးနေတဲ့ ကလေးတစ်ယောက်အနေနဲ့ လိုင်းပေါ်မှာ သူမြင်ရလာတယ်” ဟု ၎င်းက ဆိုသည်။

“အဲဒီမှာ သူမခံမရပ်နိုင်တဲ့ စိတ်တွေဖြစ်ပြီးတော့မှ ဘယ်လိုမှ အိမ်မှာ မနေနိုင်ဘူး။ သူ့ကိုယ်သူလည်း လိပ်ပြာမလုံဘူးပေါ့။ မိဘတွေက မသွားနဲ့ ဘာညာ အကြိမ်ကြိမ်အခါခါ တားခဲ့တယ်။ သူက အိမ်ကို တအား ဂျီကန်ပြီးတော့ သွားဖို့ အကြိမ်ကြိမ်ခွင့်တောင်းပြီးတော့မှ အဲဒီလိုသွားခဲ့တာ” ဟု အထက်ပါ မိသားစုဝင်က ဆက်ပြောသည်။

ကိုရဲမင်းဇော်၏ အသက် ၄၇ နှစ်အရွယ် ဖခင်ကလည်း ထိုသို့ ဆုံးရှုံးမှုများကြောင့် တော်လှန်ရေးတွင် နောက်တွန့်လိမ့်မည်မဟုတ်ဟု ပြောသည်။

“ကျန်တဲ့ ပြည်သူပြည်သားတွေကလည်း အားမလျှော့ပါနဲ့။ ကျွန်တော်ကိုယ်၌ကလည်း အားမလျှော့ဘူး။ စိတ်ဓါတ်မကျပါဘူးလို့ ရဲရဲရင့်ရင့် ဒီတော်လှန်ရေးကို အဆုံးသတ်သည်အထိ အောင်ကို အောင်ရမည်ဆိုတဲ့ စိတ်နဲ့ပဲ ကျွန်တော်တို့ ရှေ့ဆက်ပြီးတိုက်ကြမယ်” ဟု ၎င်းက ပြောသည်။

လက်နက်ကိုင်တိုက်ပွဲများနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးခဲ့သည့် စစ်ကိုင်းတိုင်းသည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်တွင် အပြင်းအထန်ဆန့်ကျင်သည့် နိုင်ငံအနှံ့ဒေသများအနက် တစ်ခုအပါအဝင်ဖြစ်လာသည်။

စစ်တပ်ကလည်း အင်တာနက်ဖြတ်ကာ ရွာမီးရှို့၊ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်၊ လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်မှုများကို စစ်ကိုင်းတိုင်းအတွင်း တောက်လျှောက်လုပ်ဆောင်နေသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်သည် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအစပ်ရှိ ဧရာဝတီမြစ်ဘေးတွင်ရှိသည်။ စစ်တပ်က ဇန်နဝါရီလဆန်းမှစ၍ ထိုဒေသတွင် စစ်ဆင်ရေးလုပ်ဆောင်နေပြီး ဒေသကာကွယ်ရေးအဖွဲ့များနှင့် မကြာခဏတိုက်ပွဲဖြစ်နေသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia