မြေနီကုန်းတွင် သတ်ဖြတ်ခံရသော ဆရာဝန်၏ ဇနီးကို စစ်ကောင်စီ ဖမ်းဆီး

September 29th, 2021  •  Author:   Dr. Zin Lynn , Dr. Zin Lynn's Wife and Nurse Ma Khin Khin Kywel (Sanchaung township)  •  1 minute read
Featured image

မခင်ခင်ကြွယ်နှင့် ဒေါက်တာဇင်လင်း  

By ဧရာဝတီ

စနေနေ့ည သန်းခေါင်ယံက ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်များက ပစ်သတ်ခဲ့သူ ၄ ဦးအနက် တဦးဖြစ်သည့် ဒေါက်တာ ဇင်လင်း၏ ဇနီးကို စစ်ကောင်စီတပ်များက ဖမ်းဆီးလိုက်သည်။

သူမကိုယ်တိုင်လည်း ဆရာဝန်ဖြစ်ပြီး တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ရန်ကုန်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ဆွေမျိုးတဦးက ဧရာဝတီ သတင်းဌာနသို့ အတည်ပြုသည်။ ဖမ်းဆီးမှုအသေးစိတ်များကို မသိရသေးပေ။

ဒေါက်တာဇင်လင်း အမှန်တကယ် သေဆုံးပါက သေဆုံးမှုနှင့် သူ၏ အလောင်း မည်သည့်နေရာတွင် ရှိသည်နှင့် ပတ်သက်ပြီး ရန်ကုန်မှ မိသားစုများသည် အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း ထိုဆွေမျိုးက ဆက်လက်ပြောကြားသည်။ ဒေါက်တာဇင်လင်းနှင့် သူ၏ဇနီးတွင် ၇ လအရွယ် ကလေးတဦးရှိသည်။

စနေနေ့ည ၁ နာရီခွဲက မြေနီကုန်း ဂုံးကျော်တံတားတွင် လူငယ် ၄ ဦးကို စစ်ကောင်စီတပ်များက လူမြင်ကွင်းတွင် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့သည်ဆိုသည့် သတင်းများပျံ့နှံ့နေသည်။ စစ်ကောင်စီ ထောက်ခံသူများက ဖြန့်ချိသည့် ဝါဒဖြန့်သတင်းတွင် ထိုဖြစ်ရပ်သည် အရပ်သား တိုက်ခိုက်ရေး သမားများနှင့် စစ်ကောင်စီတပ်များအကြား ကုန်းကျော်တံတားပေါ်တွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်သည်ဟုဆိုသည်။ ထိုဝါဒဖြန့်သတင်းက စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှု ရှိသည်ဟု ဆိုသည်။

သို့သော် ဒေသခံများ၏ပြောကြားချက်များနှင့် ခေတ်သစ်သတင်းဌာနက တင်သည့် ဗီဒီယိုများအရ ထိုနေရာတွင် မည်သည့် အပြန်အလှန်ပစ်ခတ်မှုမျှ မဖြစ်ပွားဘဲ ထိုလူငယ်များကို ၎င်းတို့၏ တိုက်ခန်းမှ ဆွဲချကာ အကြိမ်ကြိမ် ရိုက်နှက်ကန်ကျောက်ပြီး ပစ်သတ်လိုက်ခြင်းဖြစ်သည်။ သေဆုံးသူ အရေးအတွက်ကို ဧရာဝတီသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သတ်ဖြတ်ခံရသူများတွင် ဒေါက်တာဇင်လင်းနှင့် သူနာပြုဆရာမ မခင်ခင်ကြွယ်တို့ပါဝင်ကြောင်း ခေတ်သစ်သတင်းဌာနကပင် အင်္ဂါနေ့တွင်ဖေါ်ပြသည်။

ဒေါက်တာဇင်လင်းနှင့် သူနာပြုဆရာမ မခင်ခင်ကြွယ်တို့ နှစ်ဦးလုံးသည် နိုင်ငံတွင် ကိုဗစ်နိုင်တင်း ဖြစ်ပွားသောအခါရှေ့တန်းမှ တက်ကြွစွာ စေတနာ့ဝန်ထမ်းလုပ်ခဲ့သူများဖြစ်သည်။

အရပ်သားအစိုးရကို ဖြုတ်ချသည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ၎င်းတို့ နှစ်ဦးသည် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ကြပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရန် ပြည်သူလူထုကိုတောင်းဆိုကြကာ နောက်နေ့များတွင်လည်း စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်စေကာမူ ဆက်လက်ဆန္ဒပြကြသည်။

မခင်ခင်ကြွယ်သည် ကုတင် ၅၀၀ ရန်ကုန်အထူးကု ဆေးရုံမှ လုပ်ငန်းခွင်ကို စွန့်ခွာကာ လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင်လည်း ပါဝင်သူဖြစ်သည်။ ဒေါက်တာဇင်လင်းသည် ရန်ကုန်တွင် ပုဂ္ဂလိက ဆေးခန်းဖွင့်ထားသူဖြစ်ပြီး စစ်ကောင်စီကို လူသိထင်ရှား အပြင်းအထန် ဆန့်ကျင်သူများတွင် ပါဝင်သည်။

သူနာပြုနှင့် သားဖွားတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက မခင်ခင်ကြွယ် သေဆုံးသည့်သတင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ကြေညာပြီး ကျဆုံးသွားသော သူရဲကောင်းအဖြစ် ဂုဏ်ပြုသည်။

ထိုဖြစ်ရပ်အတွက် စစ်ကောင်စီက တရားဝင်ကြေညာခြင်း မရှိသေးပေ။ စစ်ကောင်စီတပ်များသည် ထိုဖြစ်ရပ်ဖြစ်ပွားရာသို့ တနင်္လာနေ့ညကရောက်လာပြီး ထိုဖြစ်ရပ်ကို ဗီဒီယို ရိုက်ကူးသူအား လာရောက်ရှာဖွေကြောင်း ဒေသခံများပြောသည်။


Original Post: The Irrawaddy