ထောင်ချခံရသည့် ဗကသဒုဥက္ကဋ္ဌကို ဝိုင်းဝန်းနှိပ်စက်၊ ဆေးကုသခွင့်မပေးဟု ဆို

December 30th, 2021  •  Author:   Ko Wai Yan Phyo Moe (All Burma Federation of Student Unions)  •  1 minute read
Featured image

ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောနေသည့် ဝေယံဖြိုးမိုးကို ဖေဖော်ဝါရီ ၂၂ က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ- All Burma Federation of Student Unions)  

ကိုဝေယံဖြိုးမိုး ထောင်ချခံရပြီးနောက် အင်းစိန်ထောင်တွင် နေရာပြောင်းရွှေ့ရစဉ် နှိပ်စက်ခံရမှုအတွက် မိသားစုက ICRC သို့ အကူအညီတောင်းမည်ဟု ရန်ကုန်မှ သတင်းရင်းမြစ်တစ်ခုက ပြောသည်။

By Myanmar Now

ယမန်နေ့ (ဒီဇင်ဘာ၂၉) တွင် ထောင်ချခံလိုက်ရသည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ များအဖွဲ့ချုပ်)မှ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးသည် အင်းစိန်အကျဉ်းထောင်တွင် ရိုက်နှက်နှိပ်စက်ခံရပြီး ဆေးကုခွင့် မရသောကြောင့် အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကျောက်တံတားမြို့နယ်တရားရုံးက သူ့ကို ငြိမ်းစုစီ ပုဒ်မ ၁၉ နှင့် ပုဒ်မ ၅၀၅ -ခ တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ၁ လ ချမှတ်ပြီးနောက် အင်းစိန်အကျဉ်းထောင်ရှိ ရာဇဝတ်သားများထားရှိရာ သပြေဆောင်သို့ ရောက်သွားသည်ဟု ၎င်းက ပြောသည်။

“တပ်ကြပ်ကြီးရဲကျော်သူ ဆိုတဲ့လူက ရောက်ရောက်ချင်း ဖိနပ်နဲ့ ပါးရိုက်တယ်တဲ့။ မျက်မှန်ကျွတ်ကျသွားတဲ့အခါမှာ သူ့ရဲ့ဝန်ထမ်းတပည့်သုံးယောက်က ကိုဝေယံဖြိုးမိုးကို ရိုက်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့သို့ ရိုက်နှက်ပြီးနောက် ကိုဝေယံဖြိုးမိုးကို ပုံစံခန်းသို့ ခေါ်ဆောင်သွားပြီးနောက် ပြစ်ဒဏ်ကျရာဇဝတ်သားများနှင့် အတူထားကာ ရိုက်နှက်နှိပ်စက်ရန် မှာကြားခဲ့သည်ဟု ဆိုသည်။

“ကောင်းကောင်းပညာပေးလိုက်ဆိုပြီး မလုပ်မှာစိုးလို့ နှစ်ခေါက်လောက် လာပြန်ပြောပြီးတော့ကို ပြောတယ်။ ရန်တိုက်ပေးတာပေါ့ဗျာ။ အဲဒီမှာ ပြစ်မှုနဲ့ကျနေတဲ့ ငါးယောက်က ဝိုင်းပြီးရိုက်နှက်တယ်” ဟု ထိုသူက ပြောသည်။

“သူတို့က ရန်တိုက်ပေးပြီး အချင်းချင်းရန်ဖြစ်တဲ့ပုံစံမျိုး ဖန်တီးနေတယ်”

လည်ပင်းနှင့် နံရိုး ပြင်းထန်ဒဏ်ရာရှိခဲ့ပြီး ဆေးကုပေးရန် တောင်းဆိုသော်လည်း အကျဉ်းထောင်က ခွင့်မပြုကြောင်း ၎င်းထံမှ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အကူအညီရရှိရန် အကျဉ်းထောင်အတွင်းသို့ သွားရောက်စစ်ဆေးနိုင်ခွင့် ရရှိထားသော နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ထံ အကြောင်းကြားမည်ဟု ကိုဝေယံဖြိုးမိုး၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ယနေ့ ပြောသည်။

“မနက်ဖြန်တော့ ICRC သွားဖို့ရှိတယ်။ အရိုက်ခံထားရတယ်၊ အသက်အန္တရာယ်စိုးရိမ်ရတယ်၊ ဆေးကုသခွင့်ပေးဖို့ အရေးကြီးတယ်။ ဝေယံက ပစ်မှတ်ထားခံရပြီး ဖိနှိပ်ခံနေရတယ်လို့ မြင်တယ်” ဟု ၎င်းက ဆိုသည်။

ကိုဝေယံဖြိုးမိုးနှင့် ထောင်တွင်းအခြေအနေများ ပိုမိုသိရှိနိုင်ရန် နေပြည်တော်အကျဉ်းဦးစီးဌာနနှင့် ရန်ကုန် ICRC ရုံး တို့ကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောနေသည့် ကိုဝေယံဖြိုးမိုး။ (ဓာတ်ပုံ-Jack Photography/All Burma Federation of Student Unions)  

စစ်ကောင်စီက ကိုဝေယံဖြိုးမိုးသည် ၂၀၂၀  စက်တင်ဘာ ၁၀ က ရခိုင်ပြည်နယ်တွင် အင်တာနက်ပြန်ဖွင့်ပေးရေးအတွက် ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံရှေ့ရှိ ကားမှတ်တိုင်နှင့် ဓာတ်တိုင်များတွင် ခွင့်ပြုချက်မရှိဘဲ စာရွက်စာတမ်းများ ဖြန့်ဝေသည်ဆိုကာ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်လည်းကောင်း၊ ထိုဆောင်ရွက်မှုကြောင့် ရခိုင်ပြည်နယ်အစိုးရ အကြည်ညိုပျက်စေသည်ဆိုကာ ပုဒ်မ ၅၀၅-က/ခ တို့ဖြင့် ကျောက်တံတားမြို့နယ်တရားရုံးတွင် တရားစွဲထားမှုကို ၅၀၅-ခ ဖြင့်လည်းကောင်း ယမန်နေ့က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့မှာပင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ကားမှတ်တိုင်များတွင် ကျောက်တံတားမြို့နယ်နည်းတူ ရခိုင်တွင် အင်တာနက်ပြန်ဖွင့်ပေးရေး စာရွက်များကပ်သည်ဆိုကာ ရဲက မရမ်းကုန်းမြို့နယ်တရားရုံးတွင်လည်း ငြိမ်းစုစီ ပုဒ်မ၁၉၊ ပုဒ်မ ၅၀၅-က/ခ တို့ဖြင့် ထိုစဉ်တည်းက တရားစွဲထားသည်။

စစ်အာဏာသိမ်းပြီးနောက် မတ် ၃ ၌ တာမွေမြို့နယ်တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ဗကသများအဖွဲ့ချုပ် ဦးဆောင်သည့် GSC ပူးပေါင်းဆန္ဒပြစစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းရာ ကိုဝေယံဖြိုးမိုးအပါအဝင် လူ ၅၀၀ ခန့် ဖမ်းဆီးခံရသည်။

ထို့နောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကိုဝေယံဖြိုးမိုးကို ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်ဆိုကာ အောက်တိုဘာ ၅ ၌ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီက တရားစွဲဆိုခဲ့သည်။

ထို ၅၀၅-က အမှုကိုမူ လာမည့် ဇန်နဝါရီ ၅ တွင် ကမာရွတ်မြို့နယ်တရားရုံး၌ စတင်စစ်ဆေးတော့မည်ဟု ကိုဝေယံဖြိုးမိုးနှင့် နီးစပ်သူများထံမှ သိရသည်။

ထိန်းသိမ်းခံထားရစဉ်အတွင်း ကိုဝေယံဖြိုးမိုးအပါအဝင် ကျောင်းသားလူငယ် ၇ ဦးကို ထောင်အာဏာပိုင်များက အင်းစိန်အကျဉ်းထောင်၏ ထောင်စည်းကမ်းများဖတ်ရန် ခိုင်းစေမှုကို ငြင်းဆန်ခဲ့ကြသဖြင့် ဧပြီ ၂၂ တွင် တစ်ပတ်ကြာ တိုက်ပိတ်ခဲ့သည်။

တစ်နိုင်ငံလုံးအနှံ့ပါဝင်ခဲ့ကြသည့် အသံတိတ်သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့သည့် ဒီဇင်ဘာ ၁၀ ကလည်း ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားထုအခွင့်အရေး တာဝန်ခံ ကိုလေပြေစိုးမိုးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၈၉ ဦးသည် အဆိုပါလှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ပြင်းပြင်းထန်ထန်ရိုက်နှက် နှိပ်စက်ခံထားရသည်ဟု ဗကသများအဖွဲ့ချုပ်က ဒီဇင်ဘာ ၁၃ က ထုတ်ပြန်ထားသည်။

လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ပြည်သူအများအပြား အကူအညီလိုအပ်နေသည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

“ကျွန်တော်တို့က ဒီအချိန်မှာ ဘယ်သူ့ကိုမှ အားကိုးလို့မရဘူး။ ဘယ်နေရာကို သွားတိုင်မလဲ။ ICRC ကိုလည်း တောက်လျှောက်ပြောနေတယ်၊ သူတို့ ဝင်မှမဝင်တာ” ဟု ၎င်းက ပြောသည်။

“အခြားလူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ INGO အဖွဲ့အစည်းတွေရှိတယ်။ ဘာမှမလုပ်ပေးနိုင်ဘူး။ ရှင်းရှင်းပြောရရင် အားကိုးရာမဲ့တာပေါ့”


Original Post: Myanmar Now