ဒဂုံတက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌဟောင်းကို စစ်ခုံရုံးက ထောင် ၁၀နှစ် အမိန့်ချ

06 September 2021

Ko Min Thu Kha Kyaw (Yangon)

ဒဂုံတက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌဟောင်းကို စစ်ခုံရုံးက ထောင် ၁၀နှစ် အမိန့်ချ

ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံအနီးတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြနေသူ ကိုမင်းသုခကျော်ကို တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now)

စစ်သင်တန်းတက်ခဲ့သည်၊ လက်နက်နှင့်အတူမိသည်ဟု စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့သည့် ကိုမင်းသုခကျော်မှာ ရှေ့နေငှားခွင့်ပင် မရခဲ့ပေ

By Myanmar Now

လွန်ခဲ့သည့် သုံးလခန့်က ဖမ်းထားပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုမင်းသုခကျော်ကို ယနေ့ (စက်တင်ဘာ ၆)တွင် စစ်ခုံရုံးဖြင့် ထောင် ၁၀ နှစ် ချလိုက်ကြောင်း မိသားစုဝင်တစ်ဦးက အတည်ပြုသည်။

“ရုံးချိန်းမှာ သူကိုယ်တိုင် ကျွန်တော့်ကို (ဖုန်း) ဆက်တာခင်ဗျ။ စစ်ခုံရုံးနဲ့ သူ့ကို အမိန့်ချလိုက်တယ်ဆိုပြီး (အကျဉ်းထောင်ဝန်ထမ်းတစ်ဦး၏ အကူအညီဖြင့်) ဖုန်းဆက်တာခင်ဗျ”ဟု ၎င်းက ပြောသည်။

ကိုမင်းသုခကျော်ကို အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ်သာ အပြစ်ပေးနိုင်သည့် ဆူပူစေရန်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်ထားသည်ဟုသာ သိထားသော်လည်း မည်သည့်ပုဒ်မများ ထပ်တိုး၍ ယခုကဲ့သို့ အမိန့်ချသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ထံတွင် စစ်သင်တန်းနှင့် ဖောက်ခွဲရေးသင်တန်းတက်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည့် ကိုမင်းသုခကျော်ကို စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်၌ ဇွန် ၆ ရက်တွင် စစ်တပ်က ဖမ်းသွားခြင်းဖြစ်သည်။

ကိုမင်းသုခကျော်ကို အင်းစိန်ထောင်တွင်ထား၍ စစ်ခုံရုံးဖြင့် စစ်ဆေးနေစဉ် သုံးလအတွင်း မိသားစုက ထောင်ဝင်စာတွေ့ခွင့်မရသလို ‌ရှေ့နေငှားခွင့်ပင် မရခဲ့ဟုလည်း သိရသည်။

“ဥပဒေအရပေးထားတဲ့ အခွင့်အရေး(ရှေ့နေငှားခွင့်) တွေက မာရှယ်လော (စစ်အုပ်ချုပ်ရေး) ဥပဒေအရ မရှိတော့ဘူး။ ဒါတွေကတော့ စွပ်စွဲခံရသူဘက်က နစ်နာတာပေါ့”ဟု တရားလွှတ်တော်ရှေ့နေ ဦးသက်နောင်က ပြောသည်။

ကိုမင်းခန့်ကျော်ကို စစ်ခုံရုံးဖြင့် ထောင် ၁၀ နှစ် အပြစ်ပေးသည့် ကိစ္စနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း၊ အကျဉ်းဦးစီးနှင့် အင်းစိန်ထောင် အာဏာပိုင်များထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

အာဏာသိမ်းတစ်လကျော်အကြာ မတ်လအတွင်းတွင် ရန်ကုန်တိုင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာပမြို့နယ်များတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာကာ ၎င်းတို့ကို ဆန့်ကျင်သူများကို အပြင်းအထန်နှိပ်ကွပ်နေသည်။

ထိုမြို့နယ်များရှိ တရားစီရင်ရေးယန္တရားကို စစ်ခုံရုံးဖြင့် အစားထိုးထားပြီး သေဒဏ်အထိ အပြစ်ပေးနိုင်သည့် အခွင့်အာဏာကို ပေးထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ မှ စက်တင်ဘာ ၄ အထိ ၇လကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် လူပေါင်းတစ်ထောင်ကျော် သေဆုံးခဲ့ပြီး ၈၀၀၀ နီးပါး ဖမ်းဆီးခံထားရသည်ဟု သိရသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia