စစ်ကောင်စီ​၏ လူမဆန်တဲ့နှိပ်စက်နည်းကိုကြုံတွေ့ရသော လူငယ်တစ်ဦးနှင့်တွေ့ဆုံခြင်း

September 14th, 2021  •  Author:   Kauk Gyi (Myanmar)  •  1 minute read
Featured image

သူ့ရဲ့ နှာ‌ခေါင်း၊လက်နဲ့ ‌ခန္ဓာကိုယ်အစိတ်အပိုင်းတချို့က ရဲစခန်းအချုပ်မှာ ရဲတွေရဲ့နှိပ်စက်မှုကြောင့် ပုံမှန်အနေအထားမဟုတ်ဘဲ ကောက်နေတဲ့အတွက်ကြောင့် ချစ်စနိုးနဲ့ ကောက်ကြီးလို့ ကျွန်တော် တို့ကခေါ်ကြတာပါ။

By 1382 Revolution Channel

ဤစာတွင် လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းနှင့် စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်များ ပါဝင်နေသည်ကို စာဖတ်သူများကို ကြိုတင်အသိပေးအပ်ပါသည်။

ကျွန်တော့်ကို တိုက်လို့ခေါ်တဲ့အခန်းကျဉ်းလေးထဲကနေ စိတ် ကျဉ်းကျပ်စရာကောင်းတဲ့ သီးသန့်ထောင်ဝန်းထဲက ကိုလိုနီခေတ်အဆောက်အဦး အမှတ် ၁ အိပ်ဆောင်ကို ထောင်အာဏာပိုင်တွေကပြောင်းရွေ့လိုက်ပါတယ်။ လူတွေကပြည့်ကြပ် ကြမ်းပိုးတွေပေါပြီး လေဝင်ပေါက် ကျဉ်းကျဉ်းလေးရှိတဲ့ အမှတ် ၁အိပ်ဆောင်က အခန်း ၁ ကို ကျွန်တော်ရောက်ပြီး သိပ်မကြာခင်ရက်ပိုင်းမှာ အခန်းထဲကို ရဲရင့်ပြီး ပြတါသားတဲ့ မျက်လုံးနှင့် ခြေထောက်မှာရိုက်ခံထားရလိုညိုမဲနေတဲ့ဒဏ်ရာအပြည့်နဲ့ ပိန်ပိန်ပါးပါး အသားဖြူဖြူ ဆံပင်ကတော့ မတိုမရှည် အရပ်ကတော့ ၅ပေ၆ လောက်ရှိတဲ့ အခုခေတ် လူငယ် ပုံစံမျိုးရှိတဲ့ အသက်၁၈နှစ်ကျော် ကောင်လေး ဝင်လာတာကို ကျွန်တော် ကော်ဖီသောက်နေရင်း လှမ်းမြင်လိုက်ပါတယ်။

သူကတော့ ကျွန်တော်ထောင်ကိုရောက်ပြီး ၂လ နီးပါးလောက်ကြာတဲ့ အခါမှာ ရောက်လာတာပါ။ ရောက်လာတာက သင်္ကြန်မတိုင်ခင်ကပေါ့။ သူက နိုင်ငံရေးအခြေအနေကြောင့် ထောင်ထဲရောက်လာသူတစ်ဦးပါ။ သူအပါအဝင် ဖမ်းမိတဲ့နေရာတွေမတူတဲ့ တခြားလူငယ် ၆ဦးလောက်ပါတယ်။ ထိုလူငယ်တွေအကုန်လုံးကို စစ်ကောင်စီက လမ်းမတွေပေါ်မှာ မတရားဖမ်းဆီးလာတာပါ။ သူတို့တွေ ရောက်လာတော့ ကျွန်တော်တို့ အရင်ဖမ်းခံထားရတဲ့လူတွေက မုန့်တွေပေး စားဖို့ ငပိကြော်တွေ ဝေမျှရင်း ဖမ်းခံရတဲ့ ပုံစံတွေကိုမေးကြည့်ကြပါတယ်။

ဒလန် သတင်းပေးကြောင့် အဖမ်းခံရတယ်ဆိုတာကို သူပြောပြချက်အရ ကနဦးသိရပါတယ်။

ကျွန်တော်အပါအဝင် သူ့ကို ထောင်တစ်ခုလုံးက ချစ်စနိုးနဲ့ ကောက်ကြီးလို့ခေါ်ကြတယ်။ သူ့ရဲ့ နှာ‌ခေါင်း၊လက်နဲ့ ‌ခန္ဓာကိုယ်အစိတ်အပိုင်းတချို့က ရဲစခန်းအချုပ်မှာ ရဲတွေရဲ့နှိပ်စက်မှုကြောင့် ပုံမှန်အနေအထားမဟုတ်ဘဲ ကောက်နေတဲ့အတွက်ကြောင့် ချစ်စနိုးနဲ့ ကောက်ကြီးလို့ ကျွန်တော် တို့ကခေါ်ကြတာပါ။

ဒီကြားထဲမှာ ကျွန်တော်လဲ သီးသန့်ဝန်းထဲက တိုက်တွေ အဆောင် တွေကို ထောင်အာဏာပိုင်တွေက အတင်းအကြပ်ပြောင်းတာကြောင့် သူနဲ့မတွေ့ဖြစ်ခဲ့ပါဘူး။မေလ ကုန်ခါနီးလောက်ကျ တော့ သူရှိတဲ့ အခန်းကို ကျွန်တော် နောက်တစ်ခေါက်ရောက်သွားခဲ့ပါတယ်။ကျွန်တော်ရောက်ပြီး နဲနဲလောက်ကြာတဲ့အခါမှာ အဲ့အခန်းကပဲဆေးဝါးနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူနဲ့ ကျွန်တော်စကားပြောနေတဲ့အချိန်မှာ သူက ကျွန်တော် ဆီးသွားရတာအဆင်မပြေဘူးလို့ လာပြောတယ်။အဲ့တာနဲ့ အကြောင်းအရာကိုမေးကြည့်တဲ့အခါမှာတော့ သူ့ ရဲစခန်းအချုပ်မှာတုန်းက ခံခဲ့ရတဲ့အကြောင်းကို ကျွန်တော်တို့ကိုပြောပြတယ်။

သူ့ကို ဒလန် သတင်းပေးကြောင့်ဖမ်းခဲ့ပြီး သူ့ကို စစ်ဆေးမေးမြန်းတဲ့အချိန်မှာ နှာခေါင်းကို သေနတ်ဒင်နဲ့ ထုတာတွေ၊သူ့ရဲ့ လက်သန်းနှစ်ချောင်းလုံးကို ခုံပေါ်တင်ပြီး ထုတာတာအကြောင်းတွေကိုပြောပြတယ်။သူ့ရဲ့‌ခြေထောက်တွေမှာ လည်း နံပါတ်တုတ်နဲ့ရိုက်ထားတဲ့အရာတွေက အပြည့်ပါပဲ။ ဒီလိုမျိုးရိုက်နှက်တာကို သူထောင်ရောက်စထဲက ပြောပြလို့သိထားပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ကို သူထောင်ရောက်စက မပြောပြတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲ့နှိပ်စက်မှု တစ်ခုရှိနေပါသေးတယ်။

အဲ့တာကတော့ သူ့ကိုစစ်ဆေးမေးမြန်းမှုလုပ်နေစဉ်မှာ လိင်တံကို အုတ်နီခဲ အကျိုးအပိုင်းအစတွေပေါ်တင်ပြီး ဖိနပ်နဲ့ နင်းတဲ့ လူမဆန်တဲ့ စစ်ကောင်စီရဲ့ နှိပ်စက်မှုတစ်ခုပါ။ သူပြောပြချက်အရ သူ့ကို မေးမြန်းနေတုန်းမှာ လက်ထိပ်နောက်ပြန်ခတ်ပြီး ရဲစခန်းရဲ့တစ်နေရာကို ခေါ်သွားပြီး ခြေထောက်ဆင်းပေါင်ကားပြီး ထိုင်ခိုင်းတယ် ပြီးတော့ သူ့ရဲ့ လိင်တံရဲ့အောက်မှာ အုတ်နီခဲအကျိုးအပိုင်းအစတချို့ကို ထည့်ပြီး ရဲက သူ့ကို တခွန်းမေးတယ် သူ့ရဲ့လိင်တံကို တစ်ခါနင်းတယ် အဲ့လိုနင်းတာဟာ ၆ချက်ထက် မနည်းရှိတယ်လို့ သူကပြောပါတယ်။သူ့ကို အဲ့လိုလုပ်နေချိန်မှာတော့ သူကတော့ အော်ဟစ်ပြီး ထပ်မလုပ်ဖို့သာ ပြောနေတယ်လို့ပြောပါတယ်။

ထိုအကြောင်းအရာကိုသိတော့ ကျွန်တော်တို့ သူ့ကို ထောင်တွင်းဆေးခန်းကိုခေါ်သွားပါတယ်။ ထောင်ဆေးခန်းကဆရာဝန်ကို သူ့ရဲဒဏ်ရာကိုပြတဲ့အခါ သူ့ရဲ့ လိင်တံက ပုံမှန်မဟုတ်ဘဲ သိသိသာသာကြီးကို ကောက်ပြီး တချို့နေရာတွေမှာ ညိုနေတာကိုတွေ့ရပြီး သူနှိပ်စက်ခံရတုန်းက ဆီးသွားလို့ မရဘူးလို့လည်းပြောပါတယ်။ အခုတော့ ဆီးသွားလို့ကတော့ ရတယ် ဒါပေမယ့် အရမ်းနာကျင်တယ်လို့ ပြောပါတယ်။ဆေးခန်းပြတဲ့ အချိန်ဟာ သူထောင်ထဲရောက်တာ တစ်လကျော်ရှိပါပြီ။သို့သော်သူ ကျွန်တော်ရှိစဉ်ကတော့ ထောင်ဆေးခန်းမှာ ဆေးကုသခွင့်မရခဲ့ပါဘူး။

ထိုအကြောင်းအရာကို သူ့ရှေ့နေကိုပြောပြဖို့ ကျွန်တော်တို့ကအတင်းပြောပါတယ်။ သူနောက်ရုံးချိန်းကျ ပြောမယ်လို့ကတိပေးခဲ့ပါတယ်။

​သူ အကျဉ်းထောင်အတွင်း ယာယီတရားရုံးမှာ ရုံးချိန်းထွက်ပြီး ပြန်လာတော့ ကျွန်တော်တို့ကိုလာတွေ့ပါတယ်။ သူ့ရှေ့နေကို သူနှိပ်စက်ခံရတဲ့ အကြောင်းပြောပြလိုက်တယ်လို့ပြောပါတယ်။ပြီးတော့ သူ့ကို ရဲစခန်းအချုပ်မှာ လိင်ပိုင်းဆိုင်ရာနှိပ်စက်ခဲ့တဲ့ ရဲနဲ့ ထောင်တွင်းတရားရုံးမှာ တွေ့ခဲ့ပြီး အဲ့ဒီ့ရဲက နိုင်ငံရေး အကျဉ်းသားတွေကို ရုံးထုတ်တဲ့ အခါမှာ စောင့်တဲ့ လုံခြုံရေးအဖြစ်ပါလာတယ်။အဲ့ဒီ့ရဲ့က သူ့ကို “မင်း ငါ့ကို မှတ်မိလားလား”လို့မေးတဲ့အချိန်မှာ သူက ” မှတ်မိတယ်။ငါလွတ်လာရင် ခင်ဗျားတို့နဲ့ ပြန်တွေ့ချင်တယ်”လို့ပြောခဲ့တယ်လို့ ကျွန်တော်တို့ကို ဒေါသထွက်တဲ့ပုံစံနဲ့ပြောပါတယ်။

သူ့ကို နှိပ်စက်ခဲ့တဲ့ ရဲနဲ့ တကယ်တွေ့ခဲ့လားလို့ သူ့နဲ့ရုံးချိန်း တူတူထွက်တဲ့ တခြား သူတွေကိုမေးကြည့်တဲ့အခါ တကယ်တွေ့ခဲ့တယ် သူတကယ်ပြောခဲ့တာလို့ ပြောကြတော့ တော်တော် သတ္တိရှိတဲ့လူငယ်လို့တွေးမိပါသေးတယ်။

သတ္တိရှိတဲ့လူငယ်လို့တွေးမိတာ ထိုအချက်နဲ့တင်မကပါဘူး ထောင်ထဲက တချို့လူကြီးတွေက ငါတို့ပြန်ထွက်ရင် နိုင်ငံရေးကို မလုပ်တော့ဘူးလို့ပြောဆိုကြတဲ့အခါ သူက ဒေါသထွက်တဲ့အမူအရာနဲ့ ” ကျွန်တော်တို့ကိုဒီလောက်လုပ်ထားတာ ဘယ်တော့မှာမကြေဘူး ဒီကောင်တွေကို အမြစ်ဖြတ်ပစ်မှ အေးမယ်လို့” ပြောဆိုနေကျလူငယ်ပါ။

သူ ရဲစခန်းမှာ ကြုံရတဲ့ အိမ်မက်ဆိုးတွေကို ကျွန်တော်ရယ် နောက်ထပ်အကိုတစ်ယောက်ရယ်ကို ပထမဆုံးပြောပြတာလို့ သူကပြောပါတယ်။ သူက တော်လှန်ရေးနဲ့ ပတ်သက်ပြီး သိပ်ကို စိတ်ဓာတ်ခိုင်မာသူတစ်ဦးပါ။

ကျွန်တော်ကတော့ လွတ်လာပေမယ့် သူကတော့ ယခုအချိန်ထိ အကျဉ်းထောင်ထဲမှာ ရှိနေပြီး စစ်ကောင်စီက သူ့ကိုတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က နဲ့မတရား တရားစွဲဆို ဖမ်းဆီးချုပ်နှောင်ထားဆဲပါ။  

English version.


Original Post: 1382 Revolution Channel