အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများ ညီလာခံ/အာဆီယံ လူထုဖိုရမ် (၂၀၂၁) – သတင်းထုတ်ပြန်ချက် – ၀၀၁

October 13th, 2021  •  Author:   ASEAN Peoples’ Forum  •  1 minute read
Featured image

အောက်တိုဘာ ၁၅-၁၇ ရက်၊ ၂၀၂၁ ခုနှစ်

(၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံ ကျရောက်ရန် နီးကပ်လာပြီ ဖြစ်သောကြောင့် ACSC/APF ကော်မတီသည် အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံ/ အာဆီယံလူထုဖိုရမ် (၂၀၂၁) ကို အွန်လိုင်းပေါ်တွင် ကျင်းပနိုင်ရန် စီစဉ်နေလျက်ရှိပြီး ညီလာခံတွင် အာဆီယံ‌ဒေသတွင်း တန်းတူညီမှုမရှိခြင်းနှင့် စစ်ဘောင်ချဲ့ခြင်း ပိုမိုများပြားလာမှုကို ကိုင်တွယ်ဖြေရှင်းရန် ဆက်လက်ဆောင်ရွက်နိုင်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများကြား ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ကမ္ဘာ့အခြားနေရာများနည်းတူ အာဆီယံတွင်လည်း ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးဆိုင်ရာ အမှန်တကယ် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ဆက်လက်၍လည်း ဖြစ်ပေါ်နေရာ အစိုးရများအနေဖြင့် အသက်ဆုံးရှုံးမှုများနှင့်အတူ ပိုမိုကြီးထွားလာသော အခြေအနေကိုထိန်းချုပ်ရန် အလွန်ကြီးမားသော မကြုံစဖူး ဆောင်ရွက်ချက်များ ပြုလုပ်ခဲ့ရသည်။ ကျန်းမာရေးဝန်ဆောင်မှုရရှိရန် အတားအဆီးများ ရှိနေသည်ကို အထင်အရှား တွေ့မြင်ရပြီး အာဆီယံနိုင်ငံအစိုးရများက ဗိုင်းရက်ပိုး ပြန့်နှံ့မှု လျော့ကျအောင် မဆောင်ရွက်နိုင်ခဲ့သောကြောင့် အစိုးရများသည် ကျန်းမာရေးစောက်ရှောက်မှုဆိုင်ရာ အခြေခံအခွင့်အရေး၊ လူသားများ၏လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အာမခံချက် ပေးနိုင်စွမ်းမရှိကြောင်း ဖော်ပြနေသည်။

တစ်ချိန်ထဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့သည် လူ့အခွင့်အရေး ကာကွယ်သူများ၊ အကြမ်းမဖက်သော နည်းလမ်းဖြင့် လှုပ်ရှားနေသော နိုင်ငံရေးနှင့် လူမှုရေး အတိုက်အခံများအပေါ် နှိပ်ကွပ်မှုများကို ဖုံးဖိရန် ကပ်ဘေး အခြေအနေကို ကောက်ကျစ်စွာ အသုံးချခဲ့သည်။ ၎င်းတို့ကြောင့် ဒေသတွင်းတွင် အာဏာရှင်ကြီးစိုးမှု မြင့်တက်လာခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ပြည်သူ့ပါဝင်ခွင့်နယ်ပယ် ကျဉ်းမြောင်းလာခြင်း ကြုံတွေ့နေရသည့်အပြင် ဌာနေတိုင်းရင်းသားများ၊ မသန်စွမ်းပုဂ္ဂိုလ်များ၊ လူငယ်နှင့်အမျိုးသမီးများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ နိုင်ငံမဲ့များ၊ ပြည်တွင်းအိုးအိမ်စွန့်ခွါထွက်ပြေးသူများ၊ လူမှုရေးလုပ်သားများပေါ် ခွဲခြားဆက်ဆံမှုများနှင့် အကြမ်းဖက်မှုများ ပိုမိုနက်ရှိုင်းလာစေခဲ့သည်။

မြန်မာနိုင်ငံကိုကြည့်လျှင် စစ်အာဏာရှင်များသည် ကိုဗစ် – ၁၉ ကပ်ရောဂါဘေးကို လက်နက်သဖွယ် အသုံးချ၍ နိုင်ငံရေးအမြတ်ထုတ်နေသည်။ နိုဝင်ဘာလ၊ (၁၈) ရက်၊ ၂၀၁၂ ခုနှစ်၊ ဖနွမ်းပင်မြို့တွင် အာဆီယံလူ့အခွင့်အရေးကြေညာစာတမ်းကို လက်မှတ်ရေးထိုး အတည်ပြုပြီးသည့်နောက်ပိုင်း ကျန်းမာရေး ဆိုင်ရာ အခြေခံအခွင့်အရေးနှင့် အခြားအခွင့်အ‌ရေးများစွာကို ကောင်းစွာလိုက်နာခြင်း၊ အကောင်အထည် ဖော်နိုင်ခြင်းမရှိသေးပေ။ ကြေညာစာတမ်းသည် ဥပဒေအရ တုတ်နှောင်မှု မရှိသော်လည်း ကြေညာစာတမ်း၏ စံတန်ဖိုးများကို ထိန်းသိမ်းရန် ကျင့်ဝတ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ နိုင်ငံတော်၏တာဝန်အရ သော်လည်းကောင်း၊ အစိုးရနှင့်ပြည်သူကြား လူမှုရေးပဋိဉာဏ် အရသော်လည်းကောင်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်။

သို့သော် အရှေ့တောင်အာရှအတွင်း ကြီးထွားလာသော စစ်ဘောင်ချဲ့မှုနှင့် အာဏာရှင်စနစ်သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်အတိုင်း တစ်နိုင်ငံထဲအပေါ် သက်ရောက်နေခြင်းတော့ မဟုတ်ပါ။ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် တရားလက်လွတ် ဖမ်းဆီးခြင်းများ ဒေသတွင်းအနှံ့ အရှိန်မြှင့် ဖြစ်ပေါ်လာခဲ့ပြီး လူ့အခွင့်အရေးကာကွယ်သူများအပေါ် ပိုမိုဖိစီးလာခဲ့သည်။ ဖိလစ်ပိုင်၊ မလေးရှား၊ ကမာ္ဘဒီးယား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် စစ်တပ်၊ ရဲနှင့် ဥပဒေပြင်ပ အာဏာပိုင်လက်ကိုင်တုတ် အဖွဲ့များကဲ့သို့ အစိုးရဘက်တော်သားများသည် ဝါရင့်လူ့အခွင့်အရေးကာကွယ်သူများနှင့် အတိုက်အခံခေါင်းဆောင်များကို အစီအစဉ်တကျ တိုက်ခိုက်ခြင်းနှင့် နှောက်ယှက်ခြင်း ကျူးလွန်ခဲ့သည်။ အာဆီယံနိုင်ငံများတွင် ကိုလိုနီခေတ် ဥပဒေများသုံးပြီး ဝေဖန်မှုများကို ဖိနှိပ်သည့် လုပ်ရိုးလုပ်စဉ်သည် ထိတ်လန့်ဖွယ် ဖြစ်ပေါ်နေပြီး လက်ရှိဖြစ်ပေါ်နေသော ကိုဗစ် – ၁၉ ကပ်ရောဂါကာလအတွင်း လူမှုရေး တန်းတူညီမှုမရှိခြင်းကို ပိုမိုဆိုးရွားစေသည်။

ဥပမာ ထိုင်းနိုင်ငံ၏ ပြင်းထန်သော ဘုရင့်နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေ (lese-majeste law) (ထိုင်းရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၁၂) ကိုအသုံးပြု၍ ဒီမိုကရေစီရေးလှုပ်ရှားမှု ခေါင်းဆောင်များ၊ ကျောင်းသား/သူများနှင့် အတိုက်အခံအဖွဲ့ဝင်များကို ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်း ပြုလုပ်နေသည်။ တစ်ချိန်ထဲတွင် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ၂၀၁၂ ဆိုက်ဘာရာဇဝတ်မှုတားဆီးရေးအက်ဥပဒေ ကိုအသုံးပြု၍ အစိုးရဝေဖန်သူများကို ဖမ်းဆီးခြင်းနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အ‌ရေး ကာကွယ်သူများနှင့် တိုင်းပြည်အတွင်းရှိ လက်ဝဲဝါဒ လှုပ်ရှားမှုများကို အကြမ်းဖက်သောင်းကြမ်းသူများအဖြစ် တံဆိပ်ကပ်ပုံသွင်းခြင်း ပြုလုပ်နေသည်။ မွတ်စလင်လူများစု နိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင် မွတ်စလင်မဟုတ်သူများကို ဖယ်ကြဉ်၍ အစွန်းရောက်မွတ်စလင်များကို ဘာသာရေးလူနည်းစုများအပေါ် အမုန်းတရား ပြန့်ပွားအောင် ဆောင်ရွက်ခွင့်ပြုသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော သာသနာညှိုးနွမ်းစေမှုဥပဒေ ရှိသည်။ အရှေ့တောင်အာရှနိုင်ငံများ၏ အများပြည်သူ လွတ်လပ်ခွင့်အပေါ် ကန့်သတ်ထိန်းချုပ်မှုများသည် ယခုနှစ်တွင် အလွန်သိသာလာသည်။

အာဆီယံနိုင်ငံ အစိုးရများသည် အပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့် ဆက်လက်ရှိအောင် “ပြည်တွင်း‌ရေး ကြားမဝင်ရ” မူဝါဒကို ဆက်လက်အသုံးချနေသည်။ အာဆီယံ ဒေသအတွင်း ရင်ဆိုင်နေရသော ပြဿနာများအားလုံးကို မြန်မာနိုင်ငံအကျပ်အတည်း အတွင်းတွင် ပြတ်သားစွာ တွေ့မြင်နိုင်သည်။

အာဆီယံအရပ်ဘက်လူမှုအဖွဲ့အစည်းညီလာခံ/ အာဆီယံပြည်သူ့ဖိုရမ်ကို ၂၀၀၅ ခုနှစ်ခုနှစ်မှစ၍ စဉ်ဆက်မပျက် ကျင်းပလာခဲ့ပြီး လူမှုရေးကောင်းကျိုးအတွက် ပြည်သူအချင်းချင်းကြား နှီးနှောဖလှယ်မှုနှင့် အပြန်အလှန် မျှဝေမှုနိုင်သည့် အခွင့်အရေး ရှိခဲ့သည်။ တီမောလက်စတီနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများ၏ ပြည်သူများအကြား တူညီသော စိုးရိမ်ပူပန်မှုများ၊ ကိုးကွယ်ယုံကြည်မှုများ၊ နာကျင်ဖွယ်ရာ အခက်အခဲများအကြောင်းကို ဆွေးနွေးဖလှယ်ရန်လည်းကောင်း၊ “ဂရုစိုက်ခြင်းနှင့် ပေးကမ်းမျှဝေခြင်း အသိုက်အဝန်း” အနက်အဓိပ္ပါယ်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရေးအတွက် နယ်စည်းမခြား စည်းလုံးမှုနှင့် ပြည်သူပါဝင်မှုအားကောင်းသော ဒီမိုကရေစီ၊ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် လူဂုဏ်သိက္ခာနှင့် အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံသော ငြိမ်းချမ်းသည့် လူ့အသိုင်းအဝိုင်းတစ်ခု ပိုမိုအားကောင်းလာအောင် ဆောင်ရွက်လည်းကောင်း ဤနှစ်စဉ်ညီလာခံက ကြီးမားသည့် အခွင့်အလမ်းကို ဖန်တီးပေးသည်။

ယခုနှစ် ACSC/ APF ၂၀၂၁ သည် အာဏာရှင်စနစ်၊ စစ်တပ်နှင့် ကိုဗစ် – ၁၉ : အရှေ့တောင်အာရှတစ်ခွင် ပိုမိုကြီးထွားလာသော တန်းတူညီမှုမရှိခြင်းနှင့် ပြည်သူ့ပါဝင်ခွင့်နယ်ပယ် ကျဉ်းမြောင်းလာခြင်းကို စုပေါင်းဖြေရှင်းရန် စိန်ခေါ်မှုများ ဟူသော ခေါင်းစဉ်နှင့်အညီ အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများကြား ကဏ္ဍစုံလင်သော၊ နယ်နမိတ်အကန့်အသတ်မရှိသော အသိုင်းအဝိုင်း တည်ဆောက်ရေးကို ဆက်လက်အားပေးရန် လည်းကောင်း၊ ကဏ္ဍအားလုံးအပေါ် သက်ရောက်မှုရှိသော ကိုဗစ် – ၁၉ ကပ်ရောဂါနှင့် အစိုးရ၏ ကိုင်တွယ်မှုများအကြောင်း အာဆီယံအရပ်ဘက်လူမှုအသိုင်းအဝိုင်း၏ သုံးသပ်ချက်ကို စုစည်းတင်ပြနိုင်ရန် လည်းကောင်း ဖိုရမ်ကိုရည်ရွယ်ကျင်းပသည်။

လက်ရှိဖြစ်ပေါ်နေသော ကိုဗစ် – ၁၉ ကြောင့် ACSC/ APF ၂၀၂၁ ညီလာခံနှင့် ဖိုရမ်ကို အွန်လိုင်းပေါ်တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး (အထူးသဖြင့် ညနေပိုင်းအစီအစဉ်များတွင်) အာဆီယံ‌ဒေသအနှံ့အပြားရှိ ကဏ္ဍအများအပြားမှ အရပ်ဘက် အဖွဲ့အစည်းများ အတွက် အဓိပ္ပါယ်ပြည့်ဝသော ပူးပေါင်းပါဝင်မှုဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်သည်။ စုစုပေါင်း မျက်နှာစုံညီအစည်းအဝေး အစီအစဉ် (၃) ခု နှင့် အလုပ်ရုံဆွေးနွေးပွဲငယ်များ (၁၂) ခု ပါဝင်သွားမည်ဖြစ်သည်။ အစီအစဉ်များကို နေ့စဉ် မွန်းလွဲ (၁) နာရီတွင် ပြန်လည်စတင်သွားမည်ဖြစ်သည်။
 
မျက်နှာစုံညီ အစည်းအ‌ဝေး (၁)
ကတိကဝတ် ပျက်ကွက်မှုများ – အရှေ့တောင်အာရှတခွင်ရှိ စစ်ဘောင်ချဲ့မှုနှင့် အာဏာရှင်စနစ်အပေါ် အာဆီယံ၏ တုန့်ပြန်မှုနှင့် ပတ်သက်၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ဆန်းစစ်ချက်
၁၅၊ အောက်တိုဘာ၊ ၂၀၂၁ – မွန်းလွဲ ၁:၁၅ နာရီ မှ ၂:၁၅ နာရီ (ဘန်ကောက် / ဂျာကာတာ စံတော်ချိန်)
 
မျက်နှာစုံညီ အစည်းအ‌ဝေး (၂)
အပြစ်ပေးအရေးယူခံရခြင်းမှကင်းလွတ်မှု အလေ့အထ – လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ခြိမ်းခြောက်မှု – မြန်မာပြည်သူများအတွက် တရားမျှတမှု ပေါ်ပေါက်ရမည်။
၁၆၊ အောက်တိုဘာ၊ ၂၀၂၁ – မွန်းလွဲ ၁:၁၅ နာရီ မှ ၂:၁၅ နာရီ (ဘန်ကောက် / ဂျာကာတာ စံတော်ချိန်)
 
မျက်နှာစုံညီ အစည်းအ‌ဝေး (၃)
လူ့အခွင့်အရေးနှင့် စီးပွားရေးအပေါ် ကိုဗစ် – ၁၉ ၏ သက်ရောက်မှုများ – အာဆီယံအား အများပါဝင်မှုနှင့် အလုံးစုံပြောင်းလဲမှုရှိသော ပြန်လည်တည်ဆောက်ရေးလမ်းကြောင်းပေါ်သို့ လျောက်လှမ်းစေခြင်း
၁၇၊ အောက်တိုဘာ၊ ၂၀၂၁ ခုနှစ် – မွန်းလွဲ ၁:၁၅ နာရီ မှ ၂:၁၅ နာရီ (ဘန်ကောက် / ဂျာကာတာ စံတော်ချိန်)
 
အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံ / အာဆီယံ ပြည်သူ့ဖိုရမ် ၂၀၂၁
၁၃ ရက်၊ အောက်တိုဘာလ၊ ၂၀၂၁ ခုနှစ်
ဆက်သွယ်ရန် – aseanpeopleforum@gmail.com / bverawongse9@gmail.com
Facebook: acscapf2021