ဟုမ္မလင်းမြို့က ဆရာမဘာကြောင့် အသတ်ခံရသလဲ

October 28th, 2021  •  Author:   Daw May Hnin Aye (Homalin Township)  •  1 minute read
Featured image

သေနတ်နဲ့ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ခံရသူဆရာမဒေါ်မေနှင်းအေး  

ဟုမ္မလင်းမြို့က အလယ်တန်းပြကျောင်းဆရာမ ဒေါ်မေနှင်းအေးဟာ အောက်တိုဘာလ ၂၄ ရက်နေ့မှာ လက်နက်ကိုင် လူတစုရဲ့ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားတာကို ခံခဲ့ရပါတယ်။

By BBC

“ညနေ ၆ နာရီခွဲလောက်မှာ မရီးက ကျွန်တော့်အခန်းဘေးက ဝရန်တာမှာထိုင်နေတာပေါ့။ အဲဒီမှာ အိမ်စီးကားနဲ့ ခြံရှေ့ရောက်လာပြီး ခြံထဲကို လူ ၃ ယောက် ဝင်ပြီးတော့မှ သေနတ်နဲ့အချက်ပေါင်းများစွာပစ်တယ်။ အိမ်ထဲရှိတဲ့လူတွေကိုလည်း လှမ်းပစ်တယ်။ အဲဒီမှာ ကျွန်တော့်မရီးက လက်ရယ်၊ ပေါင်ရယ်၊ ရင်ဘတ်ရယ်မှန်ပြီး သေဆုံးသွားတာပေါ့လေ။”

အဲဒီညနေက ဒေါ်မေနှင်းအေးကို ဘယ်လိုဝင်ရောက်သတ်ဖြတ်သွားတယ်ဆိုတာ မတ်ဖြစ်သူ ကိုကျော်ဝင်းစိန်က ဘီဘီစီကို ပြန်ပြောပြသွားတာဖြစ်ပါတယ်။ ဒေါ်မေနှင်းအေးဟာ ဟုမ္မလင်းမြို့နယ် ပါဟုတ်ကြီးကျေးရွာအလယ်တန်းကျောင်းမှာ တာဝန်ကျတဲ့ အလယ်တန်းပြဆရာမ ဖြစ်ပါတယ်။ သူဟာ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူ တယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာတော့ CDM လို့ခေါ်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် ကျောင်းထုတ်ခံထားရပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်

ဆရာမဒေါ်မေနှင်းအေးရဲ့အိမ်ဟာ ဟုမ္မလင်းမြို့မြောက်ပိုင်း နောင်ပကျစ်တောင်ပေါ်ရပ်ကွက်မှာရှိပါတယ်။ အောက်တိုဘာလ ၂၄ ရက်နေ့က ဟုမ္မလင်းမြို့မြောက်ပိုင်း လျှပ်စစ်ရုံးအနီးမှာရှိတဲ့သူ့အိမ်ရဲ့ နေအိမ်ရှေ့ မြေညီထပ် ဝရန်တာမှာထိုင်ပါတယ်။ ညနေ ၆ နာရီခွဲအချိန်လောက်မှာ အိမ်စီးကား အဖြူတစီး အိမ်ရှေ့ကို ရောက်လာပါတယ်။ ကားပေါ်က လူ ၃ ယောက်ဟာ အိမ်တံခါးကို ခြေနဲ့ကန်ဖွင့်ဝင်ပြီး ဒေါ်မေနှင်းအေးကို သေနတ်နဲ့ပစ်ခတ်ကြပါတယ်။ ဒေါ်မေနှင်းအေးရဲ့ယောက်မဟာလည်း အိမ့်အပြင်ခြံဝန်းထဲမှာရှိပေမဲ့ အိမ်ထဲကိုဝင်ရောက်ပြေးဝင်သွားတဲ့အတွက် အသက်ဘေးက လွတ်မြောက်သွားခဲ့တယ်လို့ ကိုကျော်ဝင်းစိန်က ဘီဘီစီကို ပြောပြပါတယ်။ သေနတ်သမား ၃ ယောက်ဟာ အိမ်ထဲဝင်ပြေးတဲ့သူကိုရော၊ အိမ်ထဲဘက်ကိုပါ သေနတ်နဲ့ဝှေ့ယမ်းပစ်ခတ်ပြီးနောက် စီးလာတဲ့ကားနဲ့ပဲ ပြန်ထွက်ခွာသွားကြတယ်လို့ဆိုပါတယ်။

ဒေါ်မေနှင်းအေးဟာ လက်၊ ရင်ဘတ်နဲ့ ပေါင်တို့မှာ သေနတ်ဒဏ်ရာရပြီး ဆေးရုံမရောက်ခင်ကွယ်လွန်သွားခဲ့တယ်လို့ မတ်ဖြစ်တဲ့ ကိုကျော်ဝင်းစိန်က ဘီဘီစီကိုပြောပါတယ်။

မိသားစုအပေါ်ရန်ငြိုးထားကလဲ့စားချေတယ်လို့ဆို

ဒေါ်မေနှင်းအေးမှာ ပုဂ္ဂိုလ်ရေး ရန်ငြိုးရန်စမရှိသလို နိုင်ငံရေးအရလည်း အာဃာတထားလောက်စရာ တက်ကြွလှုပ်ရှားမှုမျိုးမရှိတာကြောင့် အခုလုပ်ကြံသတ်ဖြတ်မှုဟာ ဒေါ်မေနှင်းအေးကို အဓိကပစ်မှတ်ထားတာမဟုတ်ဘဲ သူ့ရဲ့မတ် ကိုကျော်ဝင်းစိန်ကို ကလဲ့စားချေလိုတဲ့အတွက် သူ့မိသားစုနေထိုင်ရာအိမ်ကို ဝင်ရောက်ပစ်ခတ်တာဖြစ်ပုံရတယ်လို့ မြို့ခံတဦးဖြစ်သူ ဒေါ်မြင့်မြင့် (အမည်လွှဲ) ကပြောဆိုပါတယ်။

ဟုမ္မလင်းမြို့ဟာ ပျူစောထီးအဖွဲ့လှုပ်ရှားမှုရှိတဲ့မြို့ဖြစ်ပါတယ်။ ပျူစောထီးအဖွဲ့ဟာ မြန်မာနိုင်ငံအနှံ့အပြားက မြို့နယ်တွေ တော်တော်များများမှာ ခြိမ်းခြောက်စာတွေ ထုတ်ပြန်လေ့ရှိပါတယ်။ ဟုမ္မလင်းမြို့ရဲ့ပျူစောထီးအဖွဲ့ထုတ်ပြန်တဲ့ ခြိမ်းခြောက်စာတွေထဲမှာ ကိုကျော်ဝင်းစိန်ရဲ့နာမည်ကို ထည့်သွင်းဖော်ပြ ခြိမ်းခြောက်ခံရတာဟာ ၃ ကြိမ်ထက်မနည်းရှိပါတယ်။ ပျူစောထီးအဖွဲ့ကို ထောက်ခံရေးသားလေ့ရှိတဲ့ ဟုမ္မလင်း တန်ပြန်အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့နဲ့ ဟုမ္မလင်းလင်းယုန် ဆိုတဲ့ facebook စာမျက်နှာတွေမှာလည်း ကိုကျော်ဝင်းစိန်ကို နာမည်နဲ့ဓာတ်ပုံကိုပါဖော်ပြပြီး စွပ်စွဲပြောဆိုတာတွေ ရှိပါတယ်။ သူတို့တင်ထားတဲ့ပို့စ်တခုမှာ ကိုကျော်ဝင်းစိန်၊ မူဆယ်ရှမ်းခေါက်ဆွဲဆိုင်ပိုင်ရှင်ရဲ့သားနှစ်ဦးဖြစ်တဲ့ ကိုထွန်းထွန်းနိုင်နဲ့ ကိုစိုင်ဖအပြင် နောက်ထပ်တဦးဟာ မိုင်တဲတာဝါတိုင်တွေကို မီးရှို့သူတွေဆိုပြီး စွပ်စွဲရေးသားထားပါတယ်။

ကိုကျော်ဝင်းစိန်ကတော့ မိုင်တဲတာဝါတိုင်မီးရှို့မှုဟာ သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ငြင်းပါတယ်။ အဲဒီပို့စ်ထဲမှာ ကိုထွန်းထွန်းနိုင်နဲ့ကိုစိုင်ဖတို့ရဲ့မိဘတွေဟာ ရွာတရွာမှာပုန်းအောင်းနေတယ်လို့ ဖော်ပြထားပြီး မိဘတွေကို သတ်ဖြတ်ဖို့လည်း နှိုးဆော်ထားပါတယ်။ ကိုထွန်းထွန်းနိုင်၊ ကိုစိုင်ဖတို့ရဲ့မိဘများပိုင်ဆိုင်တဲ့ မူဆယ်ရှမ်းခေါက်ဆွဲဆိုင်ကို အမည်မသိသူတချို့က မီးရှို့ဖို့ကြိုးစားခဲ့တဲ့အတွက် ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။ ကိုကျော်ဝင်းစိန်ရဲ့မိဘများဖြစ်ကြတဲ့ ဦးသောင်းထိုက်၊ ဒေါ်လှလှမိုးတို့ပိုင်ဆိုင်တဲ့ စျေးထဲက ဇော်နာရီပြင်ဆိုင်ကိုလည်း မီးရှို့ခဲ့ကြပေမဲ့ အချိန်မီငြှိမ်းသတ်နိုင်ခဲ့ကြတဲ့အတွက် စျေးတခုလုံးမီးလောင်မဲ့ဘေးကနေ လွတ်ခဲ့ကြပါတယ်။

ဦးသောင်းထိုက်၊ ဒေါ်လှလှမိုးတို့က ကိုကျော်ဝင်းစိန်ကို ဒီနှစ်သြဂုတ်လ ၁၅ ရက်ကတည်းက အမွေပြတ်စွန့်လွှတ်ကြောင်း စစ်ကောင်စီထုတ်သတင်းစာတွေထဲမှာ ကြေညာထားပါတယ်။ ဒါပေမဲ့ပျူစောထီးတွေဟာ အဲဒီကြေညာချက်ကို အမှုမထားဘဲ သက်ဆိုင်ရာ မိသားစုကို လာရောက်တိုက်ခိုက်သတ်ဖြတ်တာဖြစ်ပုံရတယ်လို့ မြို့ခံတဦးဖြစ်တဲ့ ဒေါ်မြင့်မြင့် (အမည်လွှဲ) ကပြောဆိုပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့မှာသင်္ဂြိုဟ်ခဲ့  

ဖမ်းဆီး၊ တိုက်ခိုက်၊ သတ်ဖြတ်မှုများ

စက်တင်ဘာလ ၂၈ ရက်နေ့က ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ သတင်းပေးချက်အရ ပီဒီအက်အဖွဲ့ကို စီးနင်းတိုက်ခိုက်ဖို့ရောက်လာတယ်လို့ နောင်ပိုအောင် အနီးအနားက ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

နောင်ပိုအောင်ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေစီးနင်းပြီး ပန်းပဲဖိုမှာတွေ့ရတဲ့ ကိုဖြိုးသက်တင်၊ ကိုစွမ်းထက်တို့အပြင် ကက်ပိုရွာက ရှမ်းနီအဆိုတော် စိုင်းဝေယံအောင် စုစုပေါင်း ၃ ယောက်ကိုဖမ်းဆီးသွားတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီက ပန်းပဲဖိုထဲကနေ လက်နက်တွေ ဖမ်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒေသခံကတော့ အဲဒီလက်နက်တွေဟာ ပန်းပဲဖိုက လက်နက်မဟုတ်ဘဲ ဖမ်းဆီးသူတွေက ယူဆောင်လာပြီး ဓာတ်ပုံရိုက်သွားတာလို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့မှာတော့ အဲဒီနောင်ပိုအောင်ကျေးရွာက မျိုးကြီးဆိုင်ကယ်ဝပ်ရှော့လုပ်ငန်းပိုင်ရှင် မျိုးကြီးဆိုသူဟာ ဒလန်လို့ စွပ်စွဲပြီး အသတ်ခံခဲ့ရပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့မှာ နောင်တောကျေးရွာက အမျိုးသမီးတယောက် သူ့အိမ်မှာနေထိုင်စဉ် အမည်မသိအမျိုးသားတယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး ပစ္စတိုသေနတ်နဲ့ ၃ ချက်ပစ်ခတ်သတ်ဖြတ်သွားတာခံခဲ့ ရပါတယ်။ အဲဒီအမျိုးသမီးဟာ ဒေသခံ PDF ကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီတဲ့အတွက် ပစ်ခတ်သတ်ဖြတ်ခံရတာလို့ သတင်းမီဒီယာတချို့မှာရေးသားဖော်ပြကြပါတယ်။

နားမှော်နဲ့ သဖန်းကုန်းရပ်ကျေးဥက္ကဋ္ဌတွေကိုလည်း PDF တွေက သတ်ဖြတ်သွားတယ်လို့ ပျူစောထီးအဖွဲ့ရဲ့စာမျက်နှာလို့ ကျော်စောတဲ့ ဟုမ္မလင်း လင်းယုန်ကဆိုပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့မှာ ပျူစောထီးအဖွဲ့ခေါင်းဆောင်တယောက်ဆိုသူ မောင်မော့ဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီလုပ်ကြံသတ်ဖြတ်မှုဟာ ကိုကျော်ဝင်းစိန်နဲ့ ပတ်သက်တယ်လို့ ပျူစောထီးအဖွဲ့က ယူဆပုံရပါတယ်။ ကိုကျော်ဝင်းစိန်ကတော့ သူနဲ့ မပတ်သက်ဘူးလို့ ငြင်းပါတယ်။

“အဲဒီနေ့က ပျူစောထီးခေါင်းဆောင် မောင်မော့ဆိုတဲ့သူ အသတ်ခံရတယ်။ ဘယ်သူတွေသတ်မှန်းတော့ မသိဘူး။ ကျွန်တော်လည်း သတင်းတွေတက်လာမှ သိတာပေါ့လေ။ အဲဒါကို ကျွန်တော်ကပဲ နောက်ကွယ်ကလုပ်တာလို့ သူတို့က ထင်ပုံပေါ်ပါတယ်။ ကျွန်တော်ကမောင်မော့ကို မြင်တောင်မမြင်ဖူးပါဘူးဗျာ။” လို့ ကိုကျော်ဝင်းစိန်က ဘီဘီစီကို ပြောပါတယ်။

ဆရာမဒေါ်မေနှင်းအေး အသတ်ဖြတ်ခံခဲ့ရပြီးနောက် ဟုမ္မလင်းတန်ပြန်အကြမ်းဖက်နှိမ်နင်းရေးနဲ့ ဟုမ္မလင်းလင်းယုန် စာမျက်နှာတွေမှာ “သူတို့ကစလို့သတ်ရင် ကိုယ်ကလည်း ပြန်သတ်ဖို့ လက်ရွံ့နေလို့မရဘူး” လို့ရေးသားပြီး ပို့စ်တခု တင်ခဲ့ပါတယ်။

ဒေါ်မေနှင်းအေး အလုပ်ကြံခံရပြီးနောက် တက်လာတဲ့ လူမှုကွန်ရက်စာသားတခု

ဟုမ္မလင်းတန်ပြန်အကြမ်းဖက်နှိမ်နင်းရေးနဲ့ ဟုမ္မလင်းလင်းယုန် စာမျက်နှာတွေဟာ စစ်ကောင်စီနဲ့ ပျူစောထီးကို ထောက်ခံတဲ့ အရေးအသားတွေ ပုံမှန်ရေးသားလေ့ရှိပြီး ကိုကျော်ဝင်းစိန်ကိုလည်း ပျူစောထီးထုတ်ပြန်ချက်တွေမှာ သတ်ဖြတ်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ဖူးတဲ့အတွက် အခုဒေါ်မေနှင်းအေးကို သတ်ဖြတ်မှုဟာ ပျူစောထီးက ကလဲ့စားချေတဲ့သဘောနဲ့ လုပ်ဆောင်တာလို့ ယူဆကြောင်း ကိုကျော်ဝင်းစိန်က ဘီဘီစီကို ပြောပါတယ်။

ဒေါ်မေနှင်းအေးကို သတ်ဖြတ်သူတွေထဲမှာ လူဝဝ၊ ဆံပင်ရှည်ကိုနောက်မှာစည်းထားသူ လူသိများပျူစောထီး တယောက်လည်း ပါဝင်တယ်လို့ မြင်လိုက်သူတွေရှိသလို မဘသနဲ့ဆက်နွှယ်တဲ့သံဃာတပါးလည်း နောက်ကွယ်မှာ ပါဝင်တယ်လို့ကြားသိရကြောင်း မြို့ခံတဦးဖြစ်တဲ့ ဒေါ်မြင့်မြင့် (အမည်လွှဲ) က ပြောဆိုပါတယ်။

ကိုကျော်ဝင်းစိန်ဟာ ဗကသရဲ့မူ ၅ ချက်ကိုထောက်ခံစွဲကိုင်တဲ့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မတကသ မှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ဖူးပြီး ဟုမ္မလင်းမြို့မှာ ပြုလုပ်တဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်သပိတ်တွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ သပိတ်ခေါင်းဆောင်တွေထဲကတဦးလို့ယူဆပြီး ဝရမ်းထုတ်ထားတယ်လို့ ကိုကျော်ဝင်းစိန်က ဆိုပါတယ်။

ဟုမ္မလင်းမြို့ဆန္ဒပြပွဲတွေမှာ သေနတ်နဲ့ခြောက်လှန့်ပစ်ခတ်လူစုခွဲတာတွေရှိခဲ့ပေမဲ့ လူသေဆုံးမှုတော့ မရှိခဲ့ဖူးပါဘူး။

ဟုမ္မလင်းမြို့ပေါ်မှာ ရှမ်းနီလူမျိုးတွေအများဆုံးနေထိုင်ကြပြီး ဒုတိယအများဆုံးနေထိုင်တာက နာဂ၊ တတိယအများဆုံးနေထိုင်တာက ချင်းလူမျိုးတွေ ဖြစ်ကြပါတယ်။ မြန်မာလူမျိုးနဲ့ ကချင်လူမျိုးတွေလည်း နေထိုင်ကြပါတယ်။ ဟုမ္မလင်းနယ်ထဲမှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်လေ့ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တစ်နိုင်ငံလုံးခုခံစစ် ကြေညာစဉ်တုန်းကတော့ KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ဒေသအခေါ် ကျားနီ၊ ကျားဖြူပါတီတွေ အဓိက အားပြိုင်ခဲ့ကြပါတယ်။ ကျားဖြူဆိုတာက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဖြစ်ပြီး ကျားနီပါတီဆိုတာက တိုင်းလိုင် ရှမ်းနီ အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစု အနိုင်ရခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့နောက်မှာတော့ တနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့နည်းတူ ဟုမ္မလင်းမြို့မှာလည်း ပဋိပက္ခအသွင်မျိုးစုံဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။


Original Post: BBC