လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ၊ နိုင်ငံတကာရေးရာကျွမ်းကျင်သူနှင့် Progressive Voice တည်ထောင်သူ ဒေါ်ခင်ဥမ္မာနှင့် ဆက်သွယ်မေးမြန်းချက် 

October 17th, 2021  •  Author:   Khit Thit Media  •  1 minute read
Featured image

အာဆီယံအဖွဲ့ကြီးအနေဖြင့် မြန်မာစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိကျင်းပမည့် ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့တွင် တရား ဝင်ကြေညာလိုက်ရာ ယင်းကြေညာချက်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အခြေအနေများနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က လူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူ၊ နိုင်ငံ တကာရေးရာကျွမ်းကျင်သူနှင့် Progressive Voice တည်ထောင်သူ ဒေါ်ခင်ဥမ္မာကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အာဆီယံက မင်းအောင်လှိုင်ကို ထပ်သီးအစည်းအဝေးမှာ ကန့်သတ်ထားလိုက်တာက နိုင်ငံ ရေးအရ ဘယ်လောက်အတိုင်းအတာအထိ သက် ရောက် မှုရှိလဲ။

ဖြေ။ ။ အာဆီယံက မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးမှာ ပေးမတက်ဖို့ ဆုံးဖြတ်လိုက်တာဟာ နွေဦးတော်လှန်ရေးအတွက် မြန်မာပြည်သူတွေအားလုံးအတွက် ပြီးတော့ ဒီတော်လှန်ရေးအင် အားစုတွေ အားလုံးအတွက် NUG အတွက်ရယ် နိုင်ငံရေး အကျိုးအမြတ်၊ အကျိုးကျေးဇူး အများကြီးရှိပါတယ်။

နိုင်ငံရေးသက်ရောက်မှု အတိုင်းအတာ ကြီးပါတယ်။ ဒီဆုံးဖြတ်ချက်ကလေ၊ ဘာ့ကြောင့်လဲဆိုတော့ အာဆီယံဟာ သူတို့ ရဲ့ ဒီအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ရေးမူ ၊ပြီးသွားလို့ရှိရင် ၁၀ နိုင်ငံလုံး အားလုံးပါဝင်ပြီးတော့မှ သဘောတူဆုံးဖြတ်ချက်ချတဲ့မူ၊ ဒီလိုမူ ၂ ခုကို လက်ကိုင်ထားပြိးတော့မှ ဆက်လက်ကျင့်သုံးနေတဲ့ကြားထဲကနေပြီးတော့မှ အခု မြန်မာနိုင်ငံရဲ့ အရှုပ် အဲ မြန်မာနိုင်ငံရဲ့ အကျပ်အတည်း အခြေအနေ ကိစ္စကို ဖြေရှင်းဖို့ကို အခုလိုမျိုး အင်မတန်မှ နိုင်ငံရေးထိလွယ်ရှလွယ် ကြီးမားတဲ့ ဆုံးဖြတ်ချက် သဘောထားတစ်ခုကို ချမှတ်နိုင်ခဲ့တယ်ဆိုတာက တော်ရုံတန်ရုံလေးနက်မှု မပါဘဲနဲ့ သူတို့ သဘောမတူဘဲနဲ့ မဆုံးဖြတ်ပါဘူး။

ဒါက အင်မတန်မှ နိုင်ငံရေးအရ လေးနက်မှု ရှိပါတယ်။ သူတို့အနေနဲ့ ဒီလို ဆုံးဖြတ်ပြီးရင်လည်း သူတို့ရဲ့ ဂုဏ်သိက္ခာကို စောင့်သိပြီးတော့သူတို့ရဲ့ ဒီလို ဆုံးဖြတ်ချက်ကို နောက်ပြန်လှည့်ဖို့ လည်းရှိမယ်လို့ မထင်ဘူး။

သူတို့မှာ နိုင်ငံတကာနဲ့ ကုလသမဂ္ဂအသိုင်းအ၀ိုင်းကြားမှာလည်း သူတို့ရဲ့ ဆက် ဆံရေးတွေလည်းရှိတယ်။ ဆိုတော့ ဒီကိစ္စ က အင်မတန်မှ ကြီးမားတဲ့ဆုံး ဖြတ်ချက်တစ်ခုဖြစ်ပါတယ်။

ဆိုတော့ ဒီဆုံးဖြတ်ချက်ကို ကြည့်လို့ရှိရင် အာဆီယံက စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် အကြမ်းဖက်မှုတွေအပေါ် သူတို့အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတာကို ဒီဆုံးဖြတ်ချက်နဲ့ ပြသရာရောက်သလို တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု တရားဝင် ကိုယ်စားပြုတဲ့သူမဟုတ်ဘူး စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ တရားဝင် ကိုယ်စားပြု အစိုးရမဟုတ်ဘူးဆိုတဲ့ဥစ္စာကို အာဆီယံဘက်ကနေ လက်ခံ အသိအမှတ်ပြု သက်သေပြရာ ရောက်တယ်။

ဒီဆုံးဖြတ်ချက်ကို ချတဲ့နေရာမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက် နေတဲ့အချိန်မှ ာတောင် ဒီလိုမျိုး ဆုံးဖြတ်ချက်ကို ချလိုက်နိုင်တယ်။ ချ လိုက်တယ်။ တရားဝင် ထုတ်ပြန်ကြေညာတယ်ဆိုတာက တော်ရုံတန်ရုံ စဉ်းစားချက်မျိုးနဲ့ လွယ်လွယ်ကူကူ စဉ်းစား ဆုံးဖြတ်တာမဟုတ်ဘူး။

ဆိုတော့ ဒီဆုံးဖြတ်ချက်ကို သူတို့ကလည်း အရှက်ကွဲခံပြီး နောက်ကြောင်းပြန်လှည့်မှာမဟုတ်ဘူး။ အဲဒီလို ပြန်ပြီး တော့ လှည့်ဖို့ လုပ်မှာမဟုတ်ဘူးဆိုတာလည်း တွေးလို့ရတယ်။

ဆိုတော့ ဒါက နိုင်ငံရေးအရ စစ်ကောင်စီကို အမြစ်ဖြတ်ဖို့ ကြိုးစားနေတဲ့ တော် လှန်ရေးအင်အားစုအတွက် အင်မတန်မှကို ရှေ့ကို ရောက်သွားတဲ့ခရီးစတ်ခုလို့ ပြောလို့ရတယ်။

မေး။ ။ စစ်ကောင်စီကို အာဆီယံက အသိအမှတ်မပြုတာက NUG အတွက် ဘာအကျိုးကျေးဇူးရှိမလဲ။ NUG နဲ့ကော ထိတွေ့ဆက်ဆံမှု အနာဂတ်မှာ ဖြစ်လာနိုင်လား။

ဖြေ။ ။ အာဆီယံအနေနဲ့ NUG နဲ့လည်း ထိတွေ့ဆက်ဆံမှုရှိနေတယ်ဆိုတာ ကျမတို့သိရတယ်။ ဆိုတော့ ဒါကလည်း ကောင်းတဲ့ကိစ္စဖြစ်တယ်။

ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီကိုပေးမတက်ဘူးလို့ အာဆီယံဥက္ကဋ္ဌ အနေနဲ့ တရားဝင်ကြေညာတဲ့အခါမှာလည်း တစ်ခါမှ အာဆီယံအနေနဲ့ တစ်ခါမှ မလုပ်ဖူးတဲ့ကိစ္စတစ်ခုကို သူတို့လုပ်တယ်။

အဲဒါ ဘာလဲဆိုတော့ ဒီNUG ကို သူတို့ရဲ့ ဆုံးဖြတ်ချက်ထဲမှာ ၂ ခါ နာမည်တပ်ပြီးတော့ သူတို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြထားတာ တွေ့ရတယ်။

ဒါကလည်း NUG ရဲ တည်ရှိနေမှုကို သူတို့ဘက်က သိနေတယ်ဆိုတဲ့ ဟာကို တရားဝင် ထုတ်ဖော်ပြသလိုက်တာဖြစ်တယ်။

အဲဒီအပေါ်မှာလည်း ဆွေးနွေးမှုတွေ ဆက်သွယ်မှုတွေ ရှိနေတယ်ဆိုတာ ကျမတို့သိရတော့ ဒီဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲမှာ ပိုပြီးတော့မှ ထိတွေ့ဆက်ဆံမှုတွေ ပိုပြီးတော့ရှိလာလိမ့်မယ်လို့ ကျမတို့ ယုံကြည်တယ်။

အဲဒီလိုမျိုး ရှိဖို့ကိုလည်း ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေ စည်းရုံး လှုံ့ဆော်ရေးလုပ်တဲ့သူတွေအနေနဲ့ ဆက်ပြီးတော့ အာဆီယံကို တင်ပြ တောင်းဆိုသွားမှာ တိုက်တွန်းသွားမှာ နှိုးဆော်သွားမှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ NUG အစိုးရအနေနဲ့ သူတို့ဘက်ကလည်း သံတမန်ရေးရာ နိုင်ငံခြားရေးရာ ကိစ္စတွေကို အာဆီယံနဲ့ ပိုပြီးတော့ မှ တိုးမြှင့်လုပ်ဆောင်သွားဖို့ တိုက်တွန်းတယ်။ တိုးမြှင့်ပြီးတော့မှ လုပ် ဆောင်ဖို့လိုတယ်။ အာဆီယံနိုင်ငံတွေမှာလည်း သံတမန်တွေ ခန့်အပ်ဖို့ အကြံပြုရမှာဖြစ်ပါတယ်။

မေး။ ။ အာဆီယံအနေနဲ့ ဒီကန့်သတ်ချက်ကြောင့် စစ်ကောင်စီဘက်က တွေ့ဆုံ ဆွေးနွေးရေး ဖြစ်လာမယ်လို့ရော မျှော်လင့်နိုင်ဖွယ်ရှိလား။

ဖြေ။ ။ အာဆီယံ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ ဒီ ၃နိုင်ငံကဆိုရင် မြန်မာနိုင်ငံအရေး အာဆီယံအနေနဲ့ မဖြစ်မနေ ဖြေရှင်းပေးရမယ့် ကိစ္စအပေါ်မှာ သူတို့အနေနဲ့ တော်တော်ကြီး လေးလေးနက်နက် ကိုင်တွယ် ဖြေရှင်းရမယ်ဆိုတာ နားလည်သဘောပေါက်တယ်လို့တော့ ကျမတို့ သုံးသပ်တယ်။

သူတို့ အနေနဲ့ ဒီကိစ္စကို မြန်မာနိုင်ငံကိစ္စ မဖြေရှင်းရင် သူတို့နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေ ထိခိုက်မယ်ဆိုတာလည်း သူတို့ မြင်တယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေက လူမဆန်တာ သိပ်ဖြစ်တဲ့အခါကျတော့ ယာဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ဂုဏ်သိက္ခာကို စောင့်ထိန်းဖို့ရှိတဲ့ နိုင်ငံတွေအနေနဲ့က သူတို့ဘယ်လိုမှ လက်ခံလို့မရဘူးလေ။

သွေးဆိုးနေတဲ့လက်နဲ့ အမြဲတမ်းလက်ဆွဲနှုတ်ဆက်ပြီးတော့ သွေးစွန်းတဲ့လက်တွေကို ပါ အကာအကွယ်ပေးနေရတဲ့ အလုပ်ကို အာဆီယံက နှစ်ပေါင်းများစွာလည်း အရင် ဗိုလ်ချုပ်သန်းရွှေ န၀တ ခေတ်တုန်းကလည်း သူတို့လုပ်ခဲ့ရပြီးပြီ။

အခုအချိန်မှာလည်း တစ်ကမ္ဘာလုံး အနှံ့မြင်နေရတဲ့ အကြမ်းဖက်မှုတွေကို သူတို့က ပါဝင်ပြီးတော့ အကာအကွယ်ပေးနေရတဲ့ဥစ္စာမျိုးကတော့ သူတို့ဂုဏ်သိက္ခာကို သိပ်ထိခိုက်မယ်နော် ဒါကြောင့်မို့လို သူတို့က ဒီအချိန်ကစပြီးတော့ မလုပ်တော့ဘူးဆိုတဲ့ ဥစ္စာမျိုး စစ်ကောင်စီရဲ့ လုပ်ကို အကာအကွယ်မပေးတော့ဘူးဆိုတဲ့ဟာမျိုး ဒီဆုံးဖြတ်ချက်နဲ့ရှင်းရှင်းလင်းလင်း ပြလိုက်တယ်လို့ မြင်ပါတယ်။

မေး။ ။ တကယ်လို့ စစ်ကောင်စီဘက်က ထပ်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် အာဆီယံက ထုတ်ပစ်တာမျိုးရှိလာနိုင်လား။

ဖြေ။ ။ အခုလိုအခြေအနေမှာ စစ်ကောင်စီဘက်က ခေါင်းမမာသင့်တော့ဘူးလို့ မြင်ပါတယ်။ အခုဆိုရင် အာဆီယံ အပါအဝင် အားလုံးက ဘယ်လိုသဘော ထားရှိတယ် ရပ်တည်တယ်ဆိုတာက အားလုံးရှင်းရှင်းလင်းလင်းထုတ်ဖော်ပြော ဆိုနေပြီဖြစ်တယ်။

အဲဒီလို အချိန်မှာ သူတို့အနေနဲ့ ခေါင်းမမာတော့ဘဲ ပြည်သူဆီကနေ အကြမ်း ဖက် ပြီးတော့ ရယူဖို့ ကြိုးစားနေတဲ့ အာဏာရယူဖို့ ကြိုးစားနေတဲ့ လုပ်ရပ်တွေ အကုန် လုံးရပ် ။ ပြီးလို့ရှိရင် ထိန်းသိမ်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နွေဦးတော်လှန်ရေးက တက်ကြွလှုပ်ရှားသူတွေကို အကုန်လုံးကို အကုန် ပြန်လွှတ်။

အရပ်သားတွေရှိနေတဲ့ နေရာတွေမှာ တပ်တွေပို့ထားတဲ့ ကိစ္စတွေကို ပြန်ရုပ် သိမ်း၊ ပြီးလို့ရှိရင် တရားဥပဒေ စိုးမိုးမှုအောက် အရပ်သားအုပ်ချုပ်မှုအောက်မှာ စစ်တပ်အနေနဲ့ သူနေသင့်တဲ့ နေရာမှာ ပြန်နေရမယ်ဆိုတဲ့ဟာမျိုးကို လို လိုလားလားလုပ်ဖို့ လိုပြီ။

မလုပ်ဘဲနဲ့ ခေါင်းမာနေတဲ့ စစ်ခေါင်းဆောင်တွေကိုလည်း ကျန်တဲ့ စစ်ခေါင်း ဆောင်တွေက ဒီအချိန်မှာ ဖယ်ရှားဖို့လိုပြီ။ တကယ်တမ်းက မြန်မာနိုင်ငံ ကြုံ တွေ့နေရတဲ့ အခက်အခဲက သူတို့ အကြမ်းဖက်မှုကို ခံစားနေရတဲ့ ပြည်သူတွေ ရဲ့ အနေအထားတစ်ခုတည်းကို ပြောတာမဟုတ်ဘူး။

မြန်မာနိုင်ငံရဲ့ အနာဂတ်ဆိုတာက သူတို့ရဲ့ နောင်လာနောက်သား သားသမီး မြေးတွေရဲ့ အနာဂတ်နဲ့လည်း တွဲရက် တစ်ဆက်တည်း ပါတာဖြစ်တယ်။ အဲဒီအတွက်ကြောင့် သူတို့အနေနဲ့ ဒီကာလမှာ အမြင်မှန်ရဖို့လိုပြီ။ ပြည်သူဆီကို အလင်းဝင်ဖို့ လိုပြီ။ ဒီကိစ္စက အရေးကြီးပါတယ်။

အဲဒီလို မလုပ်ဘဲ သူတို့အနေနဲ့ ဆက်ပြီးတော့ ခေါင်းမာနေမယ်ဆိုရင် ပြည်သူကို ဆက်ပြီးတော့ အကြမ်းဖက်နေဦးမယ်ဆိုရင်တော့ နိုင်ငံတကာ သူတို့ကို ပစ် မှတ်ထား အရေးယူ ပိတ်ဆို့မှု ပိုပြီးတော့ လုပ်လာမယ်။

အခုလို အာဆီယံ ကနေ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကလည်း နိုင်ငံတကာက အရေးယူပိတ်ဆို့မှု တွေ စီးပွားရေးရော နိုင်ငံရေးရော စစ်ရေးအရပါ အရေး ယူပိတ်ဆို့မှု တွေ ပိုပြီးလုပ်လာမယ့် အခြေအနေတွေကို အာဆီယံရဲ့ အခု ဆုံးဖြတ်ချက်က သက်ရောက်မှုတွေ ပိုပြီး ဖြစ်ပါလိမ့်မယ်။

မေး။ ။ တကယ်လို့ စစ်ကောင်စီက အာဆီယံနဲ့ မပူးပေါင်းဘဲ ဆက်ပြီး အုပ် ချုပ်နေမယ်ဆိုရင် ဘယ် လို အကျိုးဆက်တွေ နိုင်ငံတကာ ဆက်ဆံရေးမှာ ရှိနိုင်လဲ။ ဆိုလိုတာက နိုင်ငံတကာ ဘေးဖယ်ဝိုင်းကျဉ်မှုက စစ်ကောင်စီ အာဏာပြုတ်ကျတဲ့အထိ ဖိအားပေးနိုင်ပါ့မလား။

ဖြေ။ ။ အာဆီယံသည် အရင်တုန်းက အဖွဲ့ဝင်နိုင်ငံ မြန်မာစစ်တပ်ကို ကာကွယ်ခဲ့တာ တွေ တောက်လျှောက်ရှိခဲ့တာတွေ ရှိတယ်။

ဒါပေမယ့် ဒီကာလမှာတော့ အရင်လို ကာကွယ်ပေးလို့မရတော့ဘူးဆိုတာ ကာကွယ်နေရင်လည်း သူတို့နိုင်ငံနဲ့ သူတို့ ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကိုပါ ဆိုးကျိုးတွေ ဆုံးရှုံးပျက်စီးမှုတွေ ဖြစ်တော့မယ်ဆိုတာကိုပါ သူတို့ မြင်နေပြီ။

ဒါကြောင့်မို့လို့ အခုနောက်ပိုင်းမှာ စစ်ကောင်စီက ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင် အာဆီယံအနေနဲ့ အရင်တုန်းကလို ဆက်ပြီးတော့ ကာကွယ်နေမှာမဟုတ်ဘူး ဆိုတဲ့ ဥစ္စာကို လည်း အခု ဆုံးဖြတ်လိုက်တဲ့ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးကို ပေးမတက်ဘူးဆိုတဲ့ ဆုံးဖြတ်လိုက်တာက အကာအကွယ်မပေးတော့ဘူးဆိုတာ သွယ်၀ိုက်သော နည်းနဲ့ ပြောကြားတာ အသိပေးတာမျိုး သတိပေးတာမျိုးလည်းဖြစ်တယ်။

မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက ဆက်ပြီးခေါင်းမာမယ်ဆိုရင် နိုင်ငံတကာရဲ့ ပစ် မှတ်ထား အရေးယူမှုတွေ ပိုပြီးတော့ များလာဖို့ပဲရှိပါတယ်။ ဒါကတော့ နောက်ဆက်တွဲ လာမယ့် အကျိုးဆက်တွေပေါ့။


မူရင်းရေးသားသောပို့စ်