ကရင်နီပြည်နယ်တွင် ပြည်သူ ၃၅ ဦးကျော်ကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ် စက်၍ စစ်ကောင်စီက မီးရှို့သတ်ဖြတ်မှု ICC တရားရုံးသို့ သက်သေနှင့်တကွ NUG တင်ပြမည်

January 3rd, 2022  •  Author:   Arbitrary Killings by Military Coup (Hpruso Township)  •  1 minute read
Featured image

ရန်ကုန်၊ ဇန်နဝါရီ ၃

By Khit Thit Media

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကရင်နီပြည်နယ်၊ မိုဆိုကျေးရွာအနီး လူအစုလိုက်အပြုံ လိုက် မီးရှို့သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်း ဖက်စစ်ကောင်စီကို သက်သေအထောက်အထား အခိုင်အမာနှင့်အတူ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို တင် ပြသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုသည်။

“NUG က ဒီကိစ္စကို ကျူးလွန်တဲ့သူကို ဖော်ထုတ်ပြီး အပြစ်ပေး အရေးယူနိုင်ဖို့ နိုင်ငံတကာတရားရုံးတွေကတစ်ဆင့် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီကိစ္စကို နိုင်ငံရေးခုတုံးလုပ်မှာမဟုတ်ဘူး။ ကျူးလွန်တဲ့သူကို အပြစ်ပေးအရေးယူနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် ပြည်သူ ၃၅ ဦးကျော်ကို မီးရှို့သတ်ဖြတ်ခံရမှုတွင်  အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၃၁ နှင့် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းက ရက်ရက်စက်စက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ၏ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုက ပြောဆိုသည်။

“ဒီကိစ္စမှာ အဓိကကျူးလွန်တဲ့သူကတော့ မြန်မာတပ်မတော်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်လက် အောက် ခံ ဖရူဆိုအခြေစိုက် ခမရ ၅၃၁ တပ်ဖွဲ့ဝင်တွေနဲ့ တပ် ၆၆ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေကနဦးသိရှိထားပါတယ်” ဟု ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ၏ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီဘက်က သေဆုံးရသည့်သူများသည် PDF များဖြစ် သည်ဆိုသော ပြောဆိုရှင်းလင်းချက်သည် မှန်ကန်မှု မရှိ ကြောင်းနှင့် သေဆုံးခဲ့ရသည့်သူများသည် အရပ်သားများဖြစ်ကြောင်း မိသားစုက ရှင်းလင်းကြသည်။

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) အနေဖြင့် အလောင်းများကို သယ်ဆောင်သည့်အခါမှာ မီးရှို့မခံထားရသည့် အလောင်း ၄ လောင်းနှင့် မီးရှို့ခံ ထားရပြီး ခန္ဓာကိုယ်တဝက်သာပြန်ရသည့်အလောင််း ၃၁ ရရှိခဲ့ပြီးတော့ ပြန်သယ်လို့မရဘဲ ပြာအဖြစ်ရှိသွားသည့် ရုပ်အလောင်းများလည်းရှိကြောင်း ရှင်းလင်းထားသည်။

အကြမ်းဖက်စစ်ကောင်စီက အလောင်းများကို လက်ပြန်ကြိုးတုပ်ပြီး မီးရှို့ခံထားကြောင်း၊ ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာ လက်ကိုနောက်ပြန်ကြိုးတုပ်ထားပြီး မီးရှို့အသတ်ခံထားကြောင်း၊ အလွန်ရက်စက်စွာ သတ်ဖြတ်ထားကြောင်း ဓာတ်ပုံတွေ၊ သက်သေများနှင့်တကွ ချပြရှင်းလင်းထားသည်။


Original Post: Khit Thit Media