စစ်ကောင်စီ သတ်သွာသည့် ဂန့်ဂေါဒေသခံများ လိင်အင်္ဂါများပါ ဖြတ်ခံထားရ

September 14th, 2021  •  Author:   Arbitrary Killings by Military Coup (Gangaw Township)  •  1 minute read
Featured image

ဂန့်ဂေါမြို့နယ် မွေ့လယ်ရွာအနီး၌ သေဆုံးနေသော ဒေသခံပြည်သူ ၅ ဦး၏ အလောင်းများ / CJ

By ဧရာဝတီ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မွေ့လယ်ရွာအနီးတွင် ဒေသခံပြည်သူ ၅ ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရသည့်အပြင် လိင်အင်္ဂါများပါ ဖြတ်ခံထားရသလို နှိပ်စက်ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များ ထံက သိရသည်။

သေဆုံးသူ ၅ ဦးသည် မွေ့လယ်ရွာမှ ၃ ဦးနှင့် လယ်ရှည်ရွာမှ ၂ ဦးဖြစ်ပြီး ယမန်နေ့က ရုပ်အလောင်း ၂ လောင်း၊ ယနေ့ (စက်တင်ဘာ ၁၄) ရက်တွင် ၃ လောင်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲနှင့် မဆိုင်သည့် သာမန်ပြည်သူများကို စစ်ကောင်စီ တပ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

သေဆုံးသူများတွင် နောက်စေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံထားရမှုအပြင် ခြေထောက်နှင့်လက်တွင် ဓားဖြင့် မွှန်းထားသော ဒဏ်ရာများ၊ လိင်အင်္ဂါဖြတ်တောက်ခံထားရသည်များကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။

ဂန့်ဂေါမြို့နယ် မွေ့လယ်ရွာအနီး၌ သေဆုံးနေသော ဒေသခံပြည်သူ ၅ ဦး၏ အလောင်းများ (ဓာတ်ပုံ- CJ)

ဒေသခံ တဦးက “သတ်ခံရတဲ့ သူတို့က အပြစ်မဲ့ ပြည်သူတွေ ဘာမှကို မဆိုင်တဲ့လူတွေပေါ့။ သေနတ်ဒဏ်ရာတွေလည်း တွေ့တယ်။ ခန္ဓာကိုယ်မှာ ရိုက်နှက်ထားတာတွေ ရှိတယ်။ မွေ့လယ်ရွာကကျတော့ လိင်အင်္ဂါတွေပါ ဖြတ်သွားတယ်ဗျ။ ၂ လောင်းပဲ။ ပစ်သတ်ရုံတင် မကဘူး ခြေထောက်တွေ လက်တွေမှာ ဓားတွေနဲ့ မွှန်းထားလည်း တွေ့တယ်။ ခေါင်းတွေ မျက် နှာတွေလည်း ရစရာ မရှိတော့ဘူး။ အလောင်းတွေက သယ်ဖို့တောင် မလွယ်လို့ တနေရာထဲမှာ ပုံပြီး မီးရှို့ရတာ” ဟု ပြော သည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာအနီးတွင် စက်တင်ဘာ ၉ ရက်က စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ် ရေး တပ်များကြား တိုက်ပွဲဖြစ်ပွားရာ လူငယ်အများအပြား ပါဝင်သည့် ဒေသခံ ၁၇ ဦးထက် မနည်း သေဆုံးခဲ့သည်။

စက်တင်ဘာ ၁၀ ရက်ကလည်း စစ်တပ်နှင့် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် နှမ်းခါးရွာတွင် စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့်အတွက် နေအိမ် ၄၀ ခန့် မီးလောင် ပျက်စီးခဲ့ပြီး အဆိုပါ နေ့တွင်ပင် မွေ့လယ်ရွာတွင် လည်း ဒေသခံအချို့ကို စစ်ကောင်စီက ဖမ်းဆီးမှုများ ရှိကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ် မွေ့လယ်ရွာအနီး၌ သေဆုံးနေသော ဒေသခံပြည်သူ ၅ ဦး၏ အလောင်းများ (ဓာတ်ပုံ- CJ)

အလားတူပင် စက်တင်ဘာ ၁၃ ရက်ကလည်း နှမ်းခါးကျေးရွာကိုပင် စစ်ကောင်စီတပ်က ထပ်မံမီးရှို့သည့်အတွက် အိမ် ၁၄ လုံးခန့် မီးလောင်ခဲ့ကြောင်း စက်တင်ဘာ ၁၂ ရက်က ဂန့်ဂေါမြို့နယ် ထှယ်လှော်ကျေးရွာတွင် စစ်တပ်က မီးရှို့ ဖျက်ဆီးမှု များ ပြုလုပ်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ရွာများတွင် တပ်စွဲခြင်း၊ နေအိမ်များအား မီးရှို့ခြင်း၊ ပစ်ခတ်ဖမ်းဆီးခြင်းများ ပြုလုပ်နေခြင်းကြောင့် ဂန့်ဂေါမြို့နယ်တွင် နှမ်းခါး၊ မွေ့လယ်၊ ထှယ်လှော်နှင့် မြင်သား အစရှိသည့် ရွာပေါင်း ၁၀ ရွာခန့်သည် ကျေးရွာများကို စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

English version.


Original Post: The Irrawaddy