သီလရှင်ကနေ လက်နက်ကိုင် တော်လှန်ရေးသမားဖြစ်လာတဲ့ ဒေါ်ဝရဉာဏီ

November 25th, 2021  •  Author:   Daw Wara Nya Ni (aka) Nan Wint Wah  •  1 minute read
Featured image

မယ်သီလရှင် ဆရာလေး ဒေါ်ဝရဉာဏီ ကနေ တော်လှန်ရေးသမားဖြစ်လာတဲ့ မနန်းဝင့်ဝါ ကို တွေ့ရစဉ်

By RFA

အသက် ၃၀ ကျော်အရွယ် ရှမ်း-ကရင်စပ် မနန်းဝင့်ဝါဟာ စစ်တပ်အာဏာမသိမ်းခင်က ဆရာလေး ဒေါ်ဝရဉာဏီ ဆိုတဲ့ဘွဲ့အမည်နဲ့ သီလရှင်ဘဝနဲ့ တရားဆောက်တည်နေခဲ့သူပါ။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ PDF တွေကို ထောက်ပံ့လို့ဆိုပြီး စစ်ကောင်စီ တပ်သားတွေက သူ့ကို ရိုက်နှက်ဖမ်းဆီးဖို့ကြိုးစားခဲ့တယ်လို့ မနန်းဝင့်ဝါက ပြောပြပါတယ်။

“သူတို့က ရင်သားတွေ ရင်ဘတ်တွေကို ကြမ်းကြမ်းတမ်းတမ်းတွေ ကိုင်တွယ်တဲ့အခါကျတော့ ဒီကိုက် ပြဲသွားတယ်။ အထဲက အခံအင်္ကျီနှိပ်သီးက ပြဲထွက်သွားတယ်။ ဒါကြီးက ဘတ်လပ်ကြီး ဆိုတော့ ရင်သားတွေ ပေါ်သွားတာပေါ့။ အပေါ်က ကိုယ်ရုံကို စည်းပြီးပြေးရတာပေါ့။ ဒါက နမူနာပြတာ။ သင်္ကန်းဆွဲလိုက်လို့ ပြဲသွားတဲ့ တစ်စိတ်တစ်ပိုင်းကို နမူနာပြတာ“

ဆရာလေး ဒေါ်ဝရဉာဏီကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က တစ်ပါးထိုင်သီလရှင်ကျောင်းမှာ ရှိနေတုန်း ပြီးခဲ့တဲ့ ဇူလိုင်လမှာ စစ်ကောင်စီတပ်သား ငါးယောက်နဲ့ အရပ်ဝတ်တစ်ယောက်က ဖမ်းဖို့ကြိုးစားခဲ့တာပါ။ သူ့ကို PDF ကိုထောက်ပံ့တဲ့ သီလရှင်အတုလို့ဆိုပြီး ကျောင်းပေါ်ကနေ ဆွဲချပြီးတဲ့နောက် မြေကြီးပေါ်မှာ မှောက်ခိုင်းထားခဲ့တာပါ။

“သေနတ်ဒင်တွေနဲ့ ကျောကုန်းတွေထုတယ်။ ရင်ဘတ်တွေ ရိုက်တယ်။ ခေါင်းတွေ ရိုက်တယ်”

အဲဒီအချိန် ခေါင်းတစ်ချက်မော့ကြည့်လိုက်မိတဲ့အခါ ရိုက်နှက်ခံရတဲ့ပုံစံတွေကိုလည်း မနန်းဝင့်ဝါက ပြောပြပါတယ်။

“ခြေထောက်နဲ့ကန်တယ် ခေါင်းကို၊ ခေါင်းပြန်ထောင်လို့ဆိုပြီးတော့ ခြေထောက်နဲ့ဆောင့်ချပြီး ကန်လိုက် တဲ့ အချိန်မှာ မျက်နှာတွေ ထိသွားတယ်။ နောက်ပြီး သေနတ်ဒင်တွေနဲ့ ကျောကုန်းတွေထုတယ်။ ရင်ဘတ် တွေ ရိုက်တယ်။ ခေါင်းတွေ ရိုက်တယ်”

လာဖမ်းတဲ့ စစ်သားတွေက သီလရှင်ကျောင်းထဲမှာ စုဆောင်းထားတဲ့အလှူငွေ သိန်း ၂၀ နဲ့ ဆေးဝါးတွေကို အာရုံစိုက်နေချိန်မှာ၊ အနားမှာစောင့်နေတဲ့ စစ်သားကို တွန်းလှဲပြီး ထွက်ပြေးခဲ့တယ်လို့ ပြောပါတယ်။

“ကိုယ်က ဒီနေ့ ကြားထားတယ်။ နောက်နေ့ အလောင်းလာထုတ်ဆိုတာတွေ ကြားထားတော့ အသေတော့ မခံနိုင်ဘူး။ အသေမခံနိုင်တော့ ပြေးမယ်ပေါ့။ သူတို့ဟိုဘက်မှာ သည်းကြီးမည်းကြီး ရှာနေတုန်း ဘေးက စစ်သားကို တွန်းချပြီးတော့ ထွက်ပြေးရတာ။ ကျောင်းဘေးမှာ လျိုရှိတယ်။ အဲဒီကနေ တက်သွားရင် လမ်းမရောက်တယ်။ အဲဒီကနေ တောက်လျှောက်ပြေးတာ လုံးဝလှည့်မကြည့်တော့ဘူး“

ရင်သားတွေကို ကြမ်းကြမ်းတမ်းတမ်း ဆွဲကိုင်ခံခဲ့ရတာ၊ သေနတ်ဒင်နဲ့ ထုခံရတာတွေကြောင့် ရင်ဘတ်၊ ကျောနဲ့လက်ပြင်တွေမှာ အညိုအမည်းစွဲတဲ့ ဒဏ်ရာတွေ၊ နှုတ်ခမ်းပေါက်သွားတဲ့ ဒဏ်ရာတွေကို ရန်ကုန်မှာ အချိန်နှစ်လလောက်ကြာအောင် ဆေးကုခဲ့ရပါတယ်။

မနန်းဝင့်ဝါဟာ မိဘမဲ့ကလေးဘဝနဲ့ ကြီးပြင်းခဲ့ရပေမယ့် ဥပဒေဘွဲ့ရတဲ့အထိ ပညာသင်ခဲ့ပါတယ်။ သာသနာ့ ဘောင် မဝင်ခင်က စင်ကာပူနိုင်ငံမှာ အလုပ်သွားလုပ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ သီလရှင်ခဏဝတ် မယ်ဆိုပြီး ဝတ်ခဲ့ပေမယ့် စိတ်အေးချမ်းတာကြောင့် လူမထွက်ဖြစ်တော့ဘဲ သာသနာ့ဘောင်မှာပဲ ဆက်နေဖြစ် တော့တာလို့ ပြောပြပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေဆန္ဒပြတာကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲတာတွေလည်း သူကြားသိခဲ့ရပါတယ်။ ပြီးခဲ့တဲ့ မတ်လက ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ်မှာ ဆန္ဒပြသူတွေ အကြမ်း ဖက်ဖြိုခွဲခံရတာ၊ ပရဟိတလူငယ်တွေ ရိုက်နှက်ခံရတာတွေကို မြင်ခဲ့ရပြီး စိတ်မကောင်း ဖြစ်ခဲ့ပါတယ်။

အဲဒီအပြင် ကိုဗစ်တတိယလှိုင်း မြင့်တက်ချိန်မှာ အောက်ဆီဂျင်ပြတ်လို့ ဒကာ၊ ဒကာမတွေ သေဆုံးလာတဲ့ အတွက် အောက်ဆီဂျင်အိုးရဖို့ တန်းစီပေးတာတွေလည်း သူက လုပ်ပေးခဲ့ပါတယ်။ အောက်ဆီဂျင်တန်းစီ နေရင်း စစ်ကောင်စီတပ်တွေရဲ့ နိုင်ထက်စီးနင်းလုပ်တာကိုလည်း ခံခဲ့ရတဲ့အတွက် တော်လှန်ချင်စိတ်တွေ အစပျိုးလာခဲ့တယ်လို့ သူက ပြောပါတယ်။

“မြောင်းတကာ သံမဏိစက်ရုံမှာ ဆရာလေး တန်းစီတဲ့အချိန်တုန်းက မိုးကြီးလေကြီးထဲမှာ တန်းစီရတယ်။ ဒါပေမဲ့ ကိုယ်တွေက ချက်ချင်းမရဘူး။ ချက်ချင်းမရတဲ့အပြင် သူတို့တွေက စစ်ကားတွေနဲ့ လာပြီးတော့ နှစ်စီး၊ သုံးစီးလောက်က အပြည့်တင်သွားပြီးတော့ တန်းမစီဘူး။ သေနတ်ကြီးတွေနဲ့လာပြီးတော့ လုပ် သွားတယ်။ ကိုယ်တွေကိုတော့ နောက်ဆုတ်ခိုင်းတယ်။ ဒါတွေက ရင်ထဲမှာ မခံနိုင်တော့ ဒီလိုတောင်မှ လုပ်ရက်လားပေါ့“

ဒီလိုမျိုး စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို တွေ့မြင်ကြားသိခဲ့ရသလို ကိုယ်တိုင်လည်း အကြမ်းဖက် ဖမ်းဆီးခံ ရပြီး ထွက်ပြေးလွတ်မြောက်လာတဲ့အခါ ဒေါ်ဝရဉာဏီ တစ်ဖြစ်လဲ မနန်းဝင့်ဝါဟာ အာဏာရှင်ကို မဖြစ်မနေ တော်လှန်မှရတော့မယ်ဆိုတဲ့စိတ်နဲ့ သီလရှင်အဝတ်နဲ့ တောထဲကိုရောက်သွားပြီးမှ လူထွက်ဖြစ်ခဲ့တာပါ။

အရင်က သီလရှင်ဝတ်ချိန်မှာ စိတ်အေးချမ်းခဲ့ရသလောက် လူထွက်လိုက်ချိန်မှာတော့ ဝမ်းနည်းစိတ်နဲ့ ဆရာလေး ဒေါ်ဝရဉာဏီ မျက်ရည်ကျခဲ့ပါတယ်။

(မနန်းဝင့်ဝါ ကို ဒေါ်ဝရဉာဏီ ဘွဲ့အမည်နဲ့ သီလရှင်ဘဝက တွေ့ရစဉ်) Photo: CJ

စစ်အာဏာရှင်ကို တော်လှန်ဖို့ လူထွက်ပြီးနောက်ပိုင်း သူလေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ လက်မှတ်ကို ရင်ဘတ်မှာတက်တူးထိုးခဲ့ပြီး မိန်းကလေးတွေလည်း ကိုယ့်ကိုယ်ပိုင်အခွင့်အရေးအရ တက်တူးထိုးခွင့်ရှိတယ်ဆိုတဲ့ အယူအဆကို အကောင်ထည်ဖော်ခဲ့ပါတယ်။

တက်တူးထိုးထားတဲ့ မိန်းကလေးတိုင်းဟာ အကျင့်စာရိတ္တ ဖောက်ပြားသူ မဟုတ်ဘူးလို့ ဒေါ်ဝရဉာဏီ တစ်ဖြစ်လဲ မနန်းဝင့်ဝါ က ပြောပါတယ်။

“တက်တူးနဲ့ ကိုယ်ကျင့်တရားက ဘာမှမဆိုင်ဘူး။ တက်တူးမရှိဘဲနဲ့လည်း ကိုယ်ကျင့်တရား ချို့ယွင်းနေ တာတွေ ကြည့်ပါလား။ မအလ ဆိုရင် သူ့မှာတက်တူးရှိချင်မှရှိမှာ ကိုယ်ကျင့်တရားကတော့ စုတ်ပြတ် သတ်နေတာ။ တကိုယ်လုံး တက်တူးပရပွနဲ့လူကလည်း ပရဟိတလုပ်ပြီး စိတ်ကောင်းနှလုံးကောင်းနဲ့ ကိုယ်ကျင့်တရား ကောင်းနေတာတွေ အများကြီးပါပဲ“

ဆရာလေး ဒေါ်ဝရဉာဏီ တစ်ဖြစ်လဲ မနန်းဝင့်ဝါ လက်ရှိနေတဲ့ စစ်သင်တန်းနေရာလေးမှာ ရိက္ခာအတွက် အသီးအရွက်တွေကို ကိုယ်တိုင်စိုက်ပျိုး စားသောက်ကြရပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို အကူအညီတောင်းထားပေမယ့်လည်း မရသေးပါဘူးလို့ ဆိုပါတယ်။

ပြည်သူတွေကလည်း တော်လှန်ရေးမှာ ပါဝင်တဲ့အနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်တာ၊ တော်လှန်ရေး လုပ်နေတဲ့ လူငယ်တွေကို ထောက်ပံ့တာ၊ စောင့်ရှောက်တာတွေအပြင် တော်လှန်ရေးအတွက် အထောက် အပံ့ဖြစ်စေမယ့် ဆောင်ရွက်ချက်တွေကို နိုင်တဲ့နေရာကနေ ကူညီဝိုင်းဝန်းပေးကြဖို့ ဆရာလေး ဒေါ်ဝရဉာဏီ တစ်ဖြစ်လဲ မနန်းဝင့်ဝါက မေတ္တာရပ်ခံပါတယ်။


Original Post: RFA