၄၄ လမ်းတွင် ကြွေလွင့်ခဲ့ရသော ပန်းသီး

August 13th, 2021  •  Author:   Ma Wai Wai Myint (aka) Pan Thee (Botataung Township)  •  1 minute read
Featured image

 

၄၄ လမ်းတွင် ကြွေလွင့်ခဲ့ရသော ပန်းသီး

စစ်ကောင်စီတပ်၏ ရန်ကြောင့် ရန်ကုန် အထပ်မြင့်တိုက်ပေါ်မှ ပြုတ်ကျ/ခုန်ချ သေဆုံးသူ ပန်းသီး ခေါ် မဝေဝေမြင့်သည် ကျောက်မျက်လုပ်ငန်းလုပ်ကိုင်ရာမှ နွေဦးတော်လှန်ရေးထဲ ရောက်လာသည်

By Myanmar Now

အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသော အထွေထွေအကျပ်အတည်းများနှင့် ကိုဗစ်ကပ်ရောဂါတတိယလှိုင်း အပြင်းအထန်ရိုက်ခတ်မှုကြောင့် ရန်ကုန်မြို့လူထုသည် အဆိုးရွားဆုံးသော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုနှင့် ရင်ဆိုင်နေရသည်။

ဩဂုတ်လဆန်း ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းတွင် နေထိုင်နေသူ အသက် ၂၉ နှစ်အရွယ် အသားဖြူဖြူ၊ နှာတံကောင်းကောင်း ရုပ်ရည်ချောမောလှသည့် ကလေးတစ်ဦး၏ မိခင်ဖြစ်သူ မဝေဝေမြင့်နှင့် သူ၏အမျိုးသား သွားဆရာဝန် ဒေါက်တာစိုးမြတ်သူတို့မိသားစု မန္တလေးသို့ လေယာဉ်ဖြင့်သွားပြီး၊ ထိုမှတစ်ဆင့် ပြင်ဦးလွင်မြို့သို့ စိတ်ပြေလက်ပျောက်ခရီးထွက်ခဲ့ကြသည်။ သူတို့လင်မယားနှစ်ယောက် ကိုဗစ်ကူးစက်ခံရကာ သက်သာပျောက်ကင်းပြီးနောက် ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်။

ဩဂုတ် ၁၀ ရက်နေ့ အပြန်တွင် အသွားအတိုင်း တစ်နာရီခန့်ကြာသည့် လေယာဉ်ခရီးဖြင့် မန္တလေးမှ ရန်ကုန်သို့ ပြန်မည်ဟု မူလကစီစဉ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ကြမ္မာကဖန်လာသည်။

အလုပ်ကိစ္စတစ်ခုပေါ်လာသဖြင့် ရန်ကုန်ကို စောရောက်ချင်သည်၊ သို့သော် လေယာဉ်က မန္တလေးမှ ညနေ ၃ နာရီခန့်မှ ထွက်မည်ဖြစ်၍ အပြန်နောက်ကျနေမည်ဟူ၍ စိတ်လောကာ ကားစင်းလုံးငှား၍ တစ်ရက်စောပြီး ဩဂုတ် ၉ ရက်တွင် ရန်ကုန်ကို ပြန်လာခဲ့ကြသည်။

နောက်တစ်နေ့မနက် ၉ နာရီတွင် ဗိုလ်တထောင် ၄၅ လမ်းအိမ်ကို ပြန်ရောက်ခဲ့ကြသည်။ ပြန်ရောက်ပြီး နာရီပိုင်းအတွင်းပင် ငယ်နာမည် ပန်းသီးဟုခေါ်သော မဝေဝေမြင့်မှာ အိမ်နှင့် မလှမ်းမကမ်းတွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

ထိုနေ့ညနေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ  ၄၄ လမ်း၊ အမှတ် ၃၈ သုံးလွှာတိုက်ခန်းကို ဝင်ရောက်အကြမ်းဖက် ပစ်ခတ်စီးနင်းမှုကြောင့် မဝေဝေမြင့်အပါအဝင် လူငယ်ငါးဦးပြေးလွှားတိမ်းရှောင်စဉ် အမြင့်ပေ ၅၀ ကျော်ရှိ ခေါင်မိုးပေါ်မှ ပြုတ်ကျခဲ့ကြသည်။ မျက်မြေသက်သေတချို့ကမူ ၎င်းတို့မှာ ခေါင်မိုးပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကိုယ့်ကိုယ်ကိုယ်ပဲ ယူကျုံးမရဖြစ်တယ်။ ကျွန်တော်သာ လေယာဉ်နဲ့ ပြန်ခဲ့မယ်ဆိုရင် အိမ်ကို အဲဒီနေ့က ညနေ ၆ နာရီမှ ပြန်ရောက်မယ်ပေါ့နော်။ လေယာဉ်က မနက်ပိုင်းမရှိဘူး” ဟု ဒေါက်တာစိုးမြတ်သူက ပြောသည်။

ဒေါက်တာစိုးမြတ်သူ၏ အဆိုအရ မဝေဝေမြင့်သည် နံနက်ပိုင်း ခရီးက ပြန်ရောက်ပြီးနောက် မွန်းလွဲသုံးနာရီခန့်တွင် ၄၄ လမ်းရှိ မိတ်ဆွေတချို့ထံ သွားမည်ဟုဆိုကာ အိမ်မှ ထွက်သွားကြောင်း သိရသည်။

“ပိုက်ဆံနည်းနည်း သွားပေးလိုက်ချင်လို့ဆိုပြီး တစ်သောင်းလား၊ တစ်သောင်းခွဲလား မသိဘူး ယူပြီး ထွက်သွားတယ်။ ထွက်သွားတဲ့အချိန်မှာ ဖြစ်သွားတာ” ဟု သူက ဆိုသည်။

ဇနီးဖြစ်သူထွက်သွားချိန် ဝတ်ထားသည့် စနိုးဝိုက်မင်းသမီး ဂါဝန်ပုံစံ ကော်လံအဖြူ၊ အပေါ်အပြာ၊ အောက်အဝါ ဂါဝန်လေးကို မှတ်မှတ်မိမိရှိနေခဲ့သည်။

ထိုနေ့ညက Facebook  တွင် တက်လာသည့် နောက်ဖေးလမ်းကြား ကွန်ကရစ်ပေါ် မှောက်လျက်ကျနေသော အဝါရောင်နှင့် အပြာရောင်အင်္ကျီစ ဝတ်ဆင်ထားသူကို တွေ့လိုက်ရချိန်တွင် ဒေါက်တာစိုးမြတ်သူ ထိတ်လန့်သွားသည်။

“စိတ်ထဲမှာ ကိုယ့်အမျိုးသမီးမဟုတ်ပါစေနဲ့ ဆုတောင်းနေတာ။ ဒါပေမဲ့ တိုက်ပေါ်ကကျတဲ့ မိန်းကလေးက အမျိုးသမီးနဲ့ တော်တော်လေးကို ပုံစံဆင်နေတယ်လို့လည်း တွေးမိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီကမူ မဝေဝေမြင့်သည် ၄၄ လမ်းတိုက်ခန်းရှိ လူငယ်များ ဖောက်ခွဲရေးလုပ်ရန်အတွက်နှင့် စားသောက်နေထိုင်စရိတ်များကို ထောက်ပံ့ပေးသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။

ဒေါက်တာစိုးမြတ်သူက‌တော့ ၄၄ ဖြစ်စဉ်တွင် ပါဝင်သူတို့ကို ရင်းနှီးသိကျွမ်းခြင်း မရှိပေ။ သူ၏ ဇနီးသည်မှာ စစ်တပ်အာဏာသိမ်းပြီး နေပြည်တော်တွင် မမြသွဲ့သွဲ့ခိုင် ပစ်သတ်မခံရခင်အချိန်ထိ ကျောက်မျက်ရတနာအရောင်းအဝယ်လုပ်သည့် သာမန်စီးပွားရေးသမားတစ်ယောက်သာဖြစ်ကြောင်း၊ သို့သော် မမြသွဲ့သွဲ့ခိုင်သေဆုံးပြီးနောက် စိတ်ထိခိုက်ကာ ဆန္ဒပြပွဲများတွင် ကိုယ်တိုင်ပါဝင်ခဲ့သလို၊ ဆန္ဒပြသူများကိုလည်း ကူညီခဲ့ကြောင်း သူကဆိုသည်။

မဝေဝေမြင့်သည် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။

“မမြသွဲ့သွဲ့ခိုင် သေနတ်မှန်သွားတဲ့အချိန်မှာ သူတော်တော်စိတ်မကောင်းဖြစ်သွားတယ်” ဟု ဇနီးဖြစ်သူ၏ နိုင်ငံရေးအမြင် ပြောင်းလဲလာပုံနှင့် ပတ်သက်၍ ဒေါက်တာစိုးမြတ်သူက ပြောသည်။

ပြုတ်ကျ/ခုန်ချသူများအနက် မဝေဝေမြင့်နှင့် ကိုဝေဇော်ဖြိုး သေဆုံးခဲ့ပြီး ကိုရဲမင်းဦး(ခ)ရဲကြီး၊ ကိုမင်းသစ္စာအောင်(ခ)ဗလနှင့် ကိုဝေယံထက်တို့မှာ ဒဏ်ရာအပြင်းအထန်ဖြင့် မင်္ဂလာဒုံစစ်ဆေးရုံတွင် ရောက်ရှိနေသည်။ ကိုကောင်းမင်းသန့်(ခ)Flex မှာ သေနတ်ဖြင့် ပစ်ခံရသည်ဟု သတင်းများထွက်ပေါ်နေပြီး သေဆုံးမှုရှိမရှိ အတည်မပြုနိုင်သေးပေ။ ထို့ပြင် ကိုဝေဖြိုးအောင်၊ ကိုသီဟကောင်းဆက်နှင့် မပိုးကျော်ကျော်ခန့်တို့ အဖမ်းခံလိုက်ရသည်။

ရုပ်အလောင်း ရှာပုံတော်

မဝေဝေမြင့်သေဆုံးကြောင်း သေချာမသိသေးသော်လည်း ည ၁၂ နာရီခန့်တွင် ဒေါက်တာစိုးမြတ်သူက ဇနီးသေဆုံးကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တင်ကြည့်ပြီး ထိုမှတစ်ဆင့် လူအများ၏ တုံ့ပြန်မှုကို စောင့်ကြည့်ခဲ့သည်။ ဇနီးဖြစ်သူ ပြုတ်ကျခဲ့ကြောင်းကို ထိုတုံ့ပြန်ရေးသားမှုများကို လေ့လာရာမှတစ်ဆင့် တဖြည်းဖြည်းပိုသေချာလာကာ အတည်ပြုနိုင်ရန် တစ်ညလုံး ကြိုးစားခဲ့ရသည်။

ထိုအချိန်ထိလည်း ဇနီးသေဆုံးကြောင်း သူ မယုံကြည်နိုင်သေးပေ။

ဦးစွာ ရန်ကုန်ဆေးရုံကြီးတွင် ရောက်ရှိနေခြင်း ရှိမရှိ အသိမိတ်ဆွေ ဆရာဝန်တစ်ဦးမှတစ်ဆင့် စုံစမ်းခဲ့ရာ သတင်းဂဃနဏ မသိခဲ့ရပေ။

“(မနက်)လေးနာရီလောက်ကျတော့ ကျွန်တော့်အစ်ကိုရယ်၊ ကားသမားရယ် လာခေါ်တယ်၊ (ရန်ကုန်ဆေးရုံကြီး) အရေးပေါ်မှာပဲ အရင်မေးတယ်။ ဒီမှာ အဲလိုပုံစံမျိုးနဲ့ ရောက်လာတာ မတွေ့ဘူးတဲ့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခံရသူများကို ရွှေပြည်သာမြို့နယ် ကျူချောင်သုဿန်တွင် သင်္ဂြိုဟ်လေ့ရှိသည်ဟု သတင်းရပြန်သဖြင့် ရန်ကုန်ဆေးရုံကြီးမှတစ်ဆင့် အဆိုပါသုဿန်တွင် အလောင်းတွေ့လိုတွေ့ငြား လိုက်ရှာသော်လည်း မတွေ့ခဲ့ဟု ဆိုသည်။

ကျူချောင်မှတစ်ဆင့် တောင်ဒဂုံမြို့နယ်ရှိ ကျီစုသုဿန်၊ ထိုမှတစ်ဆင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုဿန်သို့ ရောက်ခဲ့ပြီး ဇနီးဖြစ်သူ၏ ရုပ်အလောင်းကို ရှာပုံတော်ဖွင့်ရသည်။

ရေဝေးတွင် မတွေ့သည့်အဆုံး တိုက်ပေါ်မှ ပြုတ်ကျသည့် ငါးယောက်လုံး မင်္ဂလာဒုံစစ်ဆေးရုံ ကုတင် (၁၀၀၀) တွင် ရောက်ရှိနေကြောင်း လူမှုကွန်ရက်တွင် တစ်ယောက်က ရေးထားသည်ကို တွေ့ရသဖြင့်  အသက်ရှင်လျက်ရှိနေမည်ဟု ဆက်လက်မျှော်လင့်ခဲ့မိကြောင်း ဒေါက်တာစိုးမြတ်သူက ပြောသည်။

“တွေ့လိုက်ရတယ်၊ တစ်ယောက်ကျန်သေးတယ် အသက်ငွေ့ငွေ့လေးရှိနေသေးတယ်ဆိုပြီး။ ကျွန်တော်ကလည်း အမျိုးသမီးပဲဖြစ်ပါစေဆိုပြီး ဆုတောင်းတာပေါ့နော်။ ကိုယ့်မိန်းမဆိုတော့ ကြံဖန်တွေးတာပေါ့နော်၊ ဘယ်လောက်ပဲခုန်ချခုန်ချ သေမှာမဟုတ်ဘူး၊ သူက ကံလည်း အရမ်းကောင်းတတ်တယ်” ဟု ၎င်း၏အတွေးကို ပြောပြသည်။

သို့သော် ဆေးရုံရောက်ပြီး အသိမိတ်ဆွေများမှတစ်ဆင့် အကြိမ်ကြိမ်စုံစမ်းမေးမြန်းရာမှ သေဆုံးကြောင်း သိခဲ့ရသည်။ လေးနာရီကြာ စောင့်ဆိုင်းပြီးနောက် အဝတ်ဖြူ တင်းကျပ်စွာ စည်းနှောင်ထားသည့် ဇနီးဖြစ်သူ၏ ရုပ်အလောင်းကို တွေ့ရသည်။

သေဆုံးခဲ့လျှင် မီးသင်္ဂြိုဟ်ခြင်းမပြုရန် ဇနီးဖြစ်သူ မှာကြားဖူးသည်ကို မှတ်မိနေသည့် ဒေါက်တာစိုးမြတ်သူက ဂူသွင်းမြှုပ်နှံလိုကြောင်း စစ်တပ်အရာရှိတစ်ဦးကို တောင်းတောင်းပန်ပန် ပြောသော်လည်း မရခဲ့ပေ။

ရုပ်အလောင်းကို အိမ်သယ်ခွင့်မပေးဘဲ စစ်ကားနှစ်စီး၊ ရဲကားနှစ်စီးနှင့် အရပ်သုံးကားတစ်စီး လုံခြုံရေးလိုက်ပါကာ ချက်ချင်းသင်္ဂြိုဟ်ခဲ့ရသည်။

“ကျွန်တော်တို့ကို ဘာအကြောင်းပြချက်မှ မပေးဘူး။ စည်းကမ်းအတိုင်းပဲလုပ်တယ်ဆိုပြီး အထက်အမိန့်ပုံစံနဲ့ ကျွန်တော်တို့ကို လာပြောတယ်၊ ဒါပါပဲ။ အရိုးပြာကောက်ခွင့်မပေးဘူးဆိုတာက ကိုဗစ်ဖြစ်နေလို့ အလောင်းတွေ မီးရှို့တာများတဲ့အတွက်ကြောင့်မို့ သီးသန့်မီးဖိုမလုပ်ပေးနိုင်ဘူး၊ အဲလိုတော့ပြောတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် တကယ်တမ်း မီးသင်္ဂြိုဟ်ချိန်တွင် ရုပ်အလောင်းလေးခုသာရှိသည့်အတွက် အရိုးပြာကောက်ခွင့်ပေးရန် ထပ်မံတောင်းဆိုခဲ့သော်လည်း  လက်မခံခဲ့ချေ။

“အလောင်းကို သယ်သွားခွင့်မရဘူး။ မီးသင်္ဂြိုဟ်တဲ့အခါ အရိုးပြာကို မပေးဘူး အဲ့လိုမျိုးဖြစ်သွားတယ်”

၎င်းတို့၏ ငါးနှစ်အရွယ် တစ်ဦးတည်းသောသမီးလေး နန်းထိုက်ရတီကို မိခင်ဖြစ်သူသေဆုံးကြောင်းသတင်း ပြောပြထားခြင်းမရှိပေ။ အလုပ်ကိစ္စဖြင့် မကြာခဏ ခရီးသွားလေ့ရှိသည့် မဝေဝေမြင့် ယခုလည်း ခရီးသွားနေခြင်းသာဖြစ်ကြောင်း သမီးလေးက ထင်နေသည်။

“ဒီနေ့မနက်တော့ သူ့ကို သပိတ်သွပ်တဲ့အချိန်မှာပဲ သူ့စိတ်ထဲမှာ အမေမရှိတော့ဘူးဆိုတာ သိသွားလား မသိပါဘူး၊ မျက်ရည်လေးတွေ ကျလို့ ဩကာသဆိုတဲ့အချိန်မှာလေ” ဟု ဒေါက်တာစိုးမြတ်သူက ပြောသည်။

မဝေဝေမြင့်သည် သူ့ထက်ခြောက်နှစ်ကြီးသည့် ခင်ပွန်းသည်နှင့် ကတောက်ကဆဖြစ်တိုင်း တော်ရုံတန်ရုံ အလျှော့ပေးလေ့ရှိသူ မဟုတ်ပေ။ သို့သော် သမီးလေးကိုမူ အလွန်ချစ်ပြီး အလွန်ဂရုစိုက်ရှာသူဖြစ်သည်။

“အိမ်မှာ ကျွန်တော်နဲ့ ရန်ဖြစ်ရင်တောင်မှ ကျွန်တော့်ကို မခေါ်ဘူးဆိုရင်တောင် သမီးလေးတစ်ခုခု လုပ်ပြလိုက်ရင် သူက လာခေါ်တယ်။ ဖေဖေနဲ့မေမေ ရန်မဖြစ်နဲ့ဆိုရင် သူ ရန်မဖြစ်တော့ဘူး” ဟု ဒေါက်တာစိုးမြတ်သူက ပြောသည်။

မဝေဝေမြင့်သည် ကလေးဘဝကတည်းက ဖခင်ဖြစ်သူ ဆုံးရှုံးခဲ့ရပြီး ဂုဏ်ထူးတန်းကျောင်းသူဘဝတွင် အမေဖြစ်သူလည်း ဆုံးပါးခဲ့သည်။

မဟုတ်မခံစိတ်ရှိသူ

မဟုတ်မခံစိတ်အပြည့်ရှိပြီး ခပ်စွာစွာပုံစံဖြင့် တခြားကျောင်းသူများထက် တစ်မူထူးခြားသူ ရန်ကုန်တိုင်း ကွမ်းခြံကုန်းဇာတိ မဝေဝေမြင့်သည် သူ့အပြုအမူကြောင့် အတန်းဖော်များအကြား လူသိများကြောင်း ကျောင်းနေဖက်တစ်ဦးဖြစ်သူ ကိုထက်အာကာကျော်က ပြောသည်။

“သူ့ကိုပန်းသီးလို့ ခေါ်ကြတာများတယ်။ သူက သူများနဲ့ မတူတဲ့ ပုံစံမျိုးရှိတယ်။ မဟုတ်မခံစိတ်ရှိတယ်၊ စွာတယ်။ အရပ်လည်းရှည်တယ်။ ဒေါက်ဖိနပ်စီးတယ်။ လမ်းလျှောက်တဲ့ပုံစံကလည်း သူများနဲ့မတူဘူး” ဟု ကိုထက်အာကာကျော်က ပြောသည်။

“စွာတယ်ဆိုတာက လူမိုက်လုပ်တာ မဟုတ်ဘူး၊ အနိုင်ကျင့်တာမဟုတ်ဘူး။ သူကသတ္တိရှိတဲ့ အမျိုးသမီးဆိုတာ အဲဒီကတည်းက သိတယ်။ ကျောင်းမှာ စိတ်ကြီးတယ်ဆိုတဲ့ ဆရာမတွေပေါ့နော်၊ အဲ့လိုဆရာမတွေနဲ့ကအစ ခေါင်းငုံ့မခံခဲ့ဘူး”

မဝေဝေမြင့်သည် ဒဂုံတက္ကသိုလ်တွင် အင်္ဂလိပ်စာအထူးပြုကျောင်းသူတစ်ဦးဖြစ်ခဲ့ပြီး စာတော်ကြောင်း၊ ဂုဏ်ထူးတန်းဆက်တက်ပြီး ဘွဲ့ရခဲ့ကြောင်း သိရသည်။

ပင်ကိုအတွင်းစိတ် ရိုးရှင်းပြီး မည်သူ့ကိုမဆို အရှိအတိုင်း ဆက်ဆံတတ်သော ပန်းသီးသည် စိတ်ထဲရှိသည့်အတိုင်း မထောက်မညှာ ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့ရှိကြောင်းလည်း အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးဖြစ်သူ မဆူဇန်က ပြောသည်။

“ကျောင်းမှာဆိုလည်းပဲ ဆရာဆရာမတွေကို မေးခွန်းတွေမေးတယ် ထုတ်တယ်ပေါ့နော်။ ကိစ္စတစ်ခုကို သူအလိုမကျမချင်း ပြောရဲဆိုရဲတယ်။ အဓိကက သူမှန်နေသရွေ့ မကြောက်တတ်ဘူး” ဟု ၎င်းက ပြောသည်။

စွာတေးလန်အဖြစ် လူသိများသော ပန်းသီးသည် သူငယ်ချင်းအပေါင်းအသင်းများအပေါ်လည်း တတ်နိုင်သလောက် ထောက်ပံ့ကူညီလေ့ရှိကြောင်း၊ အခက်အခဲဖြစ်နေသော သူငယ်ချင်းမတစ်ဦးကို မာစတာတက်နေစဉ် အိမ်တွင် ခေါ်ထားပြီး အကူအညီပေးခဲ့ကြောင်း မဆူဇန်ကပြောသည်။

မျက်စိရှေ့တွင် အမြင်မတော်လျှင် မည်သူ့ကိုမဆို ချက်ချင်းရန်တွေ့ပြောဆိုတတ်သည့် ပန်းသီးသည် အားနည်းသူများဘက်မှ ရပ်တည်လေ့ရှိသည်ဟု ခင်ပွန်းသည်ထံမှ သိရသည်။

အထူးသဖြင့်  စားပွဲထိုးဝန်ထမ်း ကလေးငယ်များကို ဆူပူကြိမ်းမောင်းကာ ခိုင်းလေ့ရှိသည့် စားသောက်ဆိုင်ပိုင်ရှင်များနှင့် မကြာခဏ စကားများရသည်ဟု ဆိုသည်။

“အဲ့ကိစ္စနဲ့ ပတ်သက်ရင် အများကြီးကြုံဖူးတယ်။ မန်နေဂျာတွေဘာတွေကို သူက ကောက်ပြောပစ်လိုက်တာ၊ ဂရုမစိုက်ဘူး။ သူက ကလေးတွေဘက်ကနေ ပြောဆိုပြီး နာတတ်တယ်” ဟု ဒေါက်တာစိုးမြတ်သူက ပြောသည်။

နွေဦးတော်လှန်ရေးတွင် ပန်းသီး၏ပါဝင်မှု

“အာဏာမသိမ်းခင်မှာတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လုံးဝ စိတ်ဝင်စားခြင်းမရှိဘူး။ အနီတွေ၊ အစိမ်းတွေလည်း နားမလည်ဘူး” ဟု ဒေါက်တာစိုးမြတ်သူက ပြောသည်။

မိမိတို့နှင့် ပေါင်းသင်းဆက်ဆံသူများ၊ ခင်မင်ရင်းနှီးသူများ အထူးသဖြင့် စီးပွားရေးအရ ဆက်နွယ်နေရသူများတွင် ဒီမိုကရေစီလိုလားသူများရှိသကဲ့သို့ စစ်တပ်ထောက်ခံသူများလည်း ရှိနိုင်ကြောင်း ၎င်းက ဆိုလိုခြင်းဖြစ်သည်။

“စီးပွားရေးဆက်ဆံတဲ့လူတွေက အနီတွေ အစိမ်းတွေ ရောနေတယ်၊ နှစ်ဖက်စလုံးမှာ ရှိတယ်။ သူတို့နီတိုင်း ကိုယ်လိုက်နီလို့ မရဘူး၊ သူတို့စိမ်းတိုင်း ကိုယ်လိုက်စိမ်းလို့ မရဘူး” ဟု ၎င်းတို့၏ ယခင်က ခံယူချက်ကို ပြောသည်။

ကိုယ်ပိုင်ဆေးခန်းတစ်ခုကို ဦးစီးနေသည့် အသက် ၃၅ နှစ်အရွယ် သွားဆရာဝန် ဒေါက်တာစိုးမြတ်သူနှင့် ဇနီးဖြစ်သူ ကျောက်မျက်ရတနာအရောင်းအဝယ်လုပ်သူ မဝေဝေမြင့်တို့သည် မိမိကိုယ်ကိုယ် စီးပွားရေးသမားဟုသာ ခံယူပြီး စီးပွားရေးကိုသာ ဇောက်ချလုပ်ခဲ့သည်ဟု ဆိုသည်။

“အာဏာသိမ်းပြီးနောက်ပိုင်း မြသွဲ့သွဲ့ခိုင် သေနတ်မှန်သွားတဲ့အချိန်မှာ သူတော်တော်စိတ်မကောင်းဖြစ်သွားတယ်” ဟု ဇနီးဖြစ်သူ၏ နိုင်ငံရေးအမြင်ပြောင်းလဲလာပုံနှင့် ပတ်သက်၍ ဒေါက်တာစိုးမြတ်သူက ပြောသည်။

ပင်ကိုယ်စိတ်ရင်းက အဖိနှိပ်ခံများကို ကူညီလေ့ရှိပြီး ဓမ္မဘက်က ရပ်တည်သူဖြစ်သည့်အလျောက် ဖေဖော်ဝါရီ ၉ ရက်နေ့ နေပြည်တော်ဆန္ဒပြပွဲတွင် ၁၉ နှစ်အရွယ် ကျောင်းသူ မမြသွဲ့သွဲ့ခိုင်ပစ်သတ်ခံရသည့် သတင်းရုပ်သံမြင်ကွင်းသည် မဝေဝေမြင့်ကို အကြီးအကျယ် စိတ်ထိခိုက်စေခဲ့သည်။ ထိုအချိန်မှစ၍ နွေဦးတော်လှန်ရေးတွင် မဝေဝေမြင့် ပါဝင်လာခြင်းဖြစ်သည်။

ဖမ်းဆီးသတ်ဖြတ်မှုများရှိနေသည့်တိုင် မဝေဝေမြင့်သည် ဆန္ဒပြရန်ဟုဆိုကာ တခါတလေ အိမ်မှထွက်သွားလေ့ရှိပြီး ခင်ပွန်းသည်က စိုးရိမ်စိတ်ဖြင့် တားဆီးသောကြောင့် များသောအားဖြင့် အသိမပေးဘဲ ထွက်သွားကြောင်း ဒေါက်တာစိုးမြတ်သူကပြောသည်။

မဝေဝေမြင့်သည် ဖေဖော်ဝါရီလကစ၍ ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်သည့်အပြင် ဆန္ဒပြသူများအတွက်လည်း ထမင်းဟင်းများ ချက်ပြုတ်ကြော်လှော်ကာ နေ့စဉ်လှူဒါန်းလေ့ရှိကြောင်း ၎င်း၏ သူငယ်ချင်းဖြစ်သူ မဆူဇန်က ပြောသည်။

ဧပြီလအတွင်းက ရန်ကုန်မြို့ ပြောက်ကျားဆန္ဒပြပွဲတစ်ခုတွင် ဖမ်းဆီးခံရပြီး နေ့တွင်းချင်း ပြန်လွတ်ခဲ့သည်။ ဖမ်းဆီးစဉ်တွင် မဝေဝေမြင့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပါးရိုက် ကန်ကျောက် ရိုက်နှက်ခဲ့သည့်အပြင် မိုက်ရိုင်းစွာ ဆဲဆိုခြိမ်းခြောက်ခဲ့သေးသည်။ ထိုစဉ်က ရိုက်နှက်မှုကြောင့် ခါးရိုးထိခိုက်ခဲ့ကြောင်း သိရသည်။

“အဲဒီတုန်းကတောင်မှ သူနဲ့အတူ တချို့ပဲ လွတ်လာတဲ့အခါမှာ သူစိတ်ထဲမှာမပျော်ဘူး။ သူတစ်ယောက်တည်း ကိုယ်လွတ်ရုန်းပြီး လွတ်လာတာ အပြစ်ရှိသလို ခံစားရတယ်ပေါ့နော်။ ကျွန်မကိုလည်း ငိုပြီးတော့ပြောပြတယ်” ဟု မဆူဇန်က ပြောသည်။

ပြောက်ကျားဆန္ဒပြရာမှ ရင်းနှီးလာသည့် လူငယ်တချို့ကို ထမင်းဟင်းနှင့် စားသောက်စရာများ ပေးပို့လေ့ရှိသည်ဟု ၎င်းကပြောသည်။ ထိုလူငယ်တို့သည် စစ်အာဏာသိမ်းဆန္ဒပြပွဲတွင် တစိုက်မတ်မတ် ပါဝင်နေမှုကြောင့် အလုပ်ပြုတ်သူများနှင့် မိဘအိမ်မှ ဆင်းလာကြသူများဖြစ်သည်။

“မတရားမှုခံရတဲ့အပေါ်မှာ လုံးဝ သူမခံစားနိုင်ဘူး။ သေတဲ့လူတွေ ငါပဲဖြစ်လိုက်ချင်တယ်၊ ငါပဲ သေလိုက်ချင်တယ် ဆိုပြီးတော့ ခဏခဏ ငိုပြီးတော့ပြောတယ်” ဟု ဖမ်းဆီးသတ်ဖြတ်ခံရသူများနှင့် ပတ်သက်၍ မဝေဝေမြင့်၏ ပြောပြချက်ကို သူငယ်ချင်းဖြစ်သူက ပြန်ပြောသည်။

ဒေါက်တာစိုးမြတ်သူက ဇနီးဖြစ်သူသည် နောင်တစ်ကြိမ်သာ အဖမ်းခံ၊ နှိပ်စက်ခံရပါက သူ့ကိုယ်သူ သတ်သေမိမည်ဟု ပြောခဲ့ဖူးကြောင်း၊ ဇနီးသည်သေဆုံးမှုမှာ စနစ်ဆိုးကြောင့်ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်ချည်းပဲ ငိုရတာ မဟုတ်ဘူး။ ဒီစနစ်ကြီးရှိနေလို့ ဒီလိုတွေ ဖြစ်လာတာပေါ့။ ဒါတွေသာ မရှိခဲ့ရင် အမျိုးသမီးလည်း သေစရာအကြောင်းမရှိဘူး” ဟု ၀မ်းနည်းကြေကွဲစွာ ပြောလိုက်သည်။


Original Post: Myanmar Now