ကန့်ဘလူ၊ ပေလယ်ရွာကို စစ်တပ်ဝင်စီးစဉ် ၆ ဦးထက်မနည်း အသတ်ခံရ

ကန့်ဘလူ၊ ပေလယ်ရွာကို စစ်တပ်ဝင်စီးစဉ် ၆ ဦးထက်မနည်း အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မှော်တောရွာတွင် ပျူစောထီးများကို စစ်တပ်က စစ်သင်တန်းပေးနေစဉ်။ ဓာတ်ပုံ − ပေးပို့

ပေလယ်ရွာကို စစ်တပ်ဝင်စီးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သေဆုံးသူ ၆ ဦးထက်မနည်းရှိ သည်ဟု ထိုဖြစ်စဉ်မှ လွတ်မြောက်လာသည့် ဒေသခံနှစ်ဦးက ပြောသည်။

By Myanmar Now

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပေလယ်ရွာကို ယမန်နေ့ (ဖေဖော်ဝါရီ ၁၉) နံနက်ပိုင်းက စစ်သားနှင့် ပျူစောထီးများ ဝင်ရောက်စီးနင်းစဉ် ဒေသခံ ၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထိုဖြစ်စဉ်မှ ထွက်ပြေးလွတ်မြောက်လာသူ နှစ်ဦးက ပြောသည်။

ကန့်ဘလူမြို့ အရှေ့တောင်ဘက် ၁၆ မိုင်အကွာရှိ ပေလယ်ရွာကို ယမန်နေ့ နံနက် ၆ နာရီခန့်တွင် အင်အား ၁၀၀ ခန့်ရှိ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ၎င်းတို့က ပြောသည်။

ရွာတောင်ပိုင်းရှိ နေအိမ်တစ်လုံး၌ ပုန်းခိုနေသည့် မိသားစုဝင်သုံးဦး၊ အခြား အမျိုးသားတစ်ဦး၊ စုစုပေါင်း လေးဦးမှာ စစ်ကောင်စီပစ်သည့် လက်နက်ကြီးကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ရသည်ဟု အသက် ၂၀ အရွယ် ရွာခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကြောင့် သေဆုံးရသူတို့မှာ အသက် ၄၀ ကျော်အရွယ် ဒေါ်သန်းနွယ်၊ သားဖြစ်သူ ၂၇ နှစ်အရွယ် ကိုချမ်းငြိမ်းအောင်၊ သမီးဖြစ်သူ ၂၂ နှစ်အရွယ် မဖူးဖူးနှင့် အခြားရွာသားတစ်ဦးဖြစ်သည့် ဦးချစ်ကောင်းတို့ ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

ကျေးရွာအတွင်း စစ်ကောင်စီဘက်မှ ပစ်ခတ်၍ သေဆုံးသူ ၂ဦးရှိပြီး တစ်ဦးမှာ လက်နက်ကြီးကျည် ထိမှန်ခဲ့သည့် မိသားစုမှ အိမ်ထောင်ဦးစီး အသက် ၅၀ ကျော်အရွယ် ဦးသိန်းဇော်နှင့် ၈ တန်းကျောင်းသား မောင်ဟိန်းကိုဦးဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

“(ဦးသိန်းဇော်) ဖအေကြီးကလည်း ငါ့မိသားစုဆုံးသွားမှတော့ မထူးတော့ဘူး ငါ့ကိုလည်း ပစ်သတ်ကြတော့ဆိုပြီး ရွာထဲမှာ ရင်ဘတ်ကြီးဖွင့်ပြီးလိုက်အော်တော့တာတဲ့”ဟု ၎င်းက ပြောသည်။

ဦးသိန်းဇော်နှင့် မောင်ဟိန်းကိုဦးတို့ သေဆုံးသည့် ဖြစ်စဉ် အသေးစိတ်ကိုမူ မသိရပေ။ ထို့အပြင် သေဆုံးသူအရေအတွက် ထို့ထက်ပိုများနိုင်သည်ဟု ထွက်ပြေးလွတ်မြောက်လာသည့် အထက်ပါ အသက် ၂၀ အရွယ် ဒေသခံက ခန့်မှန်းသည်။

အထက်ပါ သေဆုံးသူ ၆ ဦးကိုသာ လူနာမည်နှင့်တကွ သိရပြီဖြစ်သော်လည်း ကျန်သေဆုံးသူများနှင့် ပတ်သက်၍ အသေးစိတ်မသိရသေးကြောင်း၊ အလောင်းများကို ရွာတောင်ဘက်လယ်ကွင်းတွင် စစ်ကောင်စီဘက်က မြေတူးစက်သုံး၍ မြေမြှပ်သည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

“(ကျန်တဲ့လူတွေက ဒီမှာလည်း တစ်ယောက်ဟ၊ ဟိုမှာလည်း တစ်ယောက်ဟနဲ့ စစ်သားတွေပြောနေရင်းနဲ့ (အလောင်းတွေကို) မြှုပ်နေတယ်လို့လည်းကြားတယ်။ အဲဒါတွေက ဘယ်သူတွေလဲဆိုတာ ကျွန်တော်တို့ မေးလို့မြန်းလို့လည်းမရသေးဘူး” ဟု ၎င်းက ပြောသည်။

ပေလယ်ရွာတွင် ယနေ့ မွန်းလွဲပိုင်းအထိ စစ်သားနှင့် ပျူစောထီးများ တပ်စွဲထားကြောင်း၊ အမျိုးသမီးများကို ဘုန်းတော်ကြီးကျောင်းတွင် စုဝေးထားရှိကြောင်း၊ အမျိုးသား အများစု ထွက်ပြေးနေကြရပြီး အချို့ဖမ်းခံရသည်ဟု သိရသော်လည်း အရေအတွက် အတိအကျမသိရသေးကြောင်း လွတ်မြောက်လာသည့် ဒေသခံ နောက်တစ်ဦးက ပြောသည်။

စစ်သားနှင့် ပျူစောထီးများက ရွာအတွင်းရှိ နေအိမ်များကိုဝင်ရောက်ကာ ပစ္စည်းများကို သယ်ယူနေကြောင်း ၎င်းကဆက်ပြောသည်။

“မနေ့က နေ့လယ်တုန်းကအထိ ရွာထဲက ပစ္စည်းတွေအကုန်သယ် ရေခဲသေတ္တာတို့ တီဗွီတို့ သူတို့လိုအပ်တာတွေသယ်။ အခု ဒီနေ့မနက်လည်း ရှိသမျှဆိုင်ကယ် ၈ စီးဆိုလား ယူသွားတယ်လို့ ပြောတယ်” ဟု ထိုသူက ဆိုသည်။

အိမ်ခြေ ၃၀၀ ခန့်ရှိ ပေလယ်ရွာတွင် လူဦးရေ ၁၀၀၀ ခန့်နေထိုင်ပြီး စစ်ကောင်စီ ဝင်ရောက်စီးနင်းမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုရွာတွင် ပြည်သူ့ကာကွယ် ရေးတပ်(PDF) လှုပ်ရှားမှုမရှိဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

“တချို့ရွာသားတွေ အဲဒီမှာ ပိတ်မိနေတယ်။ တချို့ရွာသားတွေ ထွက်ခဲ့နိုင်တာရှိတယ်။ သတင်းမရသေးတဲ့ ပျောက်နေတဲ့လူတွေရှိတယ်” ဟု ထိုသူက ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပါ။

စစ်တပ်က လက်နက်တပ်ဆင်ပေးထားပြီး ဒေသတွင်း၌ ပျူစောထီးဟု နာမည်ကျော်သည့်အဖွဲ့ လှုပ်ရှားမှုရှိသည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာမျာကို စီးနင်း၊ မီးရှို့၊ ဒေသခံတို့ကို သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားနေသည်။

အရပ်သား အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံနေကြရာတွင် လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာအလှမ်းဝေးသည့် စစ်ကိုင်းတိုင်းသည်လည်း ရှေ့တန်းမှပါဝင်နေသည်။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia