ရန်ကုန်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်တပ်က ကားဖြင့်တိုက်သတ်

December 5th, 2021  •  Author:   Anti-coup protesters (Yangon Region)  •  1 minute read
Featured image

အလုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို စစ်တပ်က ကားဖြင့်တိုက် ဖြိုခွင်းစဉ်။ (ဓာတ်ပုံ – ပေးပို့)  

ငါးဦးခန့်သေဆုံးပြီး အဖမ်းခံရသူ ၁၅ ဦးခန့်ရှိကြောင်း ဆန္ဒပြအင်အားစုများမှ လူငယ်နှစ်ဦးနှင့် အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူတစ်ဦးထံမှ သိရသည်။

By Myanmar Now

ရန်ကုန်၊ အလုံမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၅) နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများကို စစ်တပ်က ကားဖြင့်တိုက်ကာ ပစ်ခတ်ဖမ်းဆီးသဖြင့် ငါးဦးခန့်သေဆုံးကာ အဖမ်းခံရသူ ၁၅ ဦးခန့်ရှိကြောင်း ဆန္ဒပြအင်အားစုများမှ လူငယ်နှစ်ဦးနှင့် အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူတစ်ဦးထံမှ သိရသည်။

“ဟုတ်တယ်၊ ၅ ယောက်လောက်ကျသွားတယ် သိရတယ်။ ကားနဲ့တိုက်ဖမ်းတာ ၁၅ယောက်ထက်မနည်း ဖမ်းခံရတယ်။ အဲဒီမှာမှ ၅ ယောက်က သေလားရှင်လားမသိဘူး၊ လမ်းမပေါ်ဒီအတိုင်းပဲ” ဟု ရန်ကုန်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြအင်အားစုတစ်ခုမှ လူငယ်တစ်ဦးက Myanmar Now ကို ပြောသည်။

နံနက် ၉ နာရီခန့်တွင် ကြည့်မြင်တိုင်ညဈေးအနီး ပန်းပင်ကြီးလမ်းနှင့် ကမ်းနားလမ်းထောင့်၌ ဆန္ဒပြနေသူများကို အရှိန်ဖြင့် မောင်းနှင်လာသည့် ကားဖြင့် ဝင်တိုက်သဖြင့် ငါးဦးခန့် လွင့်ပါသွားခြင်းဖြစ်သည်ဟု နောက်ထပ်သပိတ် အင်အားစုတစ်ခုမှ လူငယ်တစ်ဦးက ပြောသည်။

“လေးယောက်ဆုံးတာ သေချာတယ်လို့ ညဈေးက ဈေးသည်တစ်ချို့က ပြောတယ်။ သူတို့မျက်စိရှေ့မှာတင်ဆိုတော့လေ။ အရှိန်နဲ့ပြေးဝင်ပြီးတော့ တိုက်တာ လေးငါးယောက်လောက် လွင့်ထွက်သွားပြီးတော့ ပါသွားတယ်။ အဲဒီကားအောက်မှာပဲ ဆန့်ငင်ဆန့်ငင်ဖြစ်နေတယ်လို့ ကြားတယ်။ ကျဆုံးတာက သေနတ်နဲ့ပစ်လို့ ကျဆုံးတာလို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

Facebook လူမှုကွန်ရက်တွင် တွေ့ရှိရသော ရုပ်သံမှတ်တမ်းများအရ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြနေသူများကို အရှိန်ဖြင့်မောင်းနှင်လာသည့် စစ်ကား (Double Cup) က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

“နောက်ကနေ အရှိန်နဲ့ ဝင်တိုက်တော့ ကျွန်တော်လည်း မလွတ်နိုင်ဘူး၊ အကုန်လုံးဝင်တိုက်ခံရတာ။ အရှိန်ကလည်းများတော့ လူတွေက အကုန်လွင့်ထွက်ကုန်တာ။ ကျွန်တော်က မလွင့်ဘဲနဲ့ ဒီကောင်တွေ ကားနဲ့တိုက်တော့ ကားရဲ့ အရှေ့ဘန်ဘာပေါ် ပြုတ်ကျပြီး ဘေးကိုလိမ့်ကျတာ” ဟု စစ်တပ်က ကားဖြင့်တိုက်ဖြိုခွင်းမှုကို ကြုံခဲ့ရသူတစ်ဦးက ပြောသည်။

“အဲ့ဒီမှာ ဒီကောင်တွေထဲက တစ်ယောက်က ဒင်နဲ့ ထုတာပေါ့ဗျာ။ ကျွန်တော်ထင်တာတော့ ကျွန်တော့်ကို မေ့အောင်ထုတဲ့သဘောထင်တယ်။ အဲ့လိုမေ့အောင်လုပ်ရင် နောက်တစ်ယောက်ကို လိုက်ဖမ်းနိုင်အောင် ထင်တယ်။ ကျွန်တော်ထင်တယ်။ ဒီကောင်တွေ ၁၀ ကျော်တောင်မရှိဘူး” ဟု ကားဖြင့်တိုက်ခံရပြီးနောက် ကြုံတွေ့ရသည့်အခြအနေအပေါ် ၎င်းက ဆက်ပြောသည်။

“အဖမ်းခံရသူက အယောက် ၂၀ လောက်တော့ရှိမယ်။ ဒါပေမဲ့ တချို့တွေ သေနိုင်တယ်ဗျာ။ လမ်းမှာ ဦးခေါင်းခွံတွေ၊ ဘာတွေ ကျွန်တော်တွေ့တယ်။ ကျွန်တော်ထင်တယ် အကုန်လုံးလိုလိုကိုထိမှာ” ဟုလည်း အဆိုပါအမျိုးသားက ဆိုသည်။

ကားဖြင့်တိုက်ပြီးနောက် လဲကျနေသူများအနက် လှုပ်နေသူများကို စစ်သားများက သေနတ်ဒင်ဖြင့် ထုရိုက်ကြောင်း၊ အနီးဝန်းကျင်ရှိ တိုက်ခန်းများကိုလည်း သေနတ်များဖြင့် ထိုးချိန်ကာ ဆဲဆိုခဲ့ကြောင်း၊ သေဆုံးသူများကိုလည်း သူတို့ (စစ်တပ်) ခွင့်ပြုထားသည့် လူနာတင်ကားဖြင့်သာ သယ်ဆောင်ခွင့်ပြုကြောင်းနှင့် လမ်းပေါ်ရှိ သွေးကွက်များကို သူတို့ကိုယ်တိုင်ဆေးကျောသွားသည်ဟု ပန်းပင်ကြီးလမ်းတွင် နေထိုင်သူတစ်ဦးက Myanmar Now ကို ဆက်သွယ်ပြောကြားသည်။

ကားဖြင့်တိုက်ခံရသဖြင့် လမ်းပေါ်တွင် လဲကျနေသူ ခြောက်ဦးခန့်ရှိကာ အချို့မှာ မလှုပ်မယှက်ဖြစ်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ပြောက်ကျားစနစ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်တပ်က ကားဖြင့်တိုက်ဖြိုခွင်းမှုအတွင်း သေဆုံးသူနှင့် ဖမ်းဆီးခံရသူအရေအတွက်ကိုမူ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်တပ်က အာဏာသိမ်းပြီး ၁၀ လကျော်သည်အထိ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားစနစ်ဖြင့် ဆန္ဒပြမှုများ နေ့စဉ်နီးပါး ရှိနေဆဲဖြစ်သည်။


Original Post: Myanmar Now