လေးမြို့မှ အဖမ်းခံရသည့် ၁၅ နှစ်သား ၂၄ နာရီအတွင်း သေဆုံး

June 20th, 2021  •  Author:   Kyaw Min Khant (Kalay Township)  •  1 minute read
Featured image

အဖမ်းခံရပြီး ၂၄ နာရီအတွင်း သေဆုံးသွားသော ၁၅ နှစ်သား မောင်ကျော်မင်းခန့်

ဇွန် ၁၉ ညဘက် ကလေးမြို့မှ ၄ ဦးကို ပစ်သတ်သည့် စစ်ကောင်စီက ၎င်းတို့ဖမ်းထားသည့် ဆယ်ကျော်သက်တစ်ဦးသေဆုံးကြောင်း မိသားစုကို အသိပေးခဲ့သည်

By Myanmar Now

ကလေးမြို့မှ အသက် ၁၅နှစ်အရွယ် မောင်ကျော်မင်းခန့်ကို အာဏာသိမ်းစစ်ကောင်စီ တပ်သားများက ယမန်နေ့ ဇွန် ၁၉ ညက ဖမ်းဆီးသွားပြီး ယနေ့တွင် အလောင်းလာထုတ်ရန် မိသားစုထံ ဆက်သွယ်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ညက (​ကျော်မင်းခန့်) အဖမ်းခံရပြီးတော့ အခု အလောင်းလာထုတ်လို့ ပြောတယ်တဲ့ သူ့မိဘတွေကို။ အခု သူတို့နဲ့ နီးစပ်တဲ့သူက ပြောလာတာ။ ဘာကြောင့်ဖမ်းတာလဲတော့ သေချာမသိရသေးဘူး။ အဲဒါ အခု ၂ နာရီမှာ အလောင်းလာထုတ်ဖို့ ပြောလာတယ်လို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ယနေ့မွန်းလွဲပိုင်း၌ ပြောသည်။

ကလေးမြို့ ချမ်းမြအောင်စည်ရပ်ကွက်၌ နေထိုင်သူ မောင်ကျော်မင်းခန့်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၌ လိုက်ပါလေ့ရှိသူတစ်ဦးဟု သိရကြောင်း အထက်ပါ​ဒေသခံက ​ပြောသည်။

တချိန်တည်းတွင် အဖမ်းခံရသည့် မြန်မာ့စီးပွားရေးဘဏ် CDM ၀န်ထမ်းတစ်ဦးနှင့် သူ၏ ၁၂နှစ်အရွယ် ကလေးငယ်ကိုမူ ပြန်မလွှတ်သေးဟု သိရသည်။

ည ၉နာရီခန့်ကလည်း အင်းယားကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့၍ အိမ်ပိုင်ရှင် သားအဖနှစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

“မိသားစုက သုံးယောက်နေတာ၊ အဲဒီမှာ ဧည့်သည်က နှစ်ယောက်ပါတယ်။ သူတို့က ဝင်မွှေတဲ့အချိန်မှာ တစ်ယောက်က အော်လိုက်တာ။ အော်လိုက်ပြီးတော့ ထွက်ပြေးတဲ့အချိန်မှာ ပစ်သတ်လိုက်တာလို့ ပြောတယ်။ သားအဖနှစ်ယောက်သေပြီး ကောင်မလေးတစ်ယောက် မျက်စိမှန်သွားတယ်။ ဧည့်သည်နှစ်ယောက်လည်း ပစ်သတ်ခံရတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါအိမ်ကို မည်သည့်အတွက် ဝင်ရောက်စီးနင်းသည်ကိုမူ မသိရသေးကြောင်း ထို​ဒေသခံက ဆက်​ပြောသည်။

ဇွန် ၁၉ ည ကလေးမြို့ပစ်ခတ်မှု၊ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး မှတ်ချက်တောင်းရန် စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့ကို ဆက်သွယ်၍ မရသေးပေ။

စစ်ကိုင်းတိုင်း ကလေးမြို့ဒေသခံတို့သည် အာဏာသိမ်းစစ်ကောင်စီကို နေ့စဉ် နည်းမျိုးစုံဖြင့် ဆန့်ကျင်အံတုလျက်ရှိသည်။


Original Post: Myanmar Now