ဘားအံတက္ကသိုလ်ကျောင်းသား ၉ ဦး ထောင် ၁၀ နှစ်ကျော် ချခံရ

Featured image

ဖမ်းဆီးခံရသူများအနက် ထောင် ၁၂ နှစ်စီ ချခံရသည့် ကျောင်းသားလူငယ် ၇ ဦး။ (ဓာတ်ပုံ-ပေးပို့)

ဘီးလင်းမြို့နယ်အတွင်း အဖမ်းခံခဲ့ရသည့် လူငယ်များနှင့် ၎င်းတို့၏ ယာဉ်မောင်းကို တစ်နှစ်နီးပါး ထိန်းသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည်။ 

By Myanmar Now

တိုင်းရင်းသားနယ်မြေများတွင် စစ်သင်တန်းတက်ရောက်ရန် သွားသည်ဟု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည့် အသက် ၂၀ ဝန်းကျင် ဘားအံတက္ကသိုလ်ကျောင်းသား ၉ ဦးနှင့် ယာဉ်မောင်းတစ်ဦးတို့ကို စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီ ၁၀) တွင် ထောင်ဒဏ် ၁၂ နှစ်စီ ချလိုက်သည်။

ဘားအံတက္ကသိုလ်၊ ပထမနှစ်နှင့် ဒုတိယနှစ် တက်နေသည့် ‌ကျောင်းသားများအနက် ၇ ဦးကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က၊ နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (ဂ)တို့ဖြင့် စွဲချက်တင်ခြင်းဖြစ်သည်။

အခြား ကျောင်းသား ၂ ဦးနှင့် ယာဉ်မောင်းအမျိုးသားတို့ကို ၁၃ နှစ်စီ ချခဲ့သည်။

သူတို့ကို လိုင်စင်မဲ့ယာဉ် အသုံးပြုသည်ဆိုကာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ပါ ထပ်တိုး၍ စွဲဆိုသဖြင့် ၁ နှစ်စီ ပိုသွားခြင်းဖြစ်သည်ဟု ရှေ့နေက ပြောသည်။

“အယူခံတက်ဖို့တော့ စီစဉ်ထားပါတယ်။ ကလေးမိဘတွေနဲ့ ဆက်သွယ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိုလူငယ်များသည် ၂၀၂၀ မတ် ၂၈ တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ကားဂိတ်၌ လိုက်ထရပ်ကားတစ်စီးပေါ်၌ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဘားအံရဲစခန်းသို့ လွှဲပြောင်းခံရသည်။

“လူငယ် ၉ ယောက် တူတူမိတယ်ဆိုတော့ အဲဒီအချိန်ကာလက PDF ထဲ သွားမဲ့သူတွေဆိုတဲ့ပုံစံနဲ့ စစ်တယ်။ ဘာသက်သေမှ မရှိတော့ ဘီးလင်းရဲစခန်းကနေ ဘားအံကို လွှဲတယ်” ဟု ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ကျောင်းသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့်ကျောင်းသားတချို့၏ မိဘများမှာ နိုင်ငံရေးလှုပ်ရှားမှုနောက်ခံရှိသည်ဆိုကာ ထိုကျောင်းသားများ ဘားအံတွင် တစ်လခန့် စစ်ကြော နှိပ်စက်ခံရသည်ဟု ၎င်းက ဆိုသည်။

“တော်တော်ကြမ်းကြမ်းတမ်းတမ်းနှိပ်စက်ခံရတယ်”

ထိုကျောင်းသား ၉ ဦးသည် ရုံးထုတ်စစ်ဆေးသည့် ရုံးချိန်းတိုင်းတွင် လက်သုံးချောင်းထောင်၍ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ကြွေးကြော်ပြသလေ့ရှိသည်ဟု ၎င်းသမဂ္ဂကျောင်းသားက ဆက်ပြောသည်။

“အမိန့်ချတဲ့နေ့မှာတောင် တရားရုံးမှာ သူတို့ဆန္ဒပြတယ်။ အရေးတော်ပုံအောင်ရမည်ဆိုပြီး တရားရုံးကနေ ထောင်ကို သွားတဲ့ လမ်းတစ်လျှောက် သွေးသစ္စာသီချင်းကို ဆိုသွားတယ်” ဟု သူက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ကို ဆန့်ကျင်သော ဘားအံတက္ကသိုလ်မှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး ဖမ်းဆီးထောင်ချခံထားရသည်ဟု ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ သိရသည်။

“တော်လှန်ရေးနိုင်ဖို့ပဲ ပိုကြိုးစားရမယ်။ မနိုင်သေးသရွေ့ ကျွန်တော်တို့သူငယ်ချင်းတွေ ထောင်ထဲမှာ နေနေရမယ်” ဟု ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ကျောင်းသားက ပြောသည်။

အာဏာသိမ်း စစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို တွေ့သည့်နေရာတွင် ဖမ်းဆီး၊ ပစ်ခတ် သတ်ဖြတ်လေ့ရှိရာ ၉၀၆၇ ဦး ဆက်လက် ထိန်းသိမ်းခံနေရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP) ၏ ဖေဖော်ဝါရီ ၁၀ ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်လက်ချက်ဖြင့် အရပ်သား ၁၅၄၆ ဦးထက်မက သေဆုံးခဲ့ရသည်ဟု AAPP က လက်လှမ်းမီသမျှ စုံစမ်းမှတ်တမ်းတင်ထားသည်။

စစ်တပ်ဘက်က ၎င်းတို့၏လက်ချက်ဖြင့် သေဆုံးရသူအရေအတွက်ကို ထုတ်ပြန်လေ့မရှိသလို AAPP ၏ စာရင်း မှားသည်ဟု တုံ့ပြန်လေ့ရှိသည်။

English version.


Original Post: Myanmar Now