စဉ့်ကိုင်မြို့နယ်မှ လူငယ် ၃၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

September 1st, 2021  •  Author:   Arbitrary Arrest by Military Coup (Sintgaing Township)  •  1 minute read
Featured image

ဆန္ဒပြသူများကို ဖြိုခွင်းရန် စစ်ထရပ်ကားများဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည်ကို တောင်ငူမြို့၌ ဖေဖော်ဝါရီ ၂၈ က တွေ့ရစဉ်။ (ဓာတ်ပုံ-CJ)

မန္တလေးတိုင်း၊ စဉ့်ကိုင် ရွာ ၃ ရွာကို စစ်တပ် ဝင်စီးစဉ် ထွက်မပြေးသူများ အဖမ်းခံရသည်ဟု ဒေသခံတစ်ဦးက ပြောသည်

By Myanmar Now

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသမှ လူငယ် ၃၁ ဦးကို ယမန်နေ့ (ဩဂုတ် ၃၁) မနက်၌ စစ်တပ်က ဖမ်းဆီးလိုက်သည်။

မုန်ပင်၊ ကံကြီး၊ ရွာဘိုတို့ကို စစ်ထရပ်ကား ၁၀ စီး ကျော်ဖြင့် အင်အားရာဂဏန်းရှိ ရဲနှင့် စစ်သားများ ပါဝင်သော စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

စဉ့်ကိုင်မြို့ပေါ်မှ ဆိုင်ကယ်ဖြင့် တစ်နာရီခန့်သွားလျှင်ရောက်သော မုန်ပင်ရွာကို မနက် ၆ နာရီ ၌ စတင်ဝင်ရောက်လာသည့် စစ်တပ်က တစ်နာရီခန့်အကြာစီးနင်းအပြီး လူငယ်  ၂၅ ဦး ဝန်းကျင် ဖမ်းဆီးသွားသည်။

ကိုရဲ၊ ကိုသူ၊ ကိုခင်မောင်ကျော်၊ ကိုမိုးဝင်းဌေး၊ ကိုမိုးမင်းအေး၊ ကိုခန့်ဇင်ဝင်းနှင့် ကိုစိုးဝင်းတို့ အပါအဝင် အသက် ၂၀ ကျော်အရွယ်ဝန်းကျင် အမျိုးသားများကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟု ဒေသခံများက ဆိုသည်။

“ဘာလာရှာတာလို့လည်း မပြောဘူး။ ပေါ်တာဆွဲတဲ့သဘောပဲ။ အမေးအမြန်းမရှိကို အကုန်ပတ်လာဖမ်းတာ၊ ပြေးနိုင်တဲ့သူတွေက လွတ်ပြီး ဘာမှမဖြစ်ဘူးထင်ပြီး နေခဲ့သူတွေ ဖမ်းသွားတာပဲ”ဟု မုန်ပင်ကျေးရွာ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါလူငယ်များမှာ ဒေသခံခြံစိုက်လုပ်သားများ၊ တောင်သူများသာဖြစ်ပြီး နိုင်ငံရေးတက်ကြွသူများ မပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည်ဇူလိုင်အတွင်း စဉ့်ကိုင်မြို့နယ်တွင် စစ်တပ်သတင်းပေး ဒလန်တစ်ဦး ပစ်သတ်ခံရပြီးနောက် အနီးနားရွာများကို ထိုသို့ စစ်တပ်က မကြာခဏ လာရောက်ရှာဖွေမှုများပြုလုပ်ကြောင်း ဒေသခံ နောက်တစ်ဦးက ဆိုသည်။

“သူတို့က ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) လာရှာတာ ထင်တာပဲ။ ဒါပေမယ့် ဖမ်းခေါ်သွားသူတွေက ဘာမှ မသိတဲ့ ရွာခံရွာသားစစ်စစ်တွေပါ”ဟု ၎င်းက ပြောသည်။

“ဒါက စစ်ကောင်စီက အထက်က ဖိအားပေးတဲ့အပေါ်မှာ PDF တွေကို မမိတော့ ရမ်းသန်းသိမ်းကြုံးပြီးတော့ လုပ်တာပဲ။ သူတို့က မတော်လှန်ရဲအောင် အကြမ်းဖက်ပြ၊ ရက်စက်ပြတာပဲ” 

စစ်ကောင်စီတပ်က ကပ်လျက်ရွာဖြစ်သော ကံကြီးရွာမှ  လူငယ်  ၃ ဦး၊  ရွာဘိုရွာမှ လူငယ် ၃ ဦးတို့ကိုလည်း ဝင်ရောက်ဖမ်းဆီးသွားသည်။

ရွာ ၃ ရွာမှ အဆိုပါလူငယ်များကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ယနေ့ နေ့လယ်အထိ မသိရှိရသေးသောကြောင့် သက်ဆိုင်ရာမိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။

ဖမ်းဆီးခံရသည့် ရွာသား ၃၁ ဦးသည် သာမန် အရပ်သားများသာဖြစ်ကြောင်း စဉ့်ကိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဆိုသည်။

” သူတို့ (စစ်တပ်) အထက်ကို အဖမ်းပြဖို့အတွက် ရွာသားတွေကို အသုံးချတာ။ မဆိုင်တဲ့ရွာသားတွေကို ခုလို လုပ်နေတာတွေ တော်တော်ဆိုးပါတယ်”ဟု စဉ့်ကိုင် PDF က  Myanmar Now ကို တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။

စစ်ကောင်စီတပ်က မြို့အများအပြားမှ ဒေသခံတို့ကို PDF သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသည်။

ပြီးခဲ့သည့်ဇူလိုင် ၆ တွင် တံတားဦးလေဆိပ်အနီး PDF များ ပစ်ခတ်ခဲ့၍ စစ်သားတစ်ဦးသေဆုံးပြီးနောက် ယင်းနေ့မှာပင် စဉ့်ကိုင်မြို့၊  အုန်းပင်ခြံရွာ “ရွှေကြယ်စင်”လက်ဖက်ရည်ဆိုင်ကို စစ်တပ်က စီးနင်းခဲ့သည်။

ဆိုင်အနီး တဲတစ်လုံးမှ လက်လုပ်ဗုံးနှင့် ဆက်စပ်ပစ္စည်းများရှာဖွေတွေ့ရှိသည်ဆိုကာ ယင်းလက်ဖက်ရည်ဆိုင်မှ အသက်မပြည့်သေးသည့် ကလေးနှစ်ဦးအပါအဝင် ၇ ဦး ကို ဖမ်းဆီးခဲ့ပြီး ဖောက်ခွဲရေးဆိုင်ရာပုဒ်မ ၅၊၆ တို့ဖြင့် အမှုဖွင့်ခဲ့သည်။

ရှာဖွေတွေ့ရှိခဲ့သည့် လက်လုပ်ဗုံးနှင့် ဆက်စပ်ပစ္စည်းများသည် လက်ဖက်ရည်ဆိုင်မိသားစုနှင့် မပတ်သက်ဘဲ မိမိတို့ပစ္စည်းများသာဖြစ်ကြောင်း စဉ့်ကိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က Myanmar Now ကို ပြောထားသည်။

English version.


Original Post: Myanmar Now