Report 847 Views

ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကော်စီ၏ ချိုးဖောက်မှုများ အကျဉ်း (ဇွန် ၂၂ရက် ဇူလိုင် ၄ ရက်၊ ၂၀၂၁ ခုနှစ်)

July 7th, 2021  •  Author:   Karenni Civil Society Network  •  1 minute read
Featured image

သတ်ဖြတ်ခံရခြင်း

စစ်ကောင်စီမှ သတ်ဖြတ်ခံရသည့် လူဦးရေသည် ၇၆ ဦးအထိရှိသွားပြီဖြစ်သည်။ ထိုသတ်ဖြတ် ခံရသောသူများသည် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များနှင့် အရပ်သားပြည်သူများ ပါဝင်ပြီး များသောအားဖြင့် ဒီးမော့ဆိုမြို့နယ်မှ အရပ်သားများဖြစ်ကြသည်။ တိုက်ပွဲအတွင်း သတ်ဖြတ်ခံရ သူများအပြင်  စစ်ကောင်စီတပ်များ၏ အကြောင်းမဲ့ပစ်ခတ်မှုများကြောင့် သေဆုံးရခြင်း၊ ဖမ်းဆီး ချုပ်နှောင်ပြီး သတ်ဖြတ်ခံရခြင်း၊ စစ်ပြေးရှောင်သူများအတွက် စားနပ်ရိက္ခာများ သယ်ယူ ရာတွင်လည်း သတ်ဖြတ်ခြင်းခံရကြသည်။ သတ်ဖြတ်ခံရသည့် လူဦးရေသည် အတည်ပြုထားသော ၇၆ ဦးထက် ပိုမိုများပြားနိုင်သည်။

ဇွန်လ ၂၂ ရက်နေ့မှ ဇူလှိုင် ၄ ရက်နေ့အတွင်း သတ်ဖြတ်ခံရသော လူဦးရေမှာ ၁၂ ဦးဖြစ်ပြီး ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းအချိန်တွင် မိုးဗြဲမြု့မှ ဖယ်ခုံမြို့သို့ ဆိုင်ကယ်စီးလာသော လူငယ် တစ်ဦးအား စစ်ကောင်စီတပ် ခမရ ၄၂၂ မှ ပစ်ခတ် သတ်ဖြတ်ခဲ့သောသူလည်း ပါဝင်သည်။

ဆိုင်ကယ်စီးလာပြီး စစ်ကောင်စီ ပစ်ခတ်သတ်ဖြတ်ခြင်းခံရသော လူငယ် တစ်ဦး၏ အလောင်း ဇွန် ၂၈ ရက်နေ့။

ဖမ်းဆီးခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်း

ကရင်နီပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးသည့်အချိန်မှ စပြီး ဖမ်းဆီးခြင်းခံရသော လူဦးရေသည် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ၁၃၀ ဦး မှ ၁၃၂ ဦးအထိ ရှိလာပြီဖြစ်သည်။ ယခုထပ်မံ ဖမ်းဆီးခံရသည့် ၂ ဦးသည် စစ်ပြေးရှောင်သည့် နေရာမှ ပြန်လာကြသောသူများ ဖြစ်ကြသည်။ ဇွန်လ ၁၅ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေးယူထားသော အဖွဲ့တချို့နှင့် ဘာသာရေးခေါင်းဆောင်များမှ စေ့စညှိနှိုင်းဆွေးနွေးခြင်းကြောင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း စစ်ရှောင်ပြည်သူများအား စစ်ကောင်စီမှ နေအိမ်သို ့ပြည်လည် နေထိုင်ကြရန် ဖိအားပေးမှုများ ရှိခဲ့သည်။

စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ပြီး ဖမ်းဆီးခံထားရသော သူများထဲတွင် ဇွန်လ ၃၀ ရက်နေ့ လွိုင်ကော်အကျဉ်းထောင်မှ ၁၁ ဦး (မ ၉ ဦးနှင့် ကျား ၂ ဦး) တို့ကို စစ်ကောင်စီမှ ပြန်လည် လွတ်ပေးခဲ့သည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်း ဖယ်ခုံမြို့နယ်တွင် မြေမြုပ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့် သူနှစ်ဦးရှိခဲ့သည်။

အဆောက်အအုံ ပျက်စီးမှုနှင့် ဖျက်ဆီးခံရမှုများ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် အပစ်အခတ်ရပ်စဲရေး ယူထားသော်လည်း စစ်ကောင်စီမှ ဒေသခံရွာသားများ ရှိရာသို့ ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ ဇွန်လ ၂၅ ရက်နေ့တွင် လွိုင်ကော်မြို့၊ နမ်းဘော်ဝါရပ်ကွက်မှ အိမ်ခြေနှစ်လုံးအား လက်နက်ကြီးများဖြင့် ထိမှန်ပျက်စီးပြီး ဇွန်လ ၂၆ ရက်နေ့တွင်လည်း စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကြောင့် လွိုင်ကောင်မြို့ ဧက ၅၀၀ ရပ်ကွက်မှ နေအိမ်တလုံးအား လက်နက်ကြီး ထိမှန် ပျက်စီး ခဲ့ရသည်။ ကံကောင်းစွာဖြင့် ထိုအိမ်ရှင်များသည် ၎င်းအိမ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဖြစ်သည့် အတွက် ထိခိုက်ဒဏ်ရာရရှိမှုများ မရှိချေ။

ဇွန်လ ၂၂ ရက်နေ့မှ ဇူလှိုင် ၄ ရက်နေ့အတွင်း ဒီးမော့ဆိုမြို့နယ်တွင် အနည်းဆုံး စျေးဆိုင်အများဆုံး ပါဝင်သည့် နေအိမ် အလုံး (၅၀) အား စစ်ကောင်စီမှ ဖျက်ဆီးခဲ့ပြီး အိမ်တံခါးများအား ရိုက်ကျိုးခြင်း၊ အအတွင်းပစ္စည်းဥစ္စာများ ဖျက်စီးခြင်းနှင့် အဖိုးတန်ပစ္စည်းများ ခိုးယူသွားခဲ့ကြသည်။

လွိုင်ကော်မြို့နယ် ဧက ၅၀၀ ရပ်ကွက်တွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ပျက်စီးသွားသောအိမ် ဇွန်လ ၂၆ ရက်

အစုလိုက်အပြုံလိုက် ထုတ်ပယ်ခြင်းခံရသည့် CDM ပညာရေးဝန်ထမ်းများ

ကရင်နီပြည်နယ်တွင် များသောအားဖြင့် ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးရေးဝန်ထမ်းများစွာ အာဏာဖီဆန်ရေးတွင် ပါဝင်လာခဲ့ကြသည်။ ဇွန်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီ ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ဖရှုဆိုမြို့နယ်အတွင်း CDM တွင်ပါဝင်သော ကျောင်းပေါင်း(၁၀၀)မှ ပညာရေးဝန်ထမ်း (၅၂၆) ဦးအား ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။ ၎င်းထုတ်ပြန်ချက် နောက်ပိုင်းတွင် ဒီးမော့ဆိုမြို့နယ်မှ ပညာရေးဝန်ထမ်း (၁၁၂၃) ဦး၊ မယ်စဲ့မြို့နယ်မှ ပညာရေး ဝန်ထမ်း (၇၈) ဦး၊ ရှားတောမြို့နယ်မှ (၅၄)ဦး၊ ဖားဆောင်းမြို့နယ်မှ ပညာရေးဝန်ထမ်း (၁၅၂) ဦးအပြင် ဖယ်ခု့မြို့နယ်မှ (၆၄၈)ဦး စုစုပေါင်း (၂၅၈၁) ဦးအား ထုတ်ပယ်ကြောင်း အသီးသီး ကြေညာ ခဲ့သည်။

စစ်ကောင်စီမှ စစ်ပြေးရှောင်များ၏ ပစ္စည်းဥစ္စာများ လုယူမှုနှင့် အတင်းအဓ္စမခိုင်းစေမှုများ

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့၏ အပစ်အခတ်ရပ်စဲပြီးသည့် နောက်ပိုင်း အချို့သောရွာသားများသည် မိမိကျေးရွာသို့ ပြည်လာကာ အိမ်မှပိုင်ဆိုင်သောပစ္စည်းများ စစ်ဆေးခြင်း၊ လယ်ယာ လုပ်ကိုင်ခြင်းများ ရှိသော်လည်း မြို့ပေါ်နေပြည်သူများ မိမိအိမ်သို့ ပြန်လာ မနေရဲကြသေးချေ။ ကျေးရွာသို့ပြန်လာနေကြသော သူအများစုသည် ယောက်ကျားများသာဖြစ်ပြီး တကျော့ပြန်တိုက်ပွဲများ ဖြစ်ပေါ်ပါက ပြေးလွားနိုင်သည့် လူများသာ ဖြစ်ကြသည်။ စစ်ဘေးရှောင် စခန်းတွင်မှာ ကျန်နေသေးသော သူအများစုသည် မိန်းကလေးများ၊ ကလေးငယ်များနှင့် သက်ကြီး ရွယ်အိုများသာ ဖြစ်ပြီး ၎င်းတို့၏ အသက်အန္တာရာယ်အတွက် စိုးရိမ်ပူပန်နေကြဆဲဖြစ်သည်။ အချို့သောစစ်ဘေးရှောင်ပြည်သူများသည် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အိုးအိမ်များထိမှန်ပျက်စီးခြင်း ရှိသည့်အတွက် ပြည်လည်နေထိုင်နိုင်ခြင်း မရှိကြသေးချေ။

ဒီးမော့ဆိုမြို့နယ် မြလဲရွာကျေးရွာအုပ်စုမှ စစ်ဘေးရှောင်ပြည်သူများသည် မိမိနေအိမ်သို့ ပြန်လည် နေထိုင်ခဲ့သော်လည်း စစ်ကောင်စစ်၏ ခြိမ်းခြောက်မှုကို ခံနေကြရသည်။ စစ်ကောင်စီမှ ၎င်းရွာသား များအား စစ်ရှောင်စခန်းများရှိရာသို့ အတင်းအဓ္စမ လိုက်ပြခိုင်းခြင်း၊ အိုင်ဒီပီစခန်းမှ ရွာသားများ၏ အဖိုးတန်ပစ္စည်းများဖြစ်သည့် ငွေနှင့် လက်ဝတ်ရတနာများအား လုယက်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ထီးဖိုးကလိုးကျေးရွာအုပ်စုတွင်လည်း စစ်ဘေးရှောင်စခန်းများသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး စစ်ဘေးရှောင်ပြည်သူများအား အတင်းအဓ္စမ ထမင်းချက်ခိုင်းခြင်းနှင့် ရေခတ် ခိုင်းခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ ရန်လိုတိုက်ခိုက်မှုများ

ဇွန်လ ၁၅ရက်နေ့ အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး စစ်ကော်စီများသည် မဟာဗျူဟာ ကျသော နေရာများအား ကြိုးပမ်းထိန်းချုပ်လာခဲ့ကြသည်။ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက် ၁၀ ကီလိုမီတာတွင် ရှိသော ထီးသဲကလိုးကျေးရွာမှာ ထားရှိသော လူထုပိုင် ဆေးခန်းတွင် စခန်းချ နေထိုင်ပြီး ၃ ရက်အကြာတွင် ပြန်လည်ထွက်ခွါသွားခဲ့သည်။ စစ်ကောင်စီမှ ၎င်းဆေးခန်းတွင် စခန်းချနေစဉ်အတွင်း ပြည်သူများမှ ဆေးကုသရန် ဆေးခန်းသို့ မလာရဲခဲ့ကြချေ။

၂၀၂၁ ခုနှစ်၊ ဇူလှိုင်လ ၂ ရက်နေ့ လွိုင်ကော်မြို့အနီးတဝိုက်တွင် နယ်မြေရှင်းလင်းရာ လှုပ်ရှား သွားလာနေသည့် အင်အား (၈၀)ခန့် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (ကလလတ) နှင့် ပအိုပ် အမျိုးသားအဖွဲ့ချုပ်(PNO/PNA) တပ်များသည် ကရနီအမျိုးသားတိုးတက်ရေးပါတီ တပ်များနှင့် နံနက် ၈ နာရီအချိန်တွင် လွိုင်ကော်မြို့ အရှေ့ဘက် ၁၃ မိုင်ရှိ ပါလောင်းကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် ပါလောင်းနေရွာသူ၊သားများနှင့် ဒေါတရုတ်ရှိ ရွာသူ၊သားများ ၁၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ဇူလိုင်လ ၃ ရက်နေ့တွင်လည်း လွိုင်ကော်မြို့ မြောက်ဘက် ၆ ကီလိုမီတာ ရှိ နွားလဘိုးတွင် စစ်ကောင်စီနှင့် KNPP တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကင်းလှည့်သွားလာနေသည့် စစ်ကောင်စီတပ်များသည် ရွာသားများ၏ ပစ္စည်းများ လုယူခြင်းနှင့် အိမ်မွေးတိရစ္ဆာန်များ သတ်ဖြတ်ခဲ့သည်။ ဥပမာ – ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖား ကျေးရွာတွင် စစ်ကောင်စီတပ်များမှ ရွာသားများ၏ ပစ္စည်းဥစ္စာများ၊ ဆန်များ ခိုးယူသွားခဲ့သည်။

ဆက်သွယ်ရန်

Khu Ko Reh                Tel: +668 2196 2258

Ruby                           Tel: +666 3184 2980

Email: [email protected]


PDF ဖိုင်ကို ရယူရန် မြန်မာဘာသာအင်္ဂလိပ်ဘာသာ