ရဟန်း ၁ ပါး၊ ရွာသား ၄ ဦးတို့ကို သရက်ချောင်းပျူစောထီးနှင့်စစ်တပ် ဖမ်းဆီး

October 8th, 2021  •  Author:   Arbitrary Arrest by Military Coup (Thayetchaung Township)  •  1 minute read
Featured image

စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် သံဃာများလည်း ပူးပေါင်းပါဝင်လာပြီး မန္တလေးမြို့တွင် သံဃာများပူးပေါင်း ဆန္ဒပြနေသည်ကို ဧပြီ ၂၉ က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)  

ပျူစောထီးဟု နာမည်ကြီးသူ၏ မိသားစုဝင်များကို ပစ်ခတ်သူ မည်သူမှန်းမသိကြသော်လည်း တနင်္သာရီတိုင်း ကျေးလက်ဒေသမှ အများအပြား သံသယဖြင့် ဖမ်းဆီး နှိပ်စက်ခံနေရသည်။

By Myanmar Now

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာတွင် ယမန်နေ့ (အောက်တိုဘာ ၇) က ရဟန်းတစ်ပါး၊ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးကို ပျူစောထီးအဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတချို့ထံမှ သိရသည်။

ယမန်နေ့ (အောက်တိုဘာ ၇) မွန်းလွဲပိုင်းက စော်ဖျားရွာဘုန်းကြီးကျောင်းမှ ဦးသံဝရ (ခေါ်) ကိုယ်တော်မြင့်လွင်ကို အတင်းအကျပ်လူဝတ်လဲကာ လက်ပြန်ကြိုးတုပ်၍ ပျူစောထီးအဖွဲ့ဝင်ဟု နာမည်ကြီးသည့် ဦးမောင်ရီ၏ နေအိမ်တွင် ရိုက်နှက်စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်ဟု ရွာခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“ပထမပိုင်းက ရွာထဲမှာပဲ သူတို့ (ပျူစောထီးအဖွဲ့) လျှောက်လှည့်နေကြတယ်။ ပြီးတာနဲ့ ဘုန်းကြီးကျောင်းကို တက်လာပြီး အဲဒီဘုန်းကြီးကို ဖမ်းကြတယ်။ ဖမ်းပြီးတာနဲ့ လူထွက်ခိုင်းတယ် အဲဒီဘုန်းကြီးကို။ ပြီးတာနဲ့ သူတို့ ခေါ်ပြီးတော့ ဦးမောင်ရီအိမ်မှာ ထားပြီး နှိပ်စက်နေကြတယ်လို့ အိမ်နီးနားချင်းတွေက ပြောတယ်” ဟု ၎င်းက ဆိုသည်။

ဦးမောင်ရီနှင့်အတူ ကျေးရွာပျူစောထီးအဖွဲ့ဝင်များဟု အမည်ထွက်နေသည့် ဦးအောင်ကျော်၊ ဦးထွန်းမဲ၊ ကိုအောင်မျိုးထွန်း၊ ကိုအောင်လင်းနှင့် မောင်စိုင်းစိုင်း ဆိုသူတို့သည် စစ်သားများနှင့်အတူ ရွာအတွင်း လှည့်လည်ကာ ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ထိုပျူစောထီးအဖွဲ့ဝင်များက ရွာကျောင်းမှ သံဃာ ၄ ပါးကို ဖမ်းဆီးခဲ့ပြီး ၃ ပါးကို ပြန်လွှတ်ပေးလိုက်ကြောင်း၊ ယမန်နေ့တွင် ရွာသားအများအပြားကို ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးသော်လည်း အသက် ၃၃ နှစ်အရွယ် မအေးမာ၊ ၂၈ နှစ်အရွယ် မနီ၊ ၂၆ နှစ်အရွယ် ကိုဝင်းကျော်ထွန်းနှင့် အသက် ၃၀ အရွယ် အခြားအမျိုးသားတစ်ဦး တို့ကို ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။

“မနေ့က ဖမ်းတဲ့လူတွေအကုန်လုံးကို စုပြီးတော့ အဲဒီစာသင်ကျောင်းမှာ ထိုင်ခိုင်းတယ်။ အရင်တုန်းက စာသင်ကျောင်းမှာ NUG ကို ကြိုဆိုတဲ့စာလုံးတွေ ရေးထားကြတယ်။ အဲဒီစာလုံးတွေကို ဖျက်ခိုင်းတယ်တဲ့ ဖမ်းခံထိတဲ့လူတွေကို။ ဒါပြီးတာနဲ့ ရွာအနီးက မိုးရွှေကုန်းဆိုတဲ့ ရွာတစ်ရွာကို သွားပြီးတော့ အိမ်တစ်အိမ်မှာ ဝင်မွှေခဲ့တယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၅ တွင် လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမောင်ရီ၏ ဇနီး ဒေါ်မိုးအေး ဆီးခုံကျည်ထိမှန်ခဲ့ပြီး ထားဝယ်စစ်ဆေးရုံ၌ ရောက်ရှိနေကြောင်း၊ တူဖြစ်သူလည်း ဒဏ်ရာ အနည်းငယ်ရကြောင်း အထက်ပါရွာခံအမျိုးသမီးထံမှ သိရသည်။

ထိုဖြစ်စဉ်ကြောင့် ရွာသားများ ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း သူက ယူဆနေသည်။

“တော်တော်မွှေနေတယ် တော်တော်ဒုက္ခရောက်နေကြတယ်။ ကျွန်မတို့က ဘာကိုကြောက်လဲဆိုတော့ အိမ်တွေ ဘာတွေ မီးရှို့တဲ့အထိ ဖြစ်လာမှာ ကြောက်နေတာ။ အိမ်ခြေ ၄၀ ကျော်လောက် သူ (ဦးမောင်ရီ) စိတ်နာနေတဲ့သူပေါ့။ အဲဒီသူတွေ၊ နာမည်စာရင်းရှိတဲ့သူတွေ မီးရှို့ပစ်မယ်လို့ ကြိမ်းမောင်းနေတယ် ကြားတယ်” ဟု ၎င်းက ဆိုသည်။

ရွာသူရွာသားတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး သရက်ချောင်းမြို့မရဲစခန်းကို ယနေ့ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ကျရဲအရာရှိက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သတင်းမရသေးကြောင်း ပြောသည်။

ပျူစောထီးများက ဖမ်းဆီးစစ်ဆေးနေသည့် စော်ဖျားရွာဘုန်းကြီးကျောင်းမှ ဦးသံဝရ (ခေါ်) ကိုယ်တော်မြင့်လွင်။ (ဓာတ်ပုံ-ပေးပို့)  

ဦးမောင်ရီနေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး ရွာအတွင်းရှိ နေအိမ်များကို ထိုကဲ့သို့ လိုက်လံစစ်ဆေးနေသောကြောင့် စော်ဖျားရွာအပါအဝင် အနီးအနားရှိ မိုးရွှေကုန်း၊ အင်းပြား၊ ကျောက်လှေကားရွာတို့မှ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

လက်ရှိတွင် ဖမ်းထားသည့် ရဟန်းတစ်ပါးနှင့် ရွာသား ၄ ဦးတို့ကို သရက်ချောင်းအခြေစိုက် ခမရ ၄၀၃ တပ်ရင်းတွင် ချုပ်နှောင်ထားသည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

သရက်ချောင်းမြို့နယ်တွင် ဩဂုတ် ၃၀ ရက်နေ့က ပျူစောထီးအဖွဲ့ဝင်ဟု ယူဆရသူ နှစ်ဦး ပစ်သတ်ခံရပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွာခံတချို့ထံမှ သိရသည်။ ပျူစောထီးအဖွဲ့သည် အာဏာသိမ်းစစ်တပ်ကို လိုလားသူတချို့ဖြင့် စုစည်းထားပြီး လက်နက်ကိုင်လှုပ်ရှားလျက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအနီးရှိ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင် စက်တင်ဘာလဆန်းကစ၍ စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသည်။

ရဟန်းတစ်ပါး ဖမ်းဆီးခံထားရသည့် စော်ဖျားရွာမှာ တောင်ပျောက်တိုက်နယ်မှ ၁၁ မိုင်အကွာတွင် ရှိသည်။

၎င်းတိုက်ပွဲများကြောင့် တောင်ပျောက်တိုက်နယ်ရှိ တောင်ပျောက်ရွာအပါအဝင် ဝင်းကဖော်၊ ကျွဲခြံ၊ ရေပူ၊ အလယ်စု၊ သဲချောင်းကြီး ရွာများမှ ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

အမျိုးဘာသာသာသနာကို စောင့်ရှောက်မည်ဟု ကြွေးကြော်ထားသည့် စစ်တပ်သည် ဆန္ဒပြသံဃာများကိုပါ ဖမ်းဆီးကာ အတင်းအကျပ်လူဝတ်လဲ စစ်ဆေးနေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မန္တလေးမြို့ သံဃသမဂ္ဂမှ သံဃာ ၅ ပါးကို လမ်းပေါ်တွင် ကားဖြင့် ဝင်တိုက်၊ လူဝတ်လဲ ဖမ်းဆီးခဲ့သည်။


Original Post: Myanmar Now