မိုးကုတ် လူငယ်တစ်ဦး ကျည်ထိသေဆုံး၊ စစ်တပ်က အလောင်းယူသွား

November 19th, 2021  •  Author:   Mg Wai Yan Aung (aka) Thar Htet (Mogok Township)  •  1 minute read
Featured image

ဝဲရင်အုံ ကျည်ထိမှန်ကာ သေဆုံးခဲ့သည့် အသက် ၁၉ နှစ် အရွယ် မောင်ဝေယံအောင်(ခ)သားထက် ။ (ဓာတ်ပုံ-ပေးပို့) 

မိုးကုတ် EPC ရုံးတွင် ဗုံးပစ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က အရပ်သားလူငယ်တစ်ဦးကို ပစ်ခတ်ပြီး ရုပ်အလောင်း ယူဆောင်သွားရာ မိသားစုက သင်္ဂြိုဟ်ခွင့် မရခဲ့ကြောင်း သိရသည်

By Myanmar Now

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ယမန်နေ့ (နိုဝင်ဘာ ၁၉) ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ်က လူငယ်တစ်ဦးကို ပစ်သတ်ပြီး ရုပ်အလောင်း ယူဆောင်သွားသည်ဟု မိုးကုတ်မြို့ ဒေသခံများနှင့် PDF များက ပြောသည်။

မင်းတံတားရပ်ကွက်မှ စစ်သားများတပ်စွဲထားသော လျှပ်စစ်ရုံးကို ဒေသခံ PDF အဖွဲ့က ဗုံးဖြင့် သွားရောက်တိုက်ခိုက်စဥ် စစ်ကောင်စီတပ်က   ပြန်လည်ပစ်ခတ်ရာ အသက် ၁၉ နှစ် အရွယ် မောင်ဝေယံအောင်(ခ)သားထက် သေဆုံးခြင်း ဖြစ်သည်။

စည်ပင်သာယာရပ်ကွက်၊ ဆင်တောင်ကျောင်းဘုရားကုန်းပေါ်၌ ကလေးများနှင့်အတူ ရှိနေသည့် မောင်ဝေယံအောင်မှာ ပစ်ခတ်သံများ ကြားသောကြောင့် နေအိမ်သို့ ပြန်ပြေးစဉ် ရင်ဘတ် ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးအခြေအနေအရ အမည်ထုတ်မပြောလိုသည့် မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။

“သူက (ကလေးတွေနဲ့)ဆော့နေတာ။ သေနတ်ပစ်သံတွေလည်းကြားရော ထွက်ပြေးတာမှာ တောင်ကုန်းပေါ်ကနေ စစ်သားက စနိုက်ပါနဲ့ ပစ်ထည့်လိုက်တာ။ (ဝဲ)ရင်အုံအတွင်းက နံရိုးထိသွားတာ။ ဖြစ်ဖြစ်ချင်း စကားမပြောတော့ဘူး ။ မေ့မြောသွားတာပေါ့။ ”ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

“အဲ့ဒါနဲ့ ဆေးရုံပို့တဲ့အချိန် လမ်းမှာပဲဆုံးသွားတာ။ ညပိုင်းကျတော့ ဆေးရုံကို စစ်တပ်က အလောင်းလာယူသွားတယ်။ မိသားစုက အလောင်းတောင် သင်္ဂြိုဟ်ခွင့် မရပါဘူး”

မိုးကုတ်မြို့အခြေစိုက် ပတ္တမြားမြေ PDF အဖွဲ့က မြို့ပေါ်ရှိ စစ်ကောင်စီကင်းစခန်းများကို ယမန်နေ့ ညနေမှ စတင်၍ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများနိုင်ကြောင်း၊ စစ်ကောင်စီဘက်မှ သေနတ်အချက်ရေ ရာနှင့်ချီ ကာ ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သားလူငယ်တစ်ဦး သေဆုံးကြောင်း ယနေ့ နံနက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို PDF အဖွဲ့က ယမန်နေ့တစ်ညနေအတွင်းမှာပင် မိုးကုတ်မြို့ရှိ ငါးရံ့အင်း ရှေ့တန်းစခန်း၊ မိုးကုတ်မြို့မရဲကင်း အပါအဝင် တောင်ကချင်ရပ်ကွက်မှ  မိုးကုတ်အချုပ်ထောင်၊ မင်းတံတားရပ်ကွက်မှ EPC ရုံး၊ ကျောက်ဖားရပ်အနီးရှိ ရဲကင်းစခန်းတို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မင်းတံတားရပ်ကွက် EPC ရုံးအတွင်း တပ်စွဲထားတဲ့ဆီ တိုက်ခိုက်တာမှာ သူတို့ဘက်က ၄ ယောက်လောက် ထိတယ်။ ငါးရံ့အင်းစခန်းမှာလည်း အထိအခိုက်အတော်များနိုင်တယ်။ သူတို့ ရမ်းသမ်းပစ်လို့ အရပ်သားလူငယ်တစ်ဦး သေသွားတယ်။ ကျွန်တော်တို့ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ပတ္တမြားမြေ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်စွဲထားသည့် EPC ရုံးဘေး ကုန်းမြင့်တစ်ခုတွင် နေရာယူထားသည့် လက်ဖြောင့်တပ်သားက  ၎င်းကုန်းနှင့်မျက်နှာချင်းဆိုင် ဆင်တောင်ဘုရားကုန်းပေါ်ရှိ လူငယ်ကို ပစ်သတ်ခဲ့ဖြင်းဖြစ်သည်ဟု ထိုအဖွဲ့၏ ယနေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယနေ့မနက်တွင် မိုးကုတ်မြို့ရှိ ‌ဈေးဆိုင်များအားလုံးနီးပါး ပိတ်ထားပြီး လမ်းများပေါ်တွင်လည်း လမ်းသွားလမ်းလာ များ ရှင်းလင်းနေကြောင်း၊ စစ်ကောင်စီတပ်က  မြို့အဝင်အထွက်နေရာနှင့် အခြားနေရာတော်တော်များကို လုံခြုံရေးတင်းကြပ်၍ လှည့်ကင်းများလှည့်လည်နေကြောင်း မိုးကုတ်ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ကလည်း  ပိတ်စွယ်ရပ်ကွက်၊ ငါးရံ့အင်းရှိ စစ်ကောင်စီတပ်များ ညအိပ် စခန်းချသည့်နေရာကို PDF အဖွဲ့က ဗုံးခွဲတိုက်ခိုက်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ၅ ဦး သေဆုံးကြောင်း၊ နောက်တနေ့တွင် မိုးကုတ်မြို့ နန်းနွဲ့ရွာအနီး၌ စစ်ယာဉ်တန်းအား လက်လုပ်မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်စဥ် အပြန်အလှန်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးကြောင်း ထိုအဖွဲ့က ဆိုသည်။

မိုးကုတ်အခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။


Original Post: Myanmar