မတ္တရာတွင် နာရေးအသင်းအတွင်း‌ရေးမှူး အဖမ်းခံရပြီး၂၄ နာရီအတွင်း သေဆုံး

December 15th, 2021  •  Author:   U Than Myint (Madaya Township)  •  1 minute read
Featured image

နာရေးတစ်ခုကို ထိုအသင်းက ကူညီဆောင်ရွက်ပေးနေသည်ကို ၂၀၂၀ စက်တင်ဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-မဟာကုသလကာရီနာမှုကူညီရေးအသင်း)  

ရေနံ့သာကျေးရွာအုပ်စု၊ စခန်းကြီးကုန်းကျေးရွာအခြေစိုက် မဟာကုသလကာရီနာမှုကူညီရေးအသင်း အတွင်းရေးမှူးဖြစ်သူမှာ ဒီဇင်ဘာ ၁၂ ညနေပိုင်းက အဖမ်းခံရပြီး နောက်တစ်ရက်တွင် သေဆုံးပြီဖြစ်ကြောင်း စစ်ကောင်စီက အကြောင်းကြားခဲ့သည်။ 

By Myanmar Now

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဒီဇင်ဘာ ၁၂ ရက်က အဖမ်းခံရသူ နာမှုကူညီရေးအသင်း အတွင်းရေးမှူးမှာ အဖမ်းခံရပြီး ၂၄ နာရီအတွင်း သေဆုံးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စု၊ စခန်းကြီးကုန်းကျေးရွာအခြေစိုက် မဟာကုသလကာရီ နာမှုကူညီရေးအသင်း အတွင်းရေးမှူးဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဦးသန်းမြင့်မှာ ဒီဇင်ဘာ ၁၂ ညနေ ၃ နာရီဝန်းကျင်က ဖမ်းဆီးခံရခြင်းဖြစ်ကာ နောက်တစ်ရက်တွင် သေဆုံးပြီဖြစ်ကြောင်း စစ်ကောင်စီက အကြောင်းကြားသည်ဟု ဆိုသည်။​

“ဒီဦးလေးက ပရဟိတလုပ်ရုံပဲရှိတာ။ သူ့လယ်လေး စိုက်ပျိုး၊ လူမှုရေးရှိရင်ကူ၊ ဒီလိုပဲ နေတဲ့သူပါ၊ နိုင်ငံရေးဘာညာလည်း လုပ်နေတဲ့ လူမဟုတ်ဘူး” ဟု သေဆုံးသူ နာမှုကူညီရေးအသင်း အတွင်းရေးမှူးနှင့် နီးစပ်သူ အမျိုးသားက Myanmar Now ကို ပြောသည်။​

ဦးသန်းမြင့်၏ ရုပ်အလောင်းတွင် ဦးခေါင်းနှင့် မျက်နှာအပါအဝင် တစ်ကိုယ်လုံးတွင် ရိုက်နှက်ခံထားရသည့် ညိုမည်းဒဏ်ရာများကို တွေ့ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“စုတ်ပြတ်သတ်နေအောင် ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ ဘာလို့ ဖမ်းသွားမှန်းလည်းမသိဘူး။ ဘာအကြောင်းပြချက်မှန်းလည်း မသိရဘူး။ အလောင်းပဲ ပြန်ရောက်လာတာ” ဟု အဆိုပါအမျိုးသားက ဆိုသည်။​

မတ္တရာမြို့နှင့် ထိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အာဏာသိမ်းစစ်ကောင်စီက လူများကို ဖမ်းဆီးခြင်း၊ အလောင်းလာထုတ်ခိုင်းခြင်း၊ ရွာလမ်းပေါ်တွင် အလောင်းစွန့်ပစ်ထားခြင်းများ ဆက်တိုက်ပြုလုပ်နေရာ အလောင်းလာစွန့်ပစ်ခံရသူ လေးဦးရှိပြီဖြစ်ကြောင်း သိရသည်။​

သေဆုံးသူ အသက် ၅၇ နှစ်အရွယ် ဦးသန်းမြင့်။ (ဓာတ်ပုံ-Supplied)  

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက ဖမ်းဝရမ်းထုတ်ခံထားရသူ မတ္တရာမြို့ခံလူငယ်တစ်ဦးကို ဖမ်းမမိသဖြင့် စစ်ကောင်စီက အသက် ၃၃ နှစ်အရွယ် ဦးလေးဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီး ၂၄ နာရီမပြည့်မီ အလောင်းလာထုတ်ရန် မိသားစုထံ အကြောင်းကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်ရက် (ဒီဇင်ဘာ ၁၃) ကလည်း မတ္တရာမြို့ပေါ်မှ အမျိုးသမီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ Facebook လူမှုကွန်ရက်စာမျက်နှာများကို ပြန်လည်မျှဝေသည် (Share) ဟု ဆိုကာ ဖမ်းဆီးသွားခဲ့ရာ လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း မတ္တရာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။​

“ကျွန်တော်တို့မြို့မှာက ဘာမှ မလုပ်တဲ့သူတွေလည်း ဖမ်းခံရ၊ သတ်ခံနေရတာ။ ဒလန်ဆိုတဲ့ကောင်တွေနဲ့ မတည့်ရင်၊ အဆင်မပြေရင်ကို လက်ညှိုးထိုးဖမ်းခိုင်းပြီး သတ်ဖြတ်နေတော့တာ” ဟု ၎င်းက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ပြုစုထားသည့်စာရင်းအရ စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ မှ ဒီဇင်ဘာ ၁၄ အထိ စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၁၃၃၉ ဦး သေဆုံးခဲ့ရပြီး အမှန်တကယ်သေဆုံးသူအရေအတွက်မှာ ပိုမိုများပြားနိုင်သည်ဟု ဆိုသည်။​

အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်များ ကျူးလွန်နေသည့် မြန်မာစစ်တပ်သည် အကြမ်းဖက်အဖွဲ့အစည်းပင်ဖြစ်ကြောင်း ကုလဆိုင်ရာကျွမ်းကျင်သူများ စုဖွဲ့ထားသည့် မြန်မာနိုင်ငံဆရာအထူးအကြံပေးကောင်စီ (SAC-M) က ယမန်နေ့ (ဒီဇင်ဘာ ၁၄) တွင် ထုတ်ပြန်ထားသည်။


Original Post: Myanmar Now