တပ်မတော်ဆေးတပ်မှ CDM ခွဲစိတ်ပါရဂူ ဗိုလ်ကြီးမင်းမောင်မောင်နှင့်တွေ့ဆုံခြင်း

July 9th, 2021  •  Author:   Captain Min Maung Maung (Myanmar)  •  1 minute read
Featured image

တပ်မတော်ဆေးတပ်မှ CDM ခွဲစိတ်ပါရဂူ ဗိုလ်ကြီးမင်းမောင်မောင်

“နွေဦးတော်လှန်ရေးက သေချာပေါက် အောင်မှာပါ။ တပ်မတော်သားတွေအနေနဲ့ ပြည်သူကို မြန်မြန် မျက်နှာမူကြပါ၊  ကိုယ့်နိုင်ငံကို ကယ်တင်ကြပါ။ ကျွန်ရူးတွေ ပေါတဲ့နေရာမှာ ဘုရင်ရူးတွေလည်း ရှိတာပဲ”

တပ်မတော်ဆေးတပ်မှ CDM ခွဲစိတ်ပါရဂူ ဗိုလ်ကြီးမင်းမောင်မောင်နှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

ဗိုလ်ကြီးမင်းမောင်မောင်သည် တပ်မတော်ဆေးတပ်မှ ခွဲစိတ်ပါရဂူဆရာဝန်ကြီးဖြစ်ပြီး  စစ်တပ်ကို ဆန့်ကျင်ကာ နွေဦးတော်လှန်ရေးတွင် CDM စစ်ဆေးဆရာဝန်အဖြစ် တိုင်းရင်းသား လွတ်မြောက်နယ်မြေသို့  ရောက်ရှိလျက်ရှိသည်။ ဗိုလ်ကြီးမင်းမောင်မောင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။      ။  ဗိုလ်ကြီးမင်းမောင်မောင် မင်္ဂလာပါခင်ဗျ၊ အခုလက်ရှိ မြန်မာနိုင်ငံက နွေဦးတော်လှန်ရေးအတွင်းမှာ ရဲရင့်တဲ့ လူငယ်တွေ၊ အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ အများကြီး ပါဝင်တာကို တွေ့ရတယ်၊ CDM လုပ်ပြီး စစ်အာဏာရှင်ကို တော်လှန်ကြတယ်၊ ဆိုတော့ အခု မြန်မာနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါကလည်း အရမ်းဆိုးတဲ့ အခြေအနေ ရောက်နေတယ်ပေါ့၊ အဲဒီမှာ စစ်ကောင်စီနဲ့ သူတို့ကိုထောက်ခံသူတွေက ဆရာဝန်တွေကို အပြစ်ဖို့ကြတယ်ပေါ့၊ အဲဒီအပေါ်မှာ ဗိုလ်ကြီးအနေနဲ့ ဘယ်လို အမြင်ရှိလဲဗျ။

ဖြေ။         ။  နွေဦးတော်လှန်ရေး လှုပ်ရှားမှုမှာ ဆရာဝန်တွေ သူနာပြုတွေဟာ ပထမဆုံး လှုပ်ရှားကြတဲ့ ဝန်ထမ်းတွေလို့ ပြောလို့ရတယ်ပေါ့နော်၊ သိတဲ့အတိုင်းပဲပေါ့ ကိုဗစ် ဒုတိယလှိုင်းမှာဆိုလို့ရှိရင် ကျန်းမာရေးဝန်ထမ်းတွေဟာ သူတို့ရဲ့ အချိန်တွေ၊ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာတွေ အကုန်လုံးကို စွန့်လွှတ်ပြီးတော့ ကိုဗစ် ကာကွယ်ကုသရေးမှာ ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့ဲကြတဲ့ အတွက်ကြောင့်မို့လို့ ဒုတိယလှိုင်းမှာဆို ထိန်းချုပ်နိုင်တဲ့ အဆင့်ထိ ရောက်ခဲ့တယ်ပေါ့၊

အခု စစ်အုပ်စုကနေပြီးတော့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့အခါမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ကလည်း ကျနော်တို့လိုပဲ မကြေနပ်တာတွေ ခံစားရမှာပေါ့၊ သူတို့တွေကအစောဆုံးပဲ red ribbon movement ဆိုပြီး စခဲ့တယ်ပေါ့၊ နောက်ပိုင်းကျတော့ သူတို့တွေဟာ ဆေးရုံတွေကို မသွားကြတော့ဘူး၊ ဒါက စစ်အာဏာရှင်ကို လက်မခံဘူးဆိုတဲ့ အရာကို ပြသတဲ့အနေနဲ့ သူတို့လုပ်ငန်းခွင်ကို စွန့်ခွာတာ၊ သူတို့တွေက ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်ကို လုံးဝ လက်လွှတ်ခဲ့တာတော့ မဟုတ်ဘူးဗျ၊

ဥပမာဆို သူတို့တွေက သူတို့နိုင်တဲ့ ပရဟိတ ဆေးခန်းလေးတွေမှာ ဆက်လုပ်ပေးတယ်၊ သို့သော်လည်းပဲ စကစ စစ်အုပ်စုက CDM ဆရာဝန်တွေကို အပြင်ဆေးခန်းတွေမှာ လုပ်လို့မရအောင် လိုက်လံဖမ်းဆီးတယ်၊ ဝမ်းနည်းဖို့ ကောင်းပါတယ်၊ ဆရာဝန်တွေ သူနာပြုတွေကို ရာဇဝတ်သားသဖွယ် အားလုံးသိနေတာပဲ၊ အဆိုးရွားဆုံးအရာ ကျနော် မခံချင်ဆုံးအရာက ပြည်မြို့က CDM အရိုးဆရာဝန်တစ်ယောက် ဆေးရုံမှာ ခွဲစိတ်ကုသမှုလုပ်နေတဲ့အချိန်မှာ စစ်ကောင်စီက မတရားပုဒ်မတွေတပ်ပြီး တရားစွဲတယ်၊

သူ့ကိုဖမ်းပြီးတော့ သူတို့ရဲ့ ဝါဒဖြန့်သတင်းမှာ မျက်နှာကိုတောင် မကွယ်ဘဲ ရာဇဝတ်သားကို ဖမ်းဆီးတဲ့သဖွယ် ဖော်ပြခဲ့တယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စိတ်ထဲမှာ နာကျည်းမှုတွေတော့ ရှိမှာပဲဗျ၊ သို့သော် သူတို့က သူတို့နိုင်တဲ့အပိုင်းလေးတွေကို ပုန်းရင်း ရှောင်ရင်း ဆက်လုပ်နေကြတာကို ကျနော်တို့ တွေ့ရတယ်၊

အခု တတိယလှိုင်းဖြစ်တဲ့အခါမှာတော့ စစ်အုပ်စုနဲ့ သူတို့ကို ထောက်ခံသူတွေက ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကိုပဲ အပြစ်ပြောနေတာတော့ လုံးဝ မတရားဘူး၊ CDM လုပ်ရခြင်းရအကြောင်းအရင်းကို သူတို့က ဟိုက်လိုက် မလုပ်ဘဲနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြည်သူလူထုကို လစ်လျူရှုထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ အပြစ်ဖို့နေတာတော့ စိတ်မကောင်းသလို ဒေါသလည်းထွက်ရတာပေါ့၊ ကျနော်ပြောနိုင်တာက အခုအချိန်မှာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်အုပ်စုအနေနဲ့ ဒီနေ့ပြည်သူ့ဆီ အာဏာအပ်လိုက်၊ မနက်ဖြန် ကျန်းမာရေးဝန်ထမ်းတွေ အလုပ်ပြန်ဆင်းလိမ့်မယ်ဗျ။

မေး။      ။  အခုလက်ရှိ ကိုဗစ်ကလည်း ဖြစ်နေတော့ CDM လုပ်တဲ့ဆရာဝန်တွေလည်း များနေတော့လေ၊ ဆရာဝန်မလုံလောက်မှုတွေ ဖြစ်နေတယ်၊ အဲဒီမှာ တပ်ထဲက ဆရာဝန်တွေနဲ့ ဘယ်လိုရွှေ့ပြောင်းပြီး အလုပ်လုပ်နေကြလဲဗျ။

ဖြေ။     ။  မြန်မာပြည်မှာ ဆေးကျောင်းတကျောင်းမှာ တစ်နှစ်ကို အယောက်ငါးရာလောက် ခေါ်တာလေ၊ ကျနော်တို့ စစ်ဆေးက ဆရာဝန်တွေလည်း ရှိတာပေါ့၊ ပြည်သူ ၅၆ သန်းနဲ့ ယှဉ်ရင် ဘယ်လို လုံလောက်မှာလည်း၊ CDM ဆရာဝန်တွေ ဒီလောက်များနေတာဘယ်လို ပြောင်းရွှေ့ပြီး လုပ်လုပ် အဆင်မပြေနိုင်ဘူး။

တကယ်ပြန်သုံးသပ်ရမယ်ဆို ဒီအာဏာသိမ်းလိုက်တဲ့အခြေအနေကြောင့် ပြည်သူတွေအတွက် ကျန်းမာရေးအာမခံချက်ကလည်း အခက်အခဲဆုံးအခြေအနေ ရောက်သွားတယ်၊ အခု ကိုဗစ်တတိယလှိုင်းဟာ မြန်မာနိုင်ငံအတွက်

အကြီး မားဆုံး စိန်ခေါ်မှုလို့တောင် ပြောလို့ရတယ်။

မေး။     ။  စစ်တပ်ရှိမှ အမျိုး၊ ဘာသာ၊ သာသနာကို ကွယ်နိုင်မယ်လို့ တပ်ထဲက အောက်ခြေတပ်သားတွေက ယုံကြည်နေတာလား၊ သူတို့က ဘယ်လို ခံယူထားကြတာလဲ၊ ဘယ်လိုဝါဒမှိုင်းတွေ မိနေကြလဲ။

ဖြေ။     ။  ကျနော်ဆိုရင်လည်း ထေရဝါဒဗုဒ္ဓဘာသာဝင်တယောက်ပါ၊ ဝိပသနာတရားကို ပုံမှန်အားထုတ်သလို ဘာသာရေးစာပေတွေကိုလည်း လေ့လာပါတယ်၊ သိတဲ့အတိုင်းပဲ စစ်အုပ်စုရဲ့ ကြီးစိုးခဲ့တဲ့ ကာလတလျှောက်လုံးကိုကြည့်ရင် ဘာသာရေးကို ခုတုံးလုပ်ခဲ့တာပဲ။

တကယ်တော့ သူတို့ ဗိုလ်ချုပ်တွေ လုပ်နေတာတွေက ဘာသာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် တကယ့်အနှစ်သာရတွေ မဟုတ်ဘူးဗျ၊ ဘုရားတွေတည်တယ်၊ ကျောင်းတွေဆောက်တယ်၊ အသွင် သာသနာလို့တောင် ပြောလို့ရတယ်၊ သူတို့က ဒါကို ဟိုက်လိုက် လုပ်ပြီးတော့ တကယ့် သာသနာကြီးကို စောင့်ရှောက်နေသလို ပုံဖော်နေတာ၊ ဘုရားတည် ကျောင်းဆောက်တာက ကောင်းပါတယ်၊

အသွင်သာသနာမဟုတ်ဘဲ အနှစ်သာရရှိတဲ့ သာသနာကို စောင့်ရှောက်ရင် ဓမ္မဓိဌာန် ပိုကျတယ်လို့ မြင်တယ်၊ တပ်ထဲမှာဆိုရင် ပရိတ်ရွတ်တာတွေ ပဋ္ဌာန်းရွတ်တာတွေ ရှိတယ်၊ ရွတ်တာကတော့ ကောင်းပါတယ်၊ စစ်အုပ်စုရဲ့ ခေါင်းဆောင်ပိုင်းတွေက တကယ့်သာသနာရဲ့ အနှစ်သာရကို နားမလည်ဘူးလို့ ကျနော် ဝေဖန်ချင်တယ်ပေါ့နော်။

ဥပမာ ပဋ္ဌာန်းဆိုတဲ့ဟာက ကျင့်ကြံအားထုတ်ရမှာ ရွတ်နေရုံနဲ့ မပြီးဘူး၊ တကယ့် အနှစ်သာရက သာသနာကို ပြန့်ပွားအောင်လုပ်မယ့် စာသင်သား ကိုယ်တော်လေးတွေကို ပြုစုပျိုးထောင်တာမျိုးက အနှစ်သာရ ပြည့်ဝတာပေါ့နော်၊

သို့သော်လည်းပဲ စစ်အုပ်စုက ဘုရားတွေတည်ပြတယ်၊ ကျောင်းတွေ ဆောက်တယ်၊ အဲလိုနဲ့ သူတို့တွေက ဒီသာသနာကြီး မပျောက်ပျက်အောင် စောင့်ရှောက်နေရတယ်ဆိုတဲ့ အယူဝါဒမှိုင်းကြီးကို ရိုက်သွင်းထားတာပေါ့၊ အဲဒါကို ဘာသာရေးအသိမကြွယ်တဲ့ ရဲဘော်တွေ ရဲမေတွေက အဟုတ်ကြီး မှတ်နေကြတာ၊

တဆက်တည်း ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်မယ်ဆိုရင် ကျနော်တို့ နိုင်ငံမှာက ဗုဒ္ဓဘာသာ တစ်ခုတည်း ရှိတာ မဟုတ်ဘူး၊ ဘာသာပေါင်းစုံရှိတာ၊ အဲဒီမှာမှ ဗုဒ္ဓဘာသာကိုပဲ ဟိုက်လိုက်လုပ်ပြီး ငါတို့က အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်နေတာဆိုပြီး လုပ်နေတာတွေက တကယ် အစွန်းရောက်ပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေးက ရောထွေးလို့ မရဘူးဗျ၊

ကမ္ဘာမှာဆိုလည်း ခရူးဆိတ်စစ်ပွဲတွေ ဘာတွေဆို ဘာသာရေးအကြောင်းပြုပြီးတော့ ဖြစ်ခဲ့တာပေါ့နော်၊ အဲတော့ တပ်ထဲမှာ ကျန်တဲ့သူတွေကို ကျနော်ပြောချင်တာက ကိုယ့်သာသနာကို စောင့်ရှောက်ချင်တယ်ဆိုရင် ငါ့ဘာသာကို လာမထိနဲ့ ဆိုတာက ကျဉ်းမြောင်းတဲ့ အယူဝါဒဖြစ်တယ်၊ ကျနော်တို့တွေက ဒီတိုင်းပြောလို့တော့မရဘူး၊ ဒါကို ထေရဝါဒ ဆရာတော် သံဃာတော်တွေက ပြောပြပေးဖို့ လိုတယ်ပေါ့၊ ဝါဒမှိုင်းမိနေတဲ့သူတွေကို တတ်နိုင်သလောက် ရှင်းပြဖို့ လိုတယ်၊

မေး။      ။ စစ်သားတွေတင်မက တပ်ထဲရောက်သွားတဲ့ မိသားစုတွေကပါ ဝါဒမှိုင်းတွေ မိနေတာ တွေ့တယ်၊ အဲဒါကရော ဘာကြောင့်လဲ ခင်ဗျ၊ ဘာပြောချင်လဲ။

ဖြေ။     ။ ခုနကပြောသလိုပဲ တပ်ထဲမှာ ပဋ္ဌာန်းရွတ်ပွဲတွေ ပရိတ်ရွတ်ပွဲတွေ ဓမ္မစင်္ကြာရွတ်ပွဲတွေ အဆက်မပြတ်လုပ်ပေးတယ်၊ နောက်တစ်ခုပြောချင်တာက စစ်အုပ်စု ခေါင်းဆောင်ပိုင်းတွေက နေရာတစ်နေရာကို ရောက်တာနဲ့ အရင်ဆုံး ဘုန်းကြီးကျောင်းကို သွားတာပဲ၊ သူတို့နောက်ကအခြွေအရံတွေပါလာမယ်၊

အဲလို ပြောကြဆိုကြဆိုတော့ သူတို့စိတ်ထဲမှာ ဒါကြီးကိုအဟုတ်မှတ်နေတာဗျ၊ အဲလိုဆိုတော့ တပ်ထဲဝင်လာတဲ့ သူတွေက ဒီလိုလုပ်နေတာကို သာသနာကြီးလို့လက်ခံနေတာတွေ ရှိတယ်ဆိုတာ သတိထားမိတယ်ဗျ၊ တကယ်တော့ သူတို့တွေက မှားယွင်းနေတာဗျ။

မေး။      ။ စစ်တပ်က ခေါင်းဆောင်ပိုင်းတွေကရော သူတို့တွေက ဘုရင်ရူးနေတာလဲဗျ၊ သက်ဦးဆံပိုင်ပုံစံမျိုး ပုံစံမျိုး လူထုအပေါ် ဆက်ဆံနေတာတွေ တွေ့ရတယ်။

ဖြေ။      ။  ဪ ဒါကတော့ ကျွန်ရူးတွေ ပေါတဲ့နေရာမှာ ဘုရင်ရူးတွေလည်း ရှိတာပဲ၊ သူတို့တွေ ဘယ်နေရာသွားကြလဲ၊ များသောအားဖြင့် ယတြာချေတဲ့ အလုပ်တွေ လုပ်တယ်၊ ဗေဒင်ဆရာတွေဆီ သွားတယ်၊ ဒါတွေပြောလို့ ကျနော်က ဗေဒင်ဆရာတွေကို တိုက်ခိုက်နေတာ မဟုတ်ဘူး၊ ဒါတွေက လောကီကိစ္စအရာတွေ ဖြစ်တယ်၊

ခုနက ပြောသလိုပေါ့ တကယ်လုပ်ရမှာက စာသင်သားကိုယ်တော်လေးတွေကို အားပေးချီးမြှောက်တာက တကယ့်ကို သာသနာကို စောင့်ရှောက်တဲ့အရာဖြစ်တယ်၊ ဒါမျိုးတွေကို လစ်လျူရှုပြီး ထစ်ခနဲဆို ဘယ်ဆရာတော်က တော့ ဗေဒင်ဟောကောင်းတယ်၊ ဘယ်ဆရာတော်က ယတြာကောင်းတယ်၊ ဘယ်ဗေဒင်ဆရာ ဘယ်ဘိုးတော်က နာမည်ကြီးလဲ၊ အဲလိုနေရာတွေမှာ သွားကြည့်လိုက် ဗိုလ်ချုပ်တွေချည်းပဲ၊ သူတို့တွေကလည်း မြှောက်ပြောတာတွေတော့ ရှိမှာပေါ့၊ ဒါတွေမှာ ဗိုလ်ချုပ်တွေက စိတ်ကြီးဝင်နေတာလည်း ရှိမှာပေါ့၊

မေး။     ။ တပ်ထဲမှာပေါ့နော်၊ ဗိုလ်ကြီးမင်းမောင်မောင်လို လူမျိုး ဘယ်လောက်လောက်ရှိမယ်လို့ ထင်လဲဗျ။

ဖြေ။     ။ ရာခိုင်နှုန်းအရတော့ ကျနော် မပြောနိုင်ဘူး၊ လေ့လာမှုအားပေါ်လည်းမူတည်မှာပေ့ါ၊ တချို့တွေက ဒီလို တပ်ထဲမှာ ဘုရားတည် ကျောင်းဆောက်လုပ်နေတာတွေဟာ တကယ်အနှစ်သာရမဟုတ်ဘူး ဆိုတာကို သိတဲ့သူတွေရှိတယ်၊ အဲဒါကတော့ တဦးတယောက်ချင်းဆီရဲ့လေ့လာမှုအား ခံယူချက်နဲ့ ဆိုင်ပါတယ်ဗျ။

မေး။     ။  ဗိုလ်ကြီးတို့လို ဆေးတပ်၊ အင်ဂျင်နီယာတပ်လိုမျိုးတွေကနေ အမြင့်ဆုံး ဘယ်အဆင့်ထိရောက်နိုင်လဲ၊ ဘယ်သူက အချုပ်လဲဗျ။

ဖြေ။     ။ ပုံမှန်အားဖြင့်တော့ တပ်မှာ ကြည်း၊ ရေ၊ လေ ရှိတယ်၊ ပြီးတော့ လက်ရုံးတပ်တွေဖြစ်တဲ့ စစ်ဆေးတို့ အင်ဂျင်နီယာတပ်ရင်းတို့ရှိတယ်၊ ဖွဲ့စည်းပုံအရ ကြည်းတပ်ကပဲ အချုပ်ပေါ့၊ ကျနော်တို့ ဆေးတပ်မှာဆို အမြင့်ဆုံးဆို ညွှန်ကြားရေးမှူးပေါ့၊ ဗိုလ်ချုပ်အဆင့်လိုတော့ ဖြစ်တာပေါ့၊ အင်ဂျင်နီယာဆိုလည်း ဒီလိုပါပဲ၊ ကျနော်တို့လို ပညာသည်တပ်တွေကတော့ အများဆုံးကတော့ ဗိုလ်ချုပ်အဆင့်ထိပဲ ရောက်နိုင်ပါတယ်။

မေး။     ။ တပ်တွင်းမှာ ရှိနေတဲ့ မိသားစုတွေကို အပြင်နဲ့ ထိတွေ့မှု ပိတ်ဆို့ထားတယ်၊ အဆက်အသွယ်မရအောင် ဖြတ်တောက်ထားတယ်ပေါ့၊ အဲဒီအခြေအနေ အတိအကျလေး ပြောပေးပါဦး။

ဖြေ။     ။ ဟုတ်တယ်၊ အဲလိုရှိတယ် နွေဦးတော်လှန်ရေးစကတည်းကပဲ၊ အပြင်နဲ့အဆက်အသွယ်ဖြတ်ထားတာ၊ ကိုဗစ် ဖြစ်နေတာကြောင့်လည်း ပါတာပေါ့၊ ကျနော်ထွက်လာပြီးနောက်ပိုင်း ဘာတွေ ဖြစ်လဲတော့ မသိဘူး။

မေး။     ။ ဒီနွေဦးတော်လှန်ရေးမှာ ဗိုလ်ချုပ်တွေကို အသက်ပေးပြီး ကာကွယ်နေတဲ့ အောက်ခြေတပ်သားတွေရဲ့ သဘောထားကရော ဗိုလ်ကြီး ဘယ်လိုသိထားလဲ

ဖြေ။     ။ အဓိကကတော့ အကြောက်တရားနဲ့ အခွင့်အလမ်းပေါ့၊ တချို့တွေက သူတို့ရဲ့ ဆိုင်ရာ commander ကနေ အခွင့်အရေးတွေ ပိတ်ပင်မလား၊ သူတို့မိသားစုတွေ ဒီလိုနေရာလေးမှာ အဆင်ပြေနေတာကို အခြားနေရာကို ရွှေ့သွားရမလား၊ နောက်တခုက အခွင့်အလမ်းပေါ့၊ ဘာတွေ ရမယ် ညာတွေရမယ် ပေါ့၊ ထင်ရှားတဲ့ ဥပမာဆိုရင် ကျနော်တို့တပ်မှာ အရင်က ဘွဲ့လွန်သင်တန်းဆိုရင် အောင်ဖို့က ခက်တယ်၊ ကျနော်တို့ဆီမှာဆိုရင် ဆရာဝန်တယောက်က သုံးကြိမ်ပဲ ဖြေခွင့်ရှိတယ်ပေါ့၊ အခုဆိုရင် ဖြေတာ အကြိမ်ကန့်သတ်ချက်မရှိတော့ဘူး၊

ပြီးတော့ အရင်နှစ်တွေထက် တိုးပြီးခေါ်တာပေါ့၊ ဒီလိုတွေကြောင့် သူတို့တွေဟာ စစ်ကောင်စီကို ထောက်ခံတာလည်း ဖြစ်နိုင်တယ်၊ ထောက်ခံချင်ယောင်ဆောင်တာလည်း ဖြစ်နိုင်တယ်၊ သူတို့စိတ်ထဲ ဝင်ကြည့်မှပဲ ရမှာပေါ့၊ အဲလိုပေါ့ နောက်ဆုံးသုံးသပ်ရရင် အကြောက်တရားနဲ့အခွင့်အလမ်းကို မကျော်လွှားနိုင်ကြတာလို့ မြင်တယ်။

မေး။      ။လက်ရှိ နွေဦးတော်လှန်ရေးအပေါ် အမြင်လည်း ပြေပါဦး။

ဖြေ ။       ။  နွေဦးတော်လှန်ရေးက သေချာပေါက် အောင်မှာပါ၊ ဘယ်အချိန်မှာ အောင်မြင်စွာပြီးမလဲဆိုတာကတော့ လူဘယ်လောက် ပါဝင်မလဲ ဆိုတာပေါ် မူတည်မှာပါ၊ ပါဝင်တဲ့သူများလေလေ အောင်မြင်ဖို့ မြန်လေလေပဲ၊ ကျနော်ထင်ပါတယ် တခါတလေကျရင် အရမ်းခက်တယ် ထင်ရတဲ့အရာတွေဟာ အရမ်းလွယ်သွားသလို၊ လွယ်တယ်ထင်တာတွေလည်း အရမ်းခက်သွားတာတွေ ရှိပါတယ်။ သေချာပေါက် ပြောနိုင်တာကတော့ နွေဦးတော်လှန်ရေးက အောင်မှာပဲ၊ ပြည်သူတွေက ဒီလောက်ပါဝင်နေတာ သေချာပေါက် အောင်မြင်မှာ။

မေး။     ။ အခုလက်ရှိ စစ်ကောင်စီက ပြည်သူတွေအားလုံးနဲ့ ဆန့်ကျင်ဘက်မှာ ရှိနေတယ်၊ တနိုင်ငံလုံးနဲ့ တယောက်၊ တကမ္ဘာလုံးနဲ့ တယောက် ဖြစ်နေတယ်၊ ဗိုလ်ကြီးအနေနဲ့ လက်ရှိ တပ်မတော်သား တယောက်နဲ့ စကားပြောခွင့်ရမယ်ဆို ဘာပြောမလဲ။

ဖြေ။     ။ ခြုံပြီးပြေရရင် တပ်မတော်ဆိုတာ ပြည်သူကို ကာကွယ်ရမှာ၊ အခု တပ်မတော်က ပြည်သူကို မကာကွယ်ဘဲ ရန်သူလို သဘောထားနေတယ်၊ အဲဒီတော့ တပ်မတော်သား တစ်ယောက်အနေနဲ့ ပြည်သူကို ကာကွယ်မလား၊ ပြည်သူကို ရန်သူလို ပုံဖော်နေတဲ့ သူတွေပေးတဲ့အမိန့်နာခံမှာလား၊ သူတို့ ဆုံးဖြတ်ရမယ့်အချိန်ပဲ၊ အဲဒီတော့ ဒါကို မြန်မြန်ဆုံးဖြတ်ကြပါ၊ အခု ပြည်သူတွေဟာ စစ်အုပ်ချုပ်မှုကို လုံးဝလက်မခံဘူး၊ အရင်က လူငယ်တွေ အကြမ်းမဖက် ဆန္ဒပြကြတယ်၊

အခုဆို လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်သွားကြပြီ၊ အဲတော့ ထိတွေ့မှုတွေ ဖြစ်လာမှာပဲ၊ အဲဒီတော့ တပ်မတော်သားတွေအနေနဲ့ ပြည်သူကို မြန်မြန် မျက်နှာမူကြပါ၊ နို့မို့ဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်လို့ ကိုယ့်ရဲ့ ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားကို အသုံးချပြီးတော့ ကိုယ့်နိုင်ငံကို ကယ်တင်ကြပါလို့ ပြောချင်ပါတယ်။

မေး။     ။ ပြည်သူကို ကာကွယ်ရမယ်ဆိုတာမှာ လတ်တလော ကယားပြည်နယ်အတွင်းက တိုက်ပွဲတွေမှာကြည့်ရင် လွိုင်ကော်နဲ့ ဒီးမော့ဆိုမှာ ပြည်သူတွေရဲ့နေအိမ်တွေ ဘာသာရေးအဆောက်အဦတွေကို စစ်တပ်က ပစ်ခတ်တာတွေ ရှိတယ်၊ အဲလို ပစ်ခတ်မှုတွေက ဘယ်လိုစိတ်ဓါတ်တွေကြောင့်ဖြစ်လာတယ်လို့ ထင်လဲဗျ။

ဖြေ။     ။ နှစ်ပိုင်းပြောချင်ပါတယ်၊ ပထမတစ်ပိုင်းက နိုင်ငံတကာစံချိန်စံနှုန်းနဲ့ညီတဲ့ code of conduct တို့ rule of engagement တို့ကို တပ်မတော်ထဲမှာ သင်ကြားမှုမရှိခဲ့ဘူးဗျ၊ ဂျီနီဗာ ကွန်ဗန်းရှင်းအရဆိုရင် ဘာသာရေးအဆောက်အဦတွေမှာ တပ်စွဲခွင့်မရှိတာတွေ၊ ဖျက်ဆီးခွင့်မရှိတာတွေ ပါတယ်၊

သူတို့ စစ်ခေါင်းဆောင်တွေကိုယ်တိုင်က အောက်ကို သင်မပေးတဲ့အခါကျတော့ အောက်ခြေတပ်သားတွေက ဒါတွေကို နားမလည်ဘူး၊ ဒုတိယတပိုင်းက စစ်သည်တော်ကျင့်ဝတ် ၆၀ ဆိုတာ ရှိတယ်ဗျ၊ အဲဒီထဲမှာ ပြည်သူပေါ် ပြုကျင့်ရမယ့် တရားဆိုတာရှိတယ်၊ အဲဒါက ဘာလဲဆိုတော့ ပြည်သူကို ရေလို လလို ကျင့်ပါဆိုတာကို သူတို့ မေ့နေကြတယ်ဗျ၊

သူတို့ကို အမိန့်ပေးနေတဲ့သူတွေက ပြည်သူကို ရန်သူလို သဘောထားနေတော့ အောက်ခြေတပ်သားတွေက ပြည်သူကို နေလို မီးလို ကျင့်ကြတာပေါ့၊ အင်မတန်ကို စိတ်မကောင်းစရာပဲ။

မေး ။     ။ အခုလက်ရှိ ဗိုလ်ကြီးက CDM ဝင်လာပြီဆိုတော့ နွေဦးတော်လှန်ရေးမှာ ဘာလို အခန်းကဏ္ဍကနေ ပါဝင်သွားမလဲဗျ။

ဖြေ။      ။ ကျနော်က ခွဲစိတ်ဆရာဝန်တစ်ယောက်ပါ၊ ကျနော် ကျွမ်းကျင်တာကတော့ ခွဲစိတ်ကုသတာပေါ့၊ သို့သော် နွေဦးတော်လှန်ရေးမှာ ထမ်းနိုင်တဲ့ ဝန်တွေကို ထမ်းသွားပါမယ်၊ အသေးစိတ်တော့ ပြောလို့မရပါခင်ဗျ။

မေး။     ။ ဗိုလ်ကြီးအနေနဲ့ နောက်ဆုံး ဘာများ ဖြည့်စွက်ပြောချင်တာရှိလဲဗျ။

ဖြေ ။     ။ ကျနော့်ကို မေးမြန်းတဲ့ရန်ကုန်ခေတ်သစ်မီဒီယာကို ကျေးဇူးတင်ပါတယ်၊ ဒီနွေဦးတော်လှန်ရေးမှာ ခေတ်သစ်အနေနဲ့ ပြည်သူ့မီဒီယာအဖြစ် ရပ်တည်ခဲ့တယ်၊ အမှန်တရားတွေထောက်ပြတယ်၊ ရဲရဲတွေး ရဲရဲရေးတာတွေကို တွေ့တယ်၊ ကျနော် credit ပေးပါတယ်။


Original Post: Khit Thit Media