ပျူစောထီးဖမ်းသွားသည့်ရွာသား နာရီပိုင်းအတွင်း ဒဏ်ရာဗရပွနှင့်သေဆုံး

March 11th, 2022  •  Author:   Ko Soe Pai (Pauk Township)  •  1 minute read
Featured image

အာဏာသိမ်းရန် တစ်လအလိုက ရန်ကုန်တွင် တွေ့ရသည့် တပ်ထောက်ခံရေးလှုပ်ရှားမှုတွင် ပါဝင်သူများ  

မကွေးတိုင်း၊ ပေါက်မြို့နယ်မှ ရွာသားတစ်ဦး အဖမ်းခံရသည့်ညမှာပင် သေဆုံးသွားသည်၊ အုပ်ချုပ်ရေးမှူးကမူ သေဆုံးမှုမှာ အစားအသောက်အဆိပ်သင့်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

By Myanmar Now

မတ်လ ၈ ရက်နေ့ညက မကွေးတိုင်း၊ ပေါက်မြို့နယ်မှ ပျူစောထီးအဖွဲ့ ဖမ်းသွားသည့် ရွာသားတစ်ဦး နာရီပိုင်းအတွင်း ကိုယ်ခန္ဓာအနှံ့ ဒဏ်ရာများနှင့် သေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ဒီးဒုတ်ကွင်းရွာသား ၃၈ နှစ်အရွယ် ကိုစိုးပိုင်သည် သူ၏ နေအိမ်နှင့် ကိုက် ၂၀၀ ခန့် ကွာဝေးသည့် နေရာတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ထိုရွာသားက Myanmar Now ကို ပြောသည်။

“ထန်းရည် သွားဝယ်ပြီးတော့ ပြန်လာတဲ့အချိန်က ည ၇ နာရီခွဲလောက်တော့ ရှိပြီ။ ရွာထိပ်က ဘုန်းကြီးကျောင်းနားက ဂိတ်မှာ ပျူတွေရှိတယ်။ အဲဒီမှာ အဖမ်းခံလိုက်ရတယ်” ဟု အသက် ၃၀ ကျော်အရွယ် ဒီးဒုတ်ကွင်းရွာသားက ပြောသည်။

“ဖမ်းပြီး ည ၉ နာရီလောက် ပြန်ပို့တယ် အိမ်ကို။ ဘာကြောင့် (ဖမ်းတယ်) ဆိုတာ ပြောမသွားဘူး။ သူတို့ လာပို့ပြီး ည ၁၁ နာရီလောက်ပေါ့၊ ဆုံးသွားတယ်”

အိမ်သို့ လာပို့သည့် အရပ်ဝတ် ပျူစောထီးတပ်ဖွဲ့ဝင်သည် ဒင်တွင် ကာကွယ်ရေးပစ္စည်းစက်ရုံ၏ အတိုကောက်စာလုံး “ကပစ” ဟု ရေးထိုးထားသော သေနတ်ကို ကိုင်ဆောင်ထားသည်ဟု ဆိုသည်။

မျက်နှာညိုမည်းနေသော ရုပ်အလောင်းမှာ အပေါ်နှုတ်ခမ်း ပေါက်ပြဲနေသလို ပေါင်နှစ်ဖက်တွင် ချွန်ထက်သည့်အရာနှင့် ခြစ်ထားသည်ဟု ယူဆရသော ဒဏ်ရာများစွာ ရှိနေသည်ကို Myanmar Now က ရရှိထားသော ကိုစိုးပိုင်၏ နာရေးမှတ်တမ်းဓာတ်ပုံ ၅ ပုံတွင်  တွေ့ရသည်။

“သူ့နှာခေါင်းနဲ့ နားကလည်း သွေးတွေ အရမ်းထွက်တယ်။ ဆီးခုံမှာလည်း အပေါက်တွေ များတယ်။ သူတို့က အတော် နှိပ်စက်ထားပုံရတယ်။ သူ့မိန်းမလည်း ပျူတွေ ကြောက်ပြီး ဘာမှ မပြောရဲရှာဘူး” ဟု အထက်ပါ ရွာသားက ပြောသည်။

ကိုစိုးပိုင် မသေခင် ဇနီးဖြစ်သူကို “ငါ့အဖြစ်နဲ့ ငါ ရှိပါစေတော့။ မင်းတို့လည်း အသက်အန္တရာယ်ရှိလာနိုင်တယ်” ဟု နောက်ဆုံးပြောသွားသည်ဟု သိရကြောင်း ထိုရွာသားက ဆက်ပြောသည်။

ရုပ်အလောင်းကို ၉ ရက်နေ့ ညနေ ၃ နာရီတွင် မီးသင်္ဂြိုဟ်ကြောင်း၊ ဇနီးဖြစ်သူ မရီဝင်းနှင့် သားသမီး ၇ ယောက် ကျန်ရစ်ရာ အငယ်ဆုံးမှာ ၆ လအရွယ် မိန်းကလေးဖြစ်ပြီး အကြီးဆုံးမှာ အသက် ၂၀ ဖြစ်ကြောင်း သိရသည်။

ထိုရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်ရှိန်ကမူ သေဆုံးမှုမှာ အစားအသောက်အဆိပ်သင့်ခြင်းကြောင့် ဖြစ်သည်ဟု နားလည်ထားကြောင်း Myanmar Now ကို ပြောသည်။

“သတင်းကြားတာကတော့ ထန်းရည်နဲ့ ဆီချက်နဲ့ ရောသောက်တယ်တဲ့။ ဆိုတော့ သူ အဲဒီမှာ အဆိပ်ဖြစ်ပြီးတော့မှ ဟိုဟာဖြစ်သွားတဲ့သဘောပဲ။ အဲဒီလိုပဲ ကျုပ်တို့က သိတယ်ဗျ။ ကျန်တဲ့ အသေးစိတ်တော့ မသိဘူးဗျ။ ကျွန်တော့်ကိုလည်း သေပြီးမှ အကြောင်းကြားတယ်” ဟု အသက် ၅၀ အရွယ် ဦးအောင်ရှိန်က ပြောသည်။

ဒေသခံတို့က စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားသူများကို ပျူစောထီးဟု ခေါ်ကြသည်။ ဦးအောင်ရှိန်ကမူ ထိုသူတို့မှာ နယ်မြေလုံခြုံရေးအတွက် လုပ်ဆောင်နေသော ပြည်သူ့စစ်များသာဖြစ်ကြောင်း ပြောသည်။

ဒီးဒုတ်ကွင်း၊ ပေခုနစ်ပင်၊ ကုက္ကိုစု၊ လယ်ဘဲ့၊ အင်ပင် စသော ရွာများတွင် ကပစထုတ်လက်နက်ကိုင်ဆောင်သူ ပျူစောထီးအဖွဲ့ဝင် ၄၀ ခန့်ရှိကြောင်း ဒီးဒုတ်ကွင်းရွာသား နောက်တစ်ဦးက ပြောသည်။

ယခုနှစ်ဆန်း ဇန်နဝါရီ ၂၆ တွင်လည်း စစ်ကောင်စီတပ်သားနှင့် နယ်မြေခံ ပျူစောထီးဆိုသူများက ဒီးဒုတ်ကွင်းရွာမှ ၇ မိုင်ခန့်ကွာသော ကုက္ကိုစုကျေးရွာကို ဝင်မွှေခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထောက်ခံသူတို့၏ နေအိမ် ၁၀ လုံးကို ဖျက်ဆီးခဲ့သည်။

ထိုရွာကို ဝင်မွှေစဉ်က မှတ်တမ်းတင်ခဲ့သော ရုပ်သံဖိုင်တစ်ခုတွင် အရပ်ဝတ်လက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်သားများက အဆိုပါရွာအတွင်း လှည့်လည်နေသည်ကို‌ တွေ့ရသည်။

လက်နက်ကိုင်ခုခံစစ်အားကောင်းသော ချင်းပြည်နယ်အစပ်ရှိ မကွေးတိုင်း၊ ဂန့်ဂေါနယ်သည် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းသည်။ သို့သော် ပေါက်မြို့နယ်သည် ပျူစောထီးဆိုသူများအားကောင်းသော ဒေသဖြစ်သည်။

စစ်ကောင်စီတပ် လက်ချက်ကြောင့် သေဆုံးခဲ့သည့် အရပ်သား ၁၆၅၂ ဦးထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီကမူ ထိုအသင်း၏ ကိန်းဂဏန်း မှန်ကန်မှုမရှိဟု တုံ့ပြန်ထားသည်။


Original Post: Myanmar Now