မန္တလေး ဆန္ဒပြလူငယ်ခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရ

August 16th, 2021  •  Author:   Kyaw Thiha (Mandalay)  •  1 minute read
Featured image

လမ်းပေါ်ထွက်ချီတက်ဆန္ဒပြမှုတစ်ခုတွင် ရှေ့ဆုံးမှ တွေ့ရသည့် ကိုကျော်သီဟ

အိမ်သုံးကားများပေါ်မှ အရပ်ဝတ် စစ်ကောင်စီတပ်သားများက မန္တလေးတက္ကသိုလ်အနီးလမ်းမပေါ်တွင် ကိုကျော်သီဟကို သေနတ်ဖြင့်ချိန်၊ ရိုက်နှက်ပြီး ဖမ်းခေါ်သွားသည်

By Myanmar Now

စစ်အာဏာရှင်ကို အစဉ်တစိုက် ဆန့်ကျင်လာသော မန္တလေးဆန္ဒပြအင်အားစု (တပ်ပေါင်းစု) ဆန္ဒပြစစ်ကြောင်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်သီဟသည် ယနေ့ ဩဂုတ်(၁၆)ညနေ ၅ နာရီခန့်က မန္တလေးတက္ကသိုလ်အနီးလမ်းမပေါ်တွင် ဖမ်းဆီးခံရကြောင်း သိရှိရသည်။

အိမ်သုံးကားဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်သားအရပ်ဝတ်များက ဆိုင်ကယ်မောင်းနေသူ အသက်(၂၀)ကျော်အရွယ် ကိုကျော်သီဟကို ရပ်တန့်စေပြီး ဝိုင်းဝန်းထိုးကြိတ်ကာ သေနတ်များဖြင့် ချိန်ရွယ် ဖမ်းဆီးသွားကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

၎င်းနေထိုင်ခဲ့သည့် မန္တလေး၊ ပုသိမ်ကြီးမြို့နယ် နေအိမ်သို့ စစ်ကောင်စီ တပ်သား ၂၀ ကျော်က ည ၈ နာရီခန့်၌ ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်ဟု အတူနေ သူငယ်ချင်းဖြစ်သူ တပ်ပေါင်းစုဆန္ဒပြခေါင်းဆောင် ကိုသူရအောင်ထံမှ သိရသည်။

“အခု ကျွန်တော်တို့အတူနေတဲ့ အိမ်ကိုပါ ဝင်စီးတယ်၊အားလုံးထွက်ပြေးနေရတယ်” ဟု ကိုသူရအောင်က ပြောသည်။

“တခြားရဲဘော်တွေ အခြေအနေတွေ မသိရသေးဘူး၊ကျွန်တော်က လုံခြုံရာရောက်ပါပြီ”

မန္တလေး ဆန္ဒပြစစ်ကြောင်းများတွင် တပ်ပေါင်းစုစစ်ကြောင်းသည်  မကြာခဏ လိုက်လံဖြိုခွင်းခြင်း ခံထားရသည်။

ပြီးခဲ့သည့် ဧပြီနှင့် မေနှင့် ဇွန်လအတွင်းကဆိုလျှင် စစ်ကောင်စီတပ်သားတို့က ထိုစစ်ကြောင်းကို ကားဖြင့် ဝင်တိုက်၍ အကြမ်းဖက်ဖမ်းဆီခဲ့သည်။

(ဇွန် ၁၄) နံနက်ပိုင်းက မန္တလေးတက္ကသိုလ်အနီးတွင် စစ်ကောင်စီက ကားဖြင့်တိုက်၍ ဖြိုခွင်းခဲ့ရာ တက္ကသိုလ်ဆရာတစ်ဦးအပါအဝင် ၆ ဦး ဖမ်းဆီးခံခဲ့ရသည်။

မန္တလေးတွင် ဒေါင်းစစ်သည်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ပညာရေး၊ အလုပ်သမား၊ လယ်သမား၊  မန္တလေးတက္ကသိုလ်၊ အထက(၇)ကျောင်းသားများ၊ စိန်ပန်း  စသည့် ဆန္ဒပြစစ်ကြောင်းတို့သည် တပ်ပေါင်းစုဆန္ဒပြစစ်ကြောင်းအဖြစ် ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီကို လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။

စစ်ကောင်စီကို ဆက်လက်အံတုသွားမည်ဟု တပ်ပေါင်းစု ခေါင်းဆောင်နောက်တစ်ဦးဖြစ်သည့် ကိုသူရအောင်က ပြောသည်။

“လူကိုသာဖမ်းလို့ရမယ်။ တော်လှန်ရေးစိတ်ကိုတော့ ဖြိုဖျက်လို့မရဘူး၊ တစ်လက်မမှ နောက်မဆုတ်ဘူး။ အမှန်တရားအတွက် အဆုံးထိကြိုးစားမယ်ဗျ”ဟု ကိုသူရအောင်က ပြောသည်။

English version.


Original Post: Myanmar Now