ထီးချိုင့်တွင် ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်တစ်ဦး စစ်ကြောရေးအတွင်း သေဆုံး

October 11th, 2021  •  Author:   Ko Zaw Myo Tun (aka) Ko Paunk Si (Tigyaing Township)  •  1 minute read
Featured image

ထီးချိုင့်မြို့ စစ်ကြောရေးတွင် သေဆုံးခဲ့သည့် အသက် ၂၅ နှစ် အရွယ် ကိုဇော်မျိုးထွန်း (ခ) ကိုပေါက်စီ။ (ဓာတ်ပုံ-ပေးပို့)

ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကာ ရုပ်အလောင်းတွင် ဒဏ်ရာဒဏ်ချက်များ တွေ့ရသည်ဟု ဆိုသည် 

By Myanmar Now

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ဝင်ဟူသော သံသယဖြင့် ဖမ်းဆီးခံရသူ အမျိုးသားတစ်ဦး စစ်ကောင်စီ၏ စစ်ကြောရေးအတွင်း သေဆုံးခဲ့သည်။

ဖမ်းဆီးခံရပြီး နာရီပိုင်းအတွင်း သေဆုံးခဲ့သူမှာ အသက် ၂၅ နှစ်အရွယ် ကိုဇော်မျိုးထွန်း (ခ) ကိုပေါက်စီ ဆိုသူဖြစ်ပြီး ထီးချိုင့်မြို့နယ် အင်းတိန်ရွာတွင် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသူဖြစ်ကာ အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းက ထီးချိုင့်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ရသည်ဟု သိရသည်။

ဆိုင်ကယ်အပိုပစ္စည်းထည့်ရာ Tool Box အတွင်းမှ ကျည်ဆန်ခွံတစ်ခု တွေ့သည်ဆိုကာ ထီးချိုင့်မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ည ၈ နာရီဝန်းကျင်တွင် သေဆုံးကြောင်း အကြောင်းကြားခဲ့သည်ဟု ကိုဇော်မျိုးထွန်း၏ မိသားစုနှင့် နီးစပ်သူက ဆိုသည်။

“ထီးချိုင့်မြို့အဝင်ဂိတ်နားမှာ ဆိုင်ကယ်တွေ စစ်တော့ (Tool Box) ထဲက ကျည်ဆန်တစ်တောင့်တွေ့တာ။ အဲ့ဒီတော့ ဖမ်းပြီးတော့ သေနတ်ဒင်တွေနဲ့ ရိုက်ပြီး တောက်လျှောက်စစ်တာ သေသွားတာ။ အဲ့ဒီတော့မှ အလောင်းလာယူခိုင်းတာ။ ည ၈ ခွဲ ၉ နာရီလောက်မှာ အကြောင်းကြားတယ်။ မသွားရဲကြဘူး။ နောက်ရက် မနက်မှပဲ သွားယူပြီးတော့ သင်္ဂြိုဟ်လိုက်ရတယ်” ဟု အဆိုပါနီးစပ်သူက Myanmar Now ကို ပြောသည်။

ကိုဇော်မျိုးထွန်းကို ဖမ်းဆီးနှိပ်စက်၊ စစ်ဆေးမေးမြန်းခဲ့သည့် ထီးချိုင့်ရဲစခန်းတွင် နယ်မြေခံရဲများသာမက စစ်တပ်ကပါ တပ်စွဲနေရာယူထားသည်မှာ နှစ်လကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၉ နံနက်က ကိုဇော်မျိုးထွန်း ရုပ်အလောင်းကို ထီးချိုင့်မြို့ရင်ခွဲရုံ၌ သွားရောက်ထုတ်ယူချိန်တွင် ဦးခေါင်းမှာ ရိုက်နှက်ခံထားရသည့် ညိုမည်းဒဏ်ရာများတွေ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့သူများကို ကိုးကားလျက် အထက်ပါ နီးစပ်သူက ပြောသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူ ကိုဇော်မျိုးထွန်း၏ ရုပ်အလောင်းကို အောက်တိုဘာ ၉ က ထီးချိုင့်မြို့သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

“မိသားစုတွေဘက်ကတော့ မကျေနပ်ပေမဲ့လည်း အခုချိန်မှာ ပြောလို့၊ တိုင်လို့ရတဲ့အနေအထားလည်း မဟုတ်ဘူးဆိုတော့ ဒီအတိုင်းပဲ သူနဲ့ ဆက်စပ်ရာဆက်စပ်ကြောင်းတွေလည်း လိုက်ရှာနေတော့ အကုန်ပြေးနေရတာ” ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ အချက်အလက်ကောက်ယူစုဆောင်းနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အချက်အလက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်မှ အောက်တိုဘာ ၉ အထိ ပြည်သူ ၁၁၆၁ ဦး သေဆုံးခဲ့သည့်အနက် စစ်ကြောရေး၌ သေဆုံးသူ ၄၀ နီးပါး ပါဝင်သည်။

ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းသည့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင် အောက်တိုဘာ ၃ နှင့် ၄ ၌  အလယ်တောရွာရဲစခန်းနှင့် ​ကမ်းနီရဲစခန်းတို့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီက ထီးချိုင့်မြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို ဝင်ရောက်မွှေနှောက်ပြီး တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထား ဖမ်းဆီးလျက်ရှိသည်။

ထီးချိုင့်မြို့ပေါ်တွင် အောက်တိုဘာ ၇ နှင့် ၈ ရက်က အသက်မပြည့်သေးသူ သုံးဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထောက်ခံသူများအပါအဝင် ၁၃ ဦး ဖမ်းဆီးခံထားရသည်။

English version.


Original Post: Myanmar Now