Report 674 Views

စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများ

October 4th, 2021  •  Author:   Assistance Association for Political Prisoners  •  1 minute read
Featured image

အောက်တိုဘာ ၄ ရက်၊ ၂၀၂၁

စစ်တပ်မှ အာဏာသိမ်းယူသည့် အချိန်မှစ၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် အရပ်သားပြည်သူများအပေါ် ပြင်းပြင်းထန်ထန်နှိပ်ကွပ်မှုများကို စစ်အုပ်စုက ပြုလုပ်ဆောင်ရွက်လျက်ရှိခဲ့သည်။ စက်တင်ဘာလ (၇) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မှုများဖြင့် ပြန်လှန်ခုခံသွားရန် ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် စစ်အုပ်စု၏ အကြမ်းဖက်မှုများမှာ ပိုမို ဆိုးရွားရက်စက်လာခဲ့သည်။

စက်တင်ဘာလအတွင်း၌ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့တွင် စစ်အုပ်စု၏ လက်ပါးစေ တပ်ရင်းတပ်ခွဲများက အကြမ်းဖက်ဝင်ရောက်စီးနင်းမှုများပြုလုပ်ကာ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ ကြသည်။ ထို့အပြင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် ကြရသည့် အရပ်သားပြည်သူများမှာ တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာလျက်ရှိနေသည်။

တရားလက်လွတ်ဖမ်းဆီးမှုများပြုလုပ်ရာတွင် လူကိုသာအကြမ်းဖက်ဖမ်းဆီးခြင်းမျိုးမကဘဲ ပိုင်ဆိုင်မှုများကိုပါ သိမ်းဆည်း ခြင်း၊ ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း ဖြစ်ရပ်များအပြင် ဖမ်းဆီးပြီးနောက် ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခြင်းများကိုပါ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိနေသည်။

စစ်ဘေးရှောင်များကို စားနပ်ရိက္ခာ၊ ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သော အခြေခံအထောက်အပံ့များ ကူညီ ပံ့ပိုးပေးနေသည့် လူသားချင်းစာနာထောက်ထားမှုပေးနေသော စေတနာ့ဝန်ထမ်းများမှာလည်း စစ်အုပ်စု၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံနေရသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးများမှာ စစ်အုပ်စုလက်ထက်တွင် ဆိုးရွားစွာချိုးဖောက်ခံနေရသည့် အခြေအနေတွင်ရှိနေပြီး သတင်းအချက်အလက်ဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်၍ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်ပေါင်း (၂၀) ကျော်တွင် အင်တာနက်ဖြတ်တောက်မှုများကိုလည်း စနစ်တကျ ပြုလုပ်ထားသည်။

ယခင် အရပ်သားအစိုးရ လက်ထက်က ပယ်ဖျက်ခဲ့သည့် မည်သည့်အချိန်တွင်မဆို အကြောင်းပြချက်မရှိဘဲစိတ်ထင်တိုင်း နေအိမ်များသို့ အချိန်မရွေး ဝင်ရောက်စစ်ဆေးနိုင်သည့် ဧည့်စာရင်းဥပဒေကို စစ်အုပ်စုက ပြန်လည်အသက်သွင်းလာပြီး ပြည်သူတို့၏ လုံခြုံဘေးကင်းရေးနှင့် အသက်အိုးအိမ်စည်းစိမ်များမှာ ပိုမို၍ ကြီးမားကျယ်ပြန့်စွာ ခြိမ်းခြောက်ခံနေရလျက် ရှိနေသည်။ စစ်အုပ်စု၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က နေအိမ်၊ တိုက်ခန်းငှားရမ်းသူအိမ်ရှင်များကို နေအိမ်၊ တိုက်ခန်းများအား ငှားရမ်းမည်ဆိုပါက ငှားရမ်း နေထိုင်သည့် သူများနှင့်ပတ်သက်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများသို့ ငှားရမ်းနေထိုင်သူများ၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထားပြည့်စုံစွာဖြင့် တင်းကြပ်သည့် သတ်မှတ်ချက်များနှင့်အတိုင်း ဧည့်စာရင်း တိုင်ကြားရန်နှင့် မိမိငှားရမ်းထားသောသူများသည် သံသယ ဖြစ်ဖွယ်ရှိကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို အချိန်မီသတင်းပို့ အကြောင်းကြားခြင်းရန် ကြေညာချက်ကို စက်တင်ဘာလအတွင်း ထုတ်ပြန်လာခဲ့သည်။

ထို့အပြင် ငှားရမ်းထားသည့်နေအိမ်တိုက်ခန်းများတွင် နေထိုင်သူများသည် အကြမ်းဖက်မှုများ ကျူးလွန်ကြောင်း ဖော်ထုတ် ရရှိပြီး ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါက ငှားရမ်းသည့် ပိုင်ရှင်များတွင် တာဝန်ရှိသည့်အတွက် သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူခံရမည့်အပြင် အဆိုပါငှားရမ်းထားသည့် နေအိမ်၊ တိုက်ခန်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သလို တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်းလည်း ထိုကြေညာချက်တွင် ပါဝင်သည်။

စက်တင်ဘာလအတွင်း၌ ဖြစ်ပွားခဲ့သော စစ်အုပ်စု၏ ကျူးလွန်မှုများ အကျဉ်းချုပ်ဖော်ပြချက်

ဖမ်းဆီးမှု

AAPP မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အချက်အလက်များအရ စက်တင်ဘာ ၁ ကနေ ၃၀ ရက်နေ့အထိ စစ်အုပ်စု ၏ တရားလက်လွတ်ဖမ်းဆီးမှုကြောင့် ထိန်းသိမ်းခံခဲ့ရသူပေါင်း (၅၅၅) ရှိခဲ့သည်။ အမျိုးသမီး ဦးရေ (၉၅)၊ အသက် (၁၈) နှစ်အောက် ကလေးသူငယ်ဦးရေ (၁၇) နှင့် ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ (၂၅) ဦး ပါဝင်သည်။

သတ်ဖြတ်မှု

စစ်အုပ်စု၏ အညှိုးထားတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၉၆) ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ထိုအထဲတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသူ (၈) ဦးနှင့် အသက် (၁၈) နှစ်အောက် ကလေးသူငယ် (၈) ဦး ပါဝင်သည်။

အကြမ်းဖက်ဖျက်ဆီးမှု

စစ်ကိုင်းတိုင်း

စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်သော ဒေသတစ်ခုအဖြစ် ထင်ရှားသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ပုလဲမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကလေးမြို့နယ်၊ ကနီမြို့နယ် အစရှိသည့် မြို့နယ်များနှင့် ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်က စီးနင်းဝင်ရောက်မှုများ၊ နယ်မြေရှင်းလင်းရေးအကြောင်းပြုကာ ရှာဖွေဖမ်းဆီးခြင်း၊ ပစ္စည်းဥစ္စာများကို လုယက်ဖျက်ဆီးခြင်းများ ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်။

အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ တရစပ်ထိုးစစ်ဆင်မှုများကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများမှ ဒေသခံထောင်ပေါင်းများစွာတို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိသည်။ ထို့အပြင် ကနီမြို့နယ်၌ အသက် ၁၃ နှစ်အရွယ်သာရှိသေးသည့် အရွယ်မရောက်သေးသော မိန်းကလေးတစ်ဦးမှာ စက်တင်ဘာလ (၁၆) ရက်နေ့က စစ်အုပ်စုလက်ပါးစေ တပ်ဖွဲ့ဝင်များ၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရ သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်းရှိ ကျောက်ရစ်ကျေးရွာ၊ ကလေးမြို့နယ်အတွင်းရှိ ရေရှင်ကျေးရွာ၊ လယ်ခြားကျေးရွာ၊ ဒိုးနွယ်ကျေးရွာ၊ ကျောက်ပြုတ်ကျေးရွာ၊ တန်ဆည်မြို့နယ်ရှိ ကျီကုန်းကျေးရွာ၊ ယင်းမာပင်မြို့နယ်ရှိ ကံစုကျေးရွာများတွင်လည်း မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့ကြသည်။

ရန်ကုန်တိုင်း

စက်တင်ဘာလ ၇ ရက်နေ့၌ မှော်ဘီမြို့နယ်၊ စမ်းကြီးကျေးရွာရှိ ပြည်သူ ၃၀ ဦးကို လုပ်အားပေးရန်ပေါ်တာအဖြစ် စစ်အုပ်စု ၏လက်ပါးစေ တပ်ဖွဲ့များက အတင်းအကျပ် ခေါ်ဆောင်သွားခဲ့သည်။ စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၁နာရီခွဲ အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း တံတားအဆင်း၌ လူငယ် ၃ ဦးကိုဖမ်းဆီးပြီးနောက် သေနတ်ဖြင့်ပစ်ခတ်ခဲ့သလို သွေးအိုင်ထဲ လဲနေသည့် ထိုလူငယ် များကို ဝိုင်းဝန်းကန်ကျောက်သတ်ဖြတ်ခဲ့ကြပြီး ရုပ်အလောင်းများကို တင်ဆောင်သွားခဲ့ကြသည်။

မကွေးတိုင်း

ဆောမြို့နယ်၊ ရေစကြိုမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ မြိုင်မြို့နယ် အစရှိသည့် မကွေးတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်အုပ်စုက လက်နက်ကြီးများနှင့် အဆက်မပြတ်ပစ်ခတ်မှုများ၊ နေအိမ်အတွင်းဝင်ရောက်စီးနင်းမှုများ ဖြစ်ပွားခဲ့ရာ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထို့အပြင် စစ်အုပ်စုက လူနာတင်ကား၊ ပရဟိတကားများကို အသုံးပြု၍ ရွာများကို စီးနင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ဂန့်ဂေါမြို့နယ်၊ မွေ့လယ်ကျေးရွာအနီးတွင် မွေ့လယ်ကျေးရွာမှ ဒေသခံရွာသား သုံးဦး နှင့် လယ်ရှည် ကျေးရွာမှ ဒေသခံရွာသား နှစ်ဦးတို့၏ ရုပ်အလောင်းများကို စက်တင်ဘာလ ၁၃ ရက်နေ့ နှင့် ၁၄ ရက်နေ့တို့တွင် တွေ့ရှိခဲ့ရပြီး သေဆုံးသူများတွင် နောက်စေ့ကို သေနတ်ဖြင့် ပစ်ခတ်ခြင်းခံထားရပြီး ခန္ဓာကိုယ်နှင့် ဦးခေါင်း၊ မျက်နှာတို့တွင် ရိုက်နှက်ခြင်း ခံထားရသည့် ဒဏ်ရာများ၊ ခြေထောက်နှင့်လက်ကို ဓားဖြင့် မွှန်းထားသော ဒဏ်ရာများ၊ လိင်အင်္ဂါဖြတ်တောက်ခြင်းခံထား ရသည့် ဒဏ်ရာများကို မြင်တွေ့ခဲ့ကြရသည်။

အလားတူ မြိုင်မြို့နယ်တွင်လည်း မီးရှို့သတ်ဖြတ်မှုများ၊ လူမှုကူညီရေးကားအပါအဝင် ဆိုင်ကယ်အစီးရေ ၃၀၀ ကျော်ကို မီးတင်ရှို့မှုများကို စစ်အုပ်စုက ကျူးလွန်ခဲ့ကြသည်။ စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဂန်ဂေါမြို့နယ် အတွင်းရှိ မြင်သားကျေးရွာကို အကြမ်းဖက်စစ်တပ်မှ မီးတင်ရှို့ ဖျက်ဆီးခဲ့ပြီး အနည်းဆုံး ဒေသခံရွာသား ၁၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ဂန့်ဂေါမြို့နယ်၊ နှမ်းခါး၊ သာလင်းနှင့် ထယ်လှော်ရွာများကိုကို ဝင်ရောက် စီးနင်းခဲ့ပြီး မီးရှို့ခဲ့သည့်အတွက် အနည်းဆုံး လူနေအိမ် ၅၀ ခန့် ပြာကျခဲ့ရသည်။

ကချင်ပြည်နယ်

မိုးညှင်းမြို့ပေါ်တွင် စစ်အုပ်စုမှ အိမ်ခွန်ဆောင်ရန်အတွက် အတင်းအဓမ္မလိုက်လံကောက်ခံလျက်ရှိရာ အိမ်အခြေအနေပေါ် မူတည်ပြီး သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ငွေကြေး ပေးဆောင်နေရသည်။

တနိုင်းမြို့နယ်၊ တရုန်ကျေးရွာတွင် စက်တင်ဘာလ ၁၀ ရက်နေ့က အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က တရုန်ကျေးရွာအတွင်းကို လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ သေနတ်များ ပစ်ခတ်နေခြင်းတို့ကြောင့် တရုန်ကျေးရွာရှိ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးဦးခေါင်းကို ကျည်ထိမှန်ခဲ့ပြီး ဒေသခံ ၂၀၀ ဝန်းကျင်ခန့်မှာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထို့အပြင် ရွှေကူမြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စု တပ်ဖွဲ့ဝင်များ စီးလာသည့် သင်္ဘောပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ရွှေဘုံသာကျေးရွာမှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦး လက်နက်စမှန်ကာ ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦးမှာ စစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ကရင်ပြည်နယ်

စက်တင်ဘာလ ၁ ရက်နေ့တွင် ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ကလာဒုံကျေးရွာတွင်လည်း အမျိုးသမီးတစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောင်းအရှေ့မှ လမ်းပြအဖြစ် လူသားဒိုင်းသဖွယ် အသုံးပြုကာ KNU ထိန်းချုပ်နယ်မြေအတွင်းကို ဝင်ရောက်ခဲ့သည်။ ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်စွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ပရဝဏ်မြေတွင် တပ်စွဲထားသည့် စစ်အုပ်စု၏တပ်ဖွဲ့မှ စက်တင်ဘာလ ၂၅ ရက်နေ့၊ ညနေ ၈ နာရီကျော်အချိန်တွင် ကျေးရွာများအနီး၌ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အတွက် ရွာသားအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရှမ်းပြည်နယ်

ဖယ်ခုံမြို့နယ်အတွင်းရှိ ခေါင်းအိကျေးရွာသို့ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ အကြမ်းဖက်စစ်အုပ်စုမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး စက်တင်ဘာလ ၃ ရက်နေ့တွင် ကုန်းဆုံကျေးရွာ ထိုင်တော်မူဘုရားမှ ခေါင်းအိနှင့် စက်တော်ကျေးရွာများဘက်သို့ အင်အား ၅၀၀ ခန့်ဖြင့် ထိုးစစ်ဆင် ဝင်ရောက်ခဲ့သည်။

ချင်းပြည်နယ်

ဟားခါးမြို့ မြို့သစ်စီမံကိန်းဖော်ဆောင်သည့်နေရာတွင် မီးကြိုးသွယ်တန်းနေသည့် လူငယ် ၂၀ ခန့်ကို စက်တင်ဘာလ ၃ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က စစ်အုပ်စု၏ တပ်များမှ မြေပြင်နှင့် ရဟတ်ယာဉ်ပေါ်မှနေ၍ သေနတ်နှင့်ပစ်ခတ်ခဲ့သည်သည်။ စက်တင်ဘာလ ၇ ရက်နေ့၊ ည ၁၀ နာရီခန့်တွင် ဟားခါးမြို့တွင်း ပစ်ခတ်မှုများကြောင့် ပြည်သူအချို့ ဒဏ်ရာရရှိခဲ့ကာ နေအိမ်များမှာ လက်နက်ကြီးကြောင့် ပျက်စီး ခဲ့သည်။

ထန်တလန်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့၌ အကြမ်းဖက်စစ်တပ်က မြို့တွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် မြို့တွင်းရှိ နေအိမ်တချို့မီးလောင်ပျက်စီးခဲ့သည်။ စက်တင်ဘာလ ၁၀ ရက်နေ့၊ နေ့လယ်ပိုင်း၌လည်း ထန်တလန် မြို့နယ်ရှိ Lungler (လုံလဲရ်) ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ ဂျက်လေယာဉ် တစ်စီးမှ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ စက်တင်ဘာလ ၁၈ ရက်နေ့၊ နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ထန်တလန်မြို့ပေါ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၁၉ လုံးမီးလောင်ပြာကျခဲ့ပြီး မီးငြှိမ်းသတ်ရန်သွားသည့် ထန်တလန်ရာပြည့်နှစ်ခြင်းခရစ်ယာန် အသင်းတော် (TCBC) မှ သင်းအုပ်ဆရာ ကျုံးဗျက်ဟုမ်းသည် ပစ်သတ်ခြင်းခံခဲ့ရကာ ၎င်း၏ နာရီ၊ ဖုန်း နှင့် မင်္ဂလာ လက်စွပ်ကို လက်ချောင်းကိုပါဖြတ်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင်များက ယူဆောင်သွားခဲ့ကြသည်။ ထန်တလန်မြို့ခံများသည် အကြမ်းဖက်စစ်အုပ်စု၏ရန်ကို ကြောက်သောကြောင့် တစ်မြို့လုံးနီးပါးထွက်ပြေး တိမ်းရှောင်နေကြရလျက်ရှိသည်။

ကယားပြည်နယ်

စက်တင်ဘာလ ၇ ရက်နေ့တွင် စစ်အုပ်စုလက်ပါးစေတပ်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF)တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက် စစ်အုပ်စုဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ခြောက်မိုင်ရှိနေအိမ် သုံးလုံးခန့် မီးလောင်သွားခဲ့သည်။ ထို့ပြင် စစ်အုပ်စု တပ်ဖွဲ့ ဝင်များသည် ဒေါပိုးစီ၊ စံပြ ၆ မိုင်နှင့် ဒီးမော့ဆိုရှိ ဒေါငံခါးရပ်ကွက်မှ နေအိမ်တချို့အား ဝင်ရောက်မီးရှို့ ခဲ့သည်။

အလားတူ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းပစ်ခတ်ခဲ့သည့်အတွက် ဒေါစဲကျေးရွာရှိ လူနေအိမ် လေးလုံးထိမှန် ပျက်စီးခဲ့ပြီး အသက် ၈ နှစ်ဝန်းကျင်ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ကျေးရွာ (၁၀) ရွာမှ ဒေသခံ ၃ ထောင်ကျော်သည် တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဘောလခဲမြို့မှ နေ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နန်းဖဲကျေးရွာရှိ တောင်ယာခုတ်တောင်သူ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး (၄) ဦး ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲနှင့် ကုန်းသာကျေးရွာများအတွင်း တပ်စွဲပြီး အဆိုပါကျေးရွာများရှိ အများပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြသည်။

အထက်ပါဖေါ်ပြချက်များသည် အာဏာသိမ်းစစ်အုပ်၏ စက်တင်ဘာလအတွင်း၌ ကျူးလွန်ခဲ့သော တရားမဲ့ အကြမ်းဖက် မှုများအား အကျဉ်းချုပ် ဖေါ်ပြချက်မျှသာဖြစ်ပြီး အခြားသော တိုင်းနှင့်ပြည်နယ်များတွင်လည်း ထိုကဲ့သို့ လူမဆန်သော အကြမ်းဖက်ကျူးလွန်မှုများ များစွာရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း 

English version.


လစဉ်အစီရင်ခံစာဒေါင်းလော့ရယူရန် Burmese Report September