စစ်ကြောရေးမှာ လက်ချောင်းအားလုံးလှန်ချိုး စစ်ဆေးခံရပြီး အမှုငါးမှုနဲ့ တရားစွဲခံထားရတဲ့ ချောင်းဦးသပိတ်ခေါင်းဆောင်မာန်ဇာမြေမွန်မိဘနှစ်ပါးရဲ့ ရင်တွင်းစကားသံ

July 11th, 2021  •  Author:   Marn Zar Myay Mon (Chaung-U)  •  1 minute read
Featured image

By BBC Burmese

“လက်ချောင်းလေးတွေ လှန်ချိုးထားလို့ နာလို့အော်တော့ ပါးစောင်ကိုလည်း စစ်ဖိနပ်နဲ့ ထိုးထားတယ်တဲ့။ ပါးစောင်ထဲက အသားလေးတွေပဲ့ပြီး နာနေတယ်လို့သိရတယ်။ အဲဒီလိုသိရတော့ ငိုလိုက်တယ် ကျွန်မသားလေး ကျွန်မ နှမြောတယ်။” မာန်ဇာမြေမွန်ရဲ့မိခင်

“ကျွန်တော့်သားက စာရေးဆရာ။ သတင်းထောက်ဗျ။ စာရေးရတာ။ ဒီလက်လှန်ချိုးမှတော့ လူတစ်ယောက်ကိုအညွန့်တုံးအောင်လုပ်တာပဲ။ သတ်တာထက်တောင်ဆိုးတယ်လို့ပြောလို့ရတယ်။” မာန်ဇာမြေမွန်ရဲ့ဖခင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ ဆန္ဒပြသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို ပြီးခဲ့တဲ့ဇွန်လ (၈) ရက်နေ့က ချောင်းဦးမြို့ နယ်၊ ရှမ်းထူးရွာအနီးမှာ စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အခုလိုအဖမ်းခံရပြီး တလပြည့်တဲ့ ဇူလိုင် ၇ ရက်နေ့မှာ မုံရွာအကျဉ်းထောင် ထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။ ကိုမာန်ဇာမြေမွန်ကို ပုဒ်မ (၅၀၅/က) နဲ့ ချောင်းဦးမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မြို့နယ်ရဲမှူးနဲ့ ဒုရဲအုပ်တစ်ဦးတို့က တရားလိုပြုလုပ်ပြီး အမှု(၅) မှုနဲ့တရားစွဲဆိုထားတယ်လို့ ကိုမာန်ဇာမြေမွန်ဘက်က အမှုကိုလိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေထံက သိရပါတယ်။ ဒီလို စစ်ကြောရေးမှာ နှိပ်စက်တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မသိရသေးပါဘူး။


Original Post: BBC Burmese