မန္တလေးတွင် NLD ပါတီဝင် ပရဟိတသမားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်

September 27th, 2021  •  Author:   Ko Than Tun Oo (aka) Ko Min Ko Thein (aka) Ko Fatty (Mandalay Region)  •  1 minute read
Featured image

စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၂၄ နာရီအတွင်း သေဆုံးခဲ့သည့် မန္တလေးမြို့မှ NLD ပါတီဝင် ပရဟိတသမား ကိုဖက်တီး။ (ဓာတ်ပုံ − Facebook)

ကိုသန်းထွန်း ဦး (ခ) ကိုမင်းကိုသိန်း (ခ) ကိုဖက်တီးမှာ ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကာ မိသားစုက အလောင်းကိုပင် ကြည့်ရှုခွင့် မရခဲ့ပေ 

By Myanmar Now

မန္တလေးမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပရဟိတသမားတစ်ဦးမှာ စစ်ကောင်စီ၏ ပစ်ခတ်ဖမ်းဆီးကာ နှိပ်စက်ခံရသဖြင့် ၂၄ နာရီအတွင်း သေဆုံးခဲ့ရသည်။

ပရဟိတလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသူလည်းဖြစ်သည့်​ ကိုသန်းထွန်းဦး (ခ) ကိုမင်းကိုသိန်း (ခ) ကိုဖက်တီးကို အောင်မြေသာစံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၅ ရက်တွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူ အမျိုးသမီးက ပြောသည်။

“လာဖမ်းတော့ သူတို့မိသားစု အိမ်မှာ အကုန်လုံးရှိနေတယ်။ ကလေးနှစ်ယောက်ရော၊ အသက် ၇၀ ကျော် သူ့အမေရော အကုန်ရှိတယ်။ ကိုဖက်တီးက ကျွန်တော်လိုက်ခဲ့ပါ့မယ်၊ သွေးကျဆေးလေးနဲ့ ကြွက်တက်ရင် သောက်တဲ့ဆေးလေး ယူဦးမယ်ဆိုပြီး ဆေးယူပြီး ချက်ချင်းလိုက်တယ်။ အဲ့ဒီမှာ ကျန်တဲ့မိသားစုတွေကို အိမ်ထဲမှာ အခန်းပိတ်ပြီး မကြည့်နဲ့၊ မထွက်နဲ့ဆိုပြီး ကိုဖက်တီးကို အိမ်ဝင်းထဲမှာပဲ ဒူးထောက်ထိုင်ခိုင်းတာ”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ကိုဖက်တီးမှာ ခန္ဓာကိုယ် ဝဖြိုးသောကြောင့် ဒူးထောက်ရန် အခက်အခဲဖြစ်နေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒူးထောက်ရအောင် လုပ်ပေးမည်ဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ဒူးထောက်ခိုင်းတော့ ကိုဖက်တီးက ခန္ဓာကိုယ်က ကြီးလွန်းတယ်၊ သူ ဒူးထောက်လို့ မရပါဘူးဆိုပြီး ပြောတဲ့အချိန်၊ ဒူးထောက်လို့ရအောင် လုပ်ပေးမယ်ဆိုပြီး သေနတ်နဲ့ပစ်တာ၊ ခြေထောက်ကိုတော့ မမှန်ဘူး။ ခြေထောက်ကြားကနေ အုတ်ခင်းကြမ်းပြင်ကို မှန်တယ်။ အဲ့ဒီမှာ ကိုဖက်တီးက ကျွန်တော် ရအောင်ထောက်ပါ့မယ်ဆိုပြီး အုတ်နံရံကို ဒူးထောက်ရတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ကိုဖက်တီးကို စစ်သားနှင့် ရဲအင်အား ၇၀ ဝန်းကျင်ခန့်ဖြင့် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဖမ်းခံရပြီး နောက်တစ်ရက် (စက်တင်ဘာ ၂၆) မွန်းလွဲပိုင်းတွင် သေဆုံးပြီဖြစ်ကြောင်း မိသာစုထံ အကြောင်းကြားခဲ့သည်ဟု သိရသည်။

ဦးဖက်တီးသည် သေနတ်များ ပို့ဆောင်ပေးနေသူဖြစ်ကြောင်း သတင်းရသည့်အတွက် လာဖမ်းခြင်းဖြစ်ကြောင်း ဖမ်းဆီးရာတွင် ပါဝင်သည့် ဒုဗိုလ်မှူးကြီးတစ်ယောက်က ပြောဆိုခဲ့ပြီး နေအိမ်အနှံ့ မွှေနှောက်ရှာဖွေသော်လည်း မည်သည့်လက်နက်ပစ္စည်းမျှ မတွေ့ရှိခဲ့ဟု ဆိုသည်။

ကိုဖက်တီးမှာ နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ခွဲစိတ်စစ်ဆေးရာတွင် နှလုံးမှာ ပုပ်နေသည်ကို တွေ့ရကြောင်း၊ ကိုဗစ်ပိုးလည်း တွေ့ရှိသည့်အတွက် ချက်ချင်း သင်္ဂြိုဟ်လိုက်ကြောင်း ဒုရဲမှုးတစ်ဦးက မိသားစုကို လာရောက်အကြောင်းကြားခဲ့သည်ဟု အထက်ပါအမျိုးသမီးကပင် ပြောသည်။

“သူတို့လာအကြောင်းကြားတော့ မိသားစုက ငိုကြတာပေါ့။ သူ့အမေရည်၊ အဒေါ်နှစ်ယောက်ရယ်၊ ညီမရယ်။ ငိုတော့ လာပြောတဲ့ သုံးပွင့်ရဲ (ဒုရဲမှူး) က ခင်ဗျားတို့ကို လူမှုရေးအရ လာအကြောင်းကြားတာ၊ အော်ကြီးဟစ်ကျယ် လုပ်မနေနဲ့၊ ခင်ဗျားတို့ပါ ဖမ်းထားလိုက်လို့ရတယ်ဆိုပြီး ပြောတယ်” ဟု ၎င်းက ပြောသည်။

ကိုဖက်တီးသည် ခန္ဓာကိုယ်အလေးချိန်များနေသည်မှအပ မည်သည့်ရောဂါအခံမှ မရှိကြောင်း၊ လမ်းလျှောက်များချိန်တွင် ခြေထောက်ကြွက်သားများ အကြောတက်(ကြွက်တက်) တတ်ခြင်း၊ အစားအသောက်မှားချိန်တွင် သွေးအနည်းငယ်တိုးခြင်းသာရှိကြောင်း ကိုဖက်တီး၏ မိတ်ဆွေဖြစ်သူ အခြားအမျိုးသမီးတစ်ဦးက ဆိုသည်။

“သေသွားပြီလို့ ပြောတဲ့အချိန်တောင် မငိုခဲ့ရဘူး၊ ရဲတွေပြန်သွားမှ ငိုခွင့်ရတယ်။ လူတစ်ယောက်ကို ဖမ်းသွားပြီး ၂၄ နာရီတောင် မပြည့်သေးဘူး၊ သေပြီဆိုပြီး လာပြော၊ အလောင်းလည်းမရ၊ ဒါတော်တော် ရက်စက်ယုတ်မာတာပါ” ဟု ၎င်းက ပြောသည်။

လူထုက ရွေးချယ်တင်မြှောက်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့သည့် စစ်ကောင်စီသည် နိုင်ငံတဝန်းရှိ ၎င်းတို့ကို ဆန့်ကျင်တော်လှန်သူများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းများ လုပ်ဆောင်ဆဲဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဩဂုတ်လကုန်ပိုင်းစာရင်းအရ စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၂၄ နာရီအတွင်း သေဆုံးရသူ ၆၆ ဦးရှိသည်။ 

English version.


Original Post: Myanmar Now