နွားထိုးကြီးတွင် ခြေတစ်ဖက်ဖြတ်ထားရသူပါမကျန် ရွာသူရွာသား ၂၀ ကို ထပ်အဖမ်းခံရ

February 20th, 2022  •  Author:   Arbitrary Arrest by Military Junta (Natogyi Township)  •  1 minute read
Featured image

သဘာဝဓာတ်ငွေ့ပိုက်လိုင်း တိုက်ခိုက်ခံရပြီးနောက် မြင်းခြံ- မန္တလေး ကားလမ်းဘေးရှိ နနွင်းတော်ဘိုးရွာမှ ဒေသခံများကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေသည်။ (ဓာတ်ပုံ – ပေးပို့)

သဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြပ်နေသည့် စစ်သားများ တိုက်ခိုက်ခံရပြီးနောက် နွားထိုးကြီးမြို့အနောက်ဘက်ရှိ နနွင်းတော်ဘိုးရွာမှ ရွာသူရွာသား ၄၅ ဦးအထိိကို စစ်ကောင်စီက ဖမ်းဆီးထားသည်။ 

By Myanmar Now

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တိုက်ခိုက်ခံရသည့် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းတည်ရှိရာ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှရွာကို စစ်တပ်က ယနေ့ (ဖေဖော်ဝါရီ ၂၀) ဝင်ရောက်စီးနင်းကာ ခြေတစ်ဖက်ဖြတ်ထားရသူပါမကျန် ရွာသူရွာသား ၂၀ ကို ထပ်မံဖမ်းဆီးသွားသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက်က နွားထိုးကြီးမြို့အရှေ့ဘက် နှစ်မိုင်ခန့်အကွာ တရုတ် – မြန်မာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံရှိ စစ်သားများ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က နွားထိုးကြီးမြို့အနောက်ဘက်ရှိ နနွင်းတော်ဘိုးရွာမှ ရွာသူရွာသားများကို ဆက်တိုက် ဖမ်းဆီးနေခြင်းဖြစ်သည်။

ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံမှ စစ်သားများ တိုက်ခိုက်ခံရပြီး နောက်တစ်ရက်တွင် မြင်းခြံ- မန္တလေး ကားလမ်းဘေးရှိ နနွင်းတော်ဘိုးရွာမှ ဒေသခံ ၂၅ ဦး ဖမ်းဆီးခံခဲ့ရပြီး၊ ယနေ့ နံနက် ၅ နာရီခန့်တွင် စစ်တပ်ရောက်လာကာ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီးလေးဦးကို ဖမ်းသွားသည်ဟု ဒေသခံအမျိုးသမီးတစ်ဦး က Myanmar Now ကို ပြောသည်။​

စစ်သားများက မှတ်ပုံတင်၊ သန်းခေါင်စာရင်းဖြင့် တိုက်စစ်ကာ ရွာသူရွာသားများကို ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် နံနက် ၉ နာရီတွင် ပြန်ထွက်သွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အထက်ပါအမျိုးသမီးက ပြောသည်။

“ဒီရွာကို မီးရှို့မှ နားအေးမယ်နဲ့တူတယ်ဆိုပြီး အဲ့လိုမျိုးပြောသွားတယ်။ (PSI) စလောင်းတွေလည်း ဖြုတ်သိမ်းခိုင်းတယ်” ဟု နနွင်းတော်ဘိုးရွာသူက  ပြောသည်။

ယနေ့ ဖမ်းဆီးခံရသူများတွင် ခြေထောက်တစ်ဖက် ဖြတ်ထားရသည့် အသက် ၆၀ ကျော်အရွယ် ဦးတင်ချို ဆိုသူပါဝင်ကြောင်း၊ အသက် ၆၀ ကျော်အရွယ် ဒေါ်ဝင်းမေဆိုသူမှာလည်း နာမကျန်းဖြစ်နေ၍ သမီးဖြစ်သူ ပါ လိုက်သွားရကြောင်း ရွာသားများထံမှ သိရသည်။​

ဖမ်းဆီးခံရသူများစာရင်း

အဆီးခံရသူအများစုမှာ တောင်သူများဖြစ်ကြောင်း၊ ဆေးလိပ်ခုံလုပ်ငန်းလုပ်သူနှင့် ကားမောင်းသူ အမျိုးသားတစ်ဦးလည်း ပါဝင်ကြောင်း၊ နွားထိုးကြီးမြို့သို့ ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း သိရသည်။​

နနွင်းတော်ဘိုးရွာသူရွာသားများမှာ PDF များကို ထောက်ပံ့ကူညီသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရ ခြင်းဖြစ်သော်လည်း နွားထိုးကြီးမြို့နယ် PDF တာဝန်ရှိသူကမူ အဆိုပါရွာသူရွာသားများမှာ ၎င်းတို့နှင့် ပတ်သက်ခြင်းမရှိဟု ဆိုသည်။​

“သူတို့ (စစ်တပ်) ရဲ့ယုတ်မာမှုကတော့ အကုန်လုံးလည်းသိတယ်လေ။ အခုဟာက ဘယ်ရွာကိုထိလို့ ကျွန်တော်တို့က ပြန်လုပ်တယ်ဆိုတဲ့အသံကို သူတို့က စောင့်နေတာ။ အဲ့ကျရင် သူတို့က အဲ့ရွာတွေကို ပိုဖိမယ်။ အဲ့ဒါကြောင့် မသိချင်ယောင်ဆောင်ပြီး ငြိမ်ပေးထားရတာ” ဟု နွားထိုးကြီး PDF တာဝန်ခံက ပြောသည်။​

သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို စောင့်ကြပ်နေသည့် စစ်သားများတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီက နနွင်းတော်ဘိုးရွာမှ ဒေသခံများကို ဆက်တိုက်ဖမ်းဆီးနေခြင်းဖြစ်သည်ဟု နွားထိုးကြီးမြို့နယ် PDF က ယူဆသည်။​

သဘာဝဓာတ်ငွေ့ ပိုက်လိုင်းထိန်းချုပ်စက်ရုံအနီးရှိ စစ်သားများတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဖေဖော် ဝါရီ ၁၅ ရက်တွင် နနွင်းတော်ဘိုးရွာမှ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၉ ဦးကို ဖမ်းဆီးခဲ့သည်။​

ဖေဖော်ဝါရီ ၁၅ ရက်က အဖမ်းခံရသည့် အမျိုးသား ၁၆ ဦးကို မြင်းခြံမြို့ရှိ စစ်တပ်ထဲတွင် ထိန်းသိမ်းထားပြီး ယနေ့အချိန်ထိ မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း၊ မြင်းခြံမြို့ အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်းခံထားရသည့် အမျိုးသမီး ၉ ဦးမှာမူ ဖေဖော်ဝါရီ ၁၈ ရက်၌ မိသားစုနှင့် ခေတ္တတွေ့ခွင့်ရခဲ့သည်ဟု နီးစပ်သူတစ်ဦးထံမှ သိရသည်။​

နနွင်းတော်ဘိုးရွာမှ ရွာသူရွာသား အများအပြား ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်း ထုတ်ပြန်ခြင်း မရှိသည့်နည်းတူ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်း သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

English version.


Original Post: Myanmar Now