အောင်ပန်းမြို့မှ ကိုယ်ဝန်ဆောင်တစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရ

September 18th, 2021  •  Author:   Daw Kay Zin Kyaing (Aungban Township)  •  1 minute read
Featured image

“ရှမ်းမလေး” ပွဲရုံပိုင်ရှင် အသက် ၃၇ နှစ်အရွယ် ဒေါ်ကေဇင်ကြိုင်။ (ဓာတ်ပုံ-Supplied)  

လူမှုကွန်ရက်တွင် ရေးသားမှုနှင့် ပတ်သက်ပြီး မမှန်သတင်းပေး တိုင်ကြားခံရခြင်း ဖြစ်နိုင်ကြောင်း၊ ကိုယ်ဝန်ကြောင့် အလွန်အကျွံ မနှိပ်စက်ရန် တောင်းဆိုသည်ဟု သိရကြောင်း ခင်ပွန်းသည်က ပြောသည်

By Myanmar Now

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်တွင် သစ်သီးပွဲရုံပိုင်ရှင် ကိုယ်ဝန်ဆောင်တစ်ဦး အွန်လိုင်းလူမှုကွန်ရက် အသုံးပြုမှုနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၅ နေ့လယ်တွင် အဖမ်းခံရသည်ဟု မိသားစုက ပြောသည်။

“ရှမ်းမလေး” ပွဲရုံပိုင်ရှင် အသက် ၃၇ နှစ်အရွယ် ဒေါ်ကေဇင်ကြိုင်ကို အောင်ပန်းမြို့၊ ဇောတိရပ်ကွက်၊ ပင်မှီလမ်းနေအိမ်တွင် ရှိနေစဉ် စက်တင်ဘာ ၁၅ နေ့လယ်၌ စစ်တပ်နှင့်ရဲအင်အား ၃၀ နီးပါး၊ ကား ၃ စီးဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ခင်ပွန်းဖြစ်သူက ပြောသည်။

“သူက Facebook ပေါ် (Post)  တင်ထားတဲ့အမှုနဲ့ စွဲလိုက်တာ။ ဘေးကနေ နည်းနည်းပါးပါးဝိုင်းချွန်တဲ့သူ၊ ကျပ်တဲ့သူလည်း ရှိတာပေါ့။ သူ့ကို (အထက်ကနေ) ဆင်းဖမ်းတာလို့ ပြောတယ်ဗျ။ နာမည်အရင်းတောင် မသိဘူး။ ရှမ်းမလေးဆိုပြီး ဝင်ဖမ်းတာ” ဟု  ၎င်းက ဆိုသည်။

ဒလန်၏ သတင်းပေးတိုင်ကြားမှုကြောင့် အဖမ်းခံရခြင်းဖြစ်ပြီး ၎င်း၏ဇနီးမှာ စီးပွားရေးသာ လုပ်ကိုင်သူဖြစ်ကြောင်း သူက ပြောသည်။

“လက်နက်ပစ္စည်းတို့၊ နိုင်ငံရေးတို့၊ PDF တွေ ထောက်ပံ့လို့တို့၊ ပစ္စည်းတွေ အိမ်ထဲမှာတွေ့လို့ ဖမ်းတာ မဟုတ်ဘူး။ Facebook ပေါ်တင်တဲ့ကိစ္စနဲ့ ဘေးကလည်း ညှောင့်တဲ့ကိစ္စနဲ့ မဖြစ်မနေဖမ်းပြီးတော့ လုပ်တာ” ဟု ခင်ပွန်းဖြစ်သူက ပြောသည်။

အောင်ပန်းမြို့နယ်ရဲစခန်းတွင် ချုပ်နှောင်ထားစဉ် ကိုယ်ဝန် ၃ လ လွယ်ထားရသည့် ဒေါ်ကေဇင်ကြိုင်ကို  ရိုက်နှက်စစ်ဆေးမှုတချို့ ရှိခဲ့သည်ဟု သိရသည်။

“သူ့ကို စခန်းထဲမှာရိုက်တယ်။ ခြေထောက်တွေရိုက်တယ်။ ကျောကုန်းတွေရိုက်တယ်။ ကျွန်တော့ အမျိုးသမီးက သူ့ကို အရမ်းမရိုက်ပါနဲ့၊ ကျောကုန်းတွေ မရိုက်ပါနဲ့၊ ဗိုက်ထဲမှာ ကိုယ်ဝန်ရနေပြီဆိုတော့ ရိုက်တာကိုတော့ ရပ်သွားတယ်”ဟု ၎င်းက ကြားသိရပုံကို ပြောသည်။

စက်တင်ဘာ ၁၇ မနက်ပိုင်းတွင် ဒေါ်ကေဇင်ကြိုင်ကို တောင်လေးလုံးအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သော်လည်း ထောင်တွင်း ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားမှု မြင့်တက်နေဆဲဖြစ်သည့်အတွက်ဟုဆိုကာ ယမန်နေ့ ညနေပိုင်းတွင် အောင်ပန်းရဲစခန်းသို့ ပြန်ပို့ခဲ့ကြောင်း၊ ရဲစခန်းတွင် စစ်ဆေးမေးမြန်းနေဆဲသာဖြစ်ကြောင်း ခင်ပွန်းဖြစ်သူထံမှ သိရသည်။

ဖမ်းဆီးခံရစဉ်က ဝတ်ဆင်ထားသည့်ပစ္စည်းများကို စက်တင်ဘာ ၁၅ ညနေပိုင်းတွင် ပြန်ပေးခဲ့ပြီး လက်ကိုင်ဖုန်းကိုမူ သက်သေခံပစ္စည်းအဖြစ် သိမ်းယူထားကြောင်း ၎င်းက ဆိုသည်။

စစ်တပ် အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ မှ စက်တင်ဘာ ၁၇ အထိ ၂၂၉ ရက်တာ ကာလအတွင်း အရပ်သားပြည်သူအများအပြား ဖမ်းဆီးခံခဲ့ရပြီး ၆၅၉၁ ဦး ထက်မနည်း ဆက်လက်ချုပ်နှောင်ခံထားရကြောင်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှု အချက်အလက်များ ကောက်ယူစုဆောင်းနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ထားသည်။


Original Post: Myanmar Now