အင်းစိန်မီးရထားစက်ခေါင်းစက်ရုံမှ CDM ဝန်ထမ်း ၁၄၀ ကျော် ထုတ်ပယ်ခံရ

August 23rd, 2021  •  Author:   CDM Railway workers (Insein Township)  •  1 minute read
Featured image

ရန်ကုန်မြို့၊ မြန်မာ့မီးရထား လျှပ်စစ်/အလုပ်ရုံ (ရန်ကုန်) မှ CDM မီးရထားဝန်ထမ်းများ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည်ကို ဖေဖော်ဝါရီ ၂၅ က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

စစ်ကောင်စီလက်အောက်တွင် အလုပ်မလုပ်လိုသဖြင့် ရာထူးနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း CDM ဝန်ထမ်းတစ်ဦးက ပြောသည် 

By Myanmar Now

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်ပြီး လုပ်ငန်းခွင်ပြန်မဝင်သော အင်းစိန် မီးရထားစက်ခေါင်းစက်ရုံမှ ဝန်ထမ်း ၁၄၀ ကျော် ရာထူးမှ ထုတ်ပယ်ခံရကြောင်း စက်ရုံဝန်ထမ်းများက ပြောသည်။

အင်းစိန်မီးရထားစက်ခေါင်းစက်ရုံတွင် CDM ပြုလုပ်သည့် ဝန်ထမ်း ၆၅၀ အနက် လုပ်ငန်းခွင်ပြန်မဝင်သည့် ၁၄၁ ဦးမှာ ဩဂုတ် ၁၉ တွင် ရာထူးမှ ထုတ်ပယ်ခံရခြင်းဖြစ်ကြောင်း အဆိုပါ စက်ရုံမှ CDM ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဇံက Myanmar Now ကို ပြောသည်။

ထုတ်ပယ်စာတွင် မပါဝင်သေးသော်လည်း အရာရှိနှစ်ဦး၊ ဖမ်းဆီးထိန်းသိမ်းခံရသူ သုံးဦးနှင့် နေ့စားဝန်ထမ်း ၇ ဦး စုစုပေါင်း ၁၂ ဦးသည် CDM တွင် ပါဝင်နေဆဲဖြစ်သောကြောင့် ထုတ်ပယ်ခံရသူတိုးလာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ထုတ်ပယ်ခံရသည့် ဝန်ထမ်း ၁၄၁ ဦးအနေဖြင့် ဝန်ထမ်းချေးငွေ နှစ်လစာပြန်ဆပ်ရန်၊ ပြစ်ဒဏ်နှင့်ပတ်သက်၍ မကျေနပ်ပါက ၆ လအတွင်း နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ အယူခံတင်သွင်းနိုင်ကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားဌာနက သတိပေးထားသည်။

“လက်ရှိကျန်တဲ့လူတွေကတော့ (အယူခံဝင်ရန်) မရှိတော့ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ မထူးတော့ဘူးလေ” ဟု ကိုဇံက ပြောသည်။

ကနဦးတွင် အင်းစိန်စက်ခေါင်းစက်ရုံမှ CDM လုပ်သည့် မီးရထားဝန်ထမ်း ၆၅၀ ကျော်ရှိသော်လည်း ဖိအားပေးခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် စားဝတ်နေရေးအခြေအနေများကြောင့် ဝန်ထမ်းအများအပြား လုပ်ငန်းခွင်ပြန်ဝင်သွားကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီသည် CDM ဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်လာရန် ယခင်က သတိပေးစာပေးပို့ခဲ့ပြီး ယခု ထုတ်ပယ်စာ ထပ်မံထွက်ရှိလာသော်လည်း ပြည်သူ့အစိုးရပြန်လည်ရရှိမှသာ လုပ်ငန်းခွင်ပြန်ဝင်မည်ဖြစ်ကြောင်း လုပ်သက် ၁၁ နှစ်ကျော်ရှိ အင်းစိန်စက်ခေါင်းစက်ရုံမှ တွင်ခုံကျွမ်းကျင်(၄) CDM ဝန်ထမ်း ကိုကျော်ကျော်က ပြောသည်။

“ရုံးပြန်တက်နေသူတွေရှိတယ်ပေါ့။ သူတို့တွေကို Enquiry တွေ ထိုင်တယ်။ ခုံရုံးတွေတင် စစ်ဆေးပြီးတော့မှ ပြန်ခန့်ထားတယ်လို့တော့ ကျွန်တော်ထင်တယ်။ (ရုံးပြန်တက်တဲ့)လူကတော့ တော်တော်များမယ်ခင်ဗျ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ဗျူရိုကရေစီယန္တရားရပ်တန့်ရေးအတွက် ရာထူး၊ နေရာနှင့် လစာအားလုံးကို စွန့်လွှတ်ကာ CDM ပြုလုပ်ခဲ့သော်လည်း အချိန်ကြာမြင့်လာသည့်နှင့် ရပ်တည်ရန်ခက်ခဲလာပြီး ထောက်ပံ့ကူညီမှုများ မရှိတော့သဖြင့် ကျောတစ်ခင်းစာ ငှားရမ်းနေထိုင်ရန်ပင် အခက်အခဲကြုံနေကြောင်း ကိုကျော်ကျော်က ဆိုသည်။

“ကျောချစရာ နေရာထိုင်ခင်းလိုအပ်နေတာ ပိုများတယ်။ (စားစရာအတွက်) ကြုံသလို ရှိတာလေးနဲ့စားပြီး အသက်ရှင်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

၎င်းကဲ့သို့ပင် CDM မီးရထားဝန်ထမ်းအများစုသည် ဝန်ထမ်းအိမ်ရာမှ စွန့်ခွာခဲ့ရသည့်အတွက် နေစရာ အခက်အခဲရှိနေကြသည်ဟု သိရသည်။

ရန်ကုန်မြို့၊ အင်းစိန်တွင် မီးရထားစက်ခေါင်းများပြင်ဆင်သည့် စက်ခေါင်းစက်ရုံနှင့် ပို့ဆောင်ရေးပိုင်းဖြစ်သည့် မြို့ပတ်ဒီဇယ်စက်ရုံဟူ၍ နှစ်ရုံရှိပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့မှုမရှိသည့် စက်ခေါင်းပြင်စက်ရုံမှ CDM ဝန်ထမ်းများသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ အထောက်အပံ့လည်းမရကြောင်း ကိုဇံက ဆိုသည်။

ပြင်ပအလှူရှင်များ၏ ကူညီထောက်ပံ့မှုကို ၎င်းအနေဖြင့် တစ်လလျှင် အလွန်ဆုံး ကျပ် ၅၀,၀၀၀ သာ ရရှိခဲ့ဖူးပြီး  ကိုဗစ်တတိယလှိုင်းကာလတွင် ကူညီထောက်ပံ့မှုမရသည့်အပြင် ကျန်းမာရေးစရိတ်များရှိလာသောကြောင့် ပိုမိုကျပ်တည်းလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဆင်မပြေပေမဲ့လည်း စိတ်ဓာတ်နဲ့သွားနေတဲ့အခါကြတော့ ပေကပ်ပြီးတော့ နေနေကြတာပေါ့။ အခုထက်ထိလည်း အဲ့ဒီလိုပဲ နေနေကြတာပဲ။ တော်တော်လေးတော့ အဆင်မပြေဘူး” ဟု ကိုဇံက ဆိုသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မီးရထားဝန်ထမ်းများသည် အင်တိုက်အားတိုက်ပါဝင်ခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံးရှိ ရထားခရီးစဉ်အားလုံးနီးပါး ရပ်ဆိုင်းသွားပြီး CDM တွင် မပါဝင်သည့် ဝန်ထမ်းများဖြင့် စစ်ကောင်စီက မီးရထားပြေးဆွဲရန် ကြိုးစားသော်လည်း ယနေ့ထက်တိုင် ပုံမှန်ပြေးဆွဲနိုင်ခြင်း မရှိသေးပေ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က “အောင်လံလွှင့်ချီ နွေဦးထီ” ကို ဖွင့်လှစ်ရောင်းချနေပြီး ထီလက်မှတ်ရောင်းရငွေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းများအား ထောက်ပံ့ကူညီနိုင်ရန် ရည်ရွယ်ထားသည်။


Original Post: Myanmar Now