ကနီမြို့၊ ကင်းရွာဒေသခံတို့ကို စစ်တပ်က ဓားဖြင့်မွှန်း၍ နှိပ်စက်

June 20th, 2021  •  Author:   Evil Coup (Myanmar)  •  1 minute read
Featured image

နှိပ်စက်ခံရသော လူငယ်တစ်ဦး သူ၏ ဒဏ်ရာများကို ဇွန် ၁၉ ရက်နေ့က ပြသနေစဉ်။ (ဓာတ်ပုံ-ပေးပို့) 

တပ်မ ၉၉ က ကင်းရွာကို စီးနင်းစဉ် လူငယ် ၄ ဦးကို ဓားဖြင့်မွှန်း၍ နှိပ်စက်ခဲ့ပြီး ကာလတန်ဖိုး ကျပ် သိန်း ၇၀၀ နီးပါးကို ရွာအတွင်း မွှေနှောက်ဖျက်ဆီးသွားကြသည်

By Myanmar Now

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းရွာတွင် တပ်မ ၉၉ မှ စစ်သားများ၊ အရပ်ဝတ်လက်နက်ကိုင်များ ယမန်နေ့ (ဇွန် ၁၉) နံနက်က ဝင်ရောက်စီးနင်းကာ အရပ်သား ၉ ဦးကို ဓားဖြင့်မွှန်းကာ နှိပ်စက်ခဲ့သည်။

သေနတ်များပစ်ဖောက်ကာ ကင်းရွာအတွင်း ဝင်ရောက်လာသော လက်နက်ကိုင် ၇၀ ခန့်က ဒေသခံ အမျိုးသား ၄ ဦးကို ဒူးထောက်ထိုင်ခိုင်းကာ ကိုယ်ခန္ဓာကို ဓားဖြင့် မွှန်းကြသည်ဟု သိရသည်။

လက်မောင်း၊ ကျော၊ ခါးနှင့် ဦးခေါင်းတို့၌ ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး နှစ်ဦးအခြေအနေမှာ စိုးရိမ်ရသည်ဟု ကင်းရွာဒေသခံတစ်ဦးက ပြောသည်။

“လူငယ်တွေကို ကျောတွေကို ဓားနဲ့မွှန်းတာ။ ဓားတွေနဲ့ထောက် ဓားတွေနဲ့မွှန်းတာ။ သူတို့ (စစ်တပ်) ပြန်သွားတော့ အဲ့ဒီနားမှာ သွေးကွက်ကြီးတွေ ကျန်နေခဲ့တယ်” ဟု ကင်းကျေးရွာဒေသခံတစ်ဦးက ပြောသည်။

အမျိုးသမီးတစ်ဦးကိုလည်း ရိုက်နှက်ခဲ့ကြောင်း သိရသည်။

တောင်ပေါ်ဘုန်းကြီးကျောင်းတွင် ရှိနေသူတို့ကို ထောင်အတွင်း အကျဉ်းသားများ ခေါင်းပေါ်လက်နှစ်ဖက်တင်ပြီး ခေါင်းငုံ့ထိုင်ရသည့်ပုံစံ ထိုင်ခိုင်းကာ အသက်ကြီးပိုင်းအမျိုးသား ၃ ဦးကို ရိုက်နှက်ကန်ကျောက်ကြကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းထဲမှာ ပုန်းတာက အသက် ၅၀ ကနေ ၇၀ အရွယ် အမျိုးသားတွေ။ သူတို့ကိုကျတော့ (ပုံစံ) ထိုင်ခိုင်းထားပြီးတော့ ခြေထောက်နဲ့ မျက်နှာကို ကန်တယ်။ တစ်ယောက်ကိုတော့ ပုံစံထိုင်ခိုင်းပြီး ခြေထောက်နဲ့ တစ်ချက်ကန်တယ်။ ပြီးတော့ ပိုက်ဆံရှိပုံရတဲ့အခါကျတော့ ပိုက်ဆံတောင်းသွားတယ်။ ပိုက်ဆံငါးသောင်း ပေးလိုက်ရတယ်”ဟု ကင်းရွာဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများ အိမ်ခြေ ၇၀၀ ကျော်ရှိသော ကင်းရွာသို့ လာမည်ကို သတင်းကြိုရရှိသဖြင့် ဇွန် ၁၈ ညပိုင်းကတည်းက ရွာခံအများအပြား တောထဲ တိမ်းရှောင်ခဲ့ကြပြီး သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးတချို့သာ ကျန်ရှိခဲ့ခြင်း ဖြစ်သည်။

ကင်းရွာအတွင်း ပညာရေးဘော်ဒါဆောင်အပါအဝင် အိမ်ခြေ ၁၀၀ ဝန်းကျင်အား မွှေနှောက်ဖျက်ဆီးပြီး ရွှေ၊ ငွေ၊ ဖုန်း နှင့် ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာတို့အပြင် ဘက်ထရီအိုးပါမကျန် ယူဆောင်သွားကြောင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်း ၇၀၀ ဝန်းကျင်ခန့်ရှိကြောင်း ကင်းကျေးရွာဒေသခံများက ဆိုသည်။

ထို့ပြင် စျေးဆိုင်များမှလည်း ဆန်၊ ဆီ၊ ကြက်ဥ၊ စားနပ်ရိက္ခာနှင့် အရက်ဘီယာတို့ကိုပါ ယူဆောင်သွားကြောင်း သိရသည်။

ရွာအတွင်းရှိ နေအိမ်တစ်အိမ်အား မွှေနှောက်ဖျက်ဆီးထားသည်ကို ဇွန် ၁၉ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

စစ်ကော်စီတပ်က ကင်းရွာအတွင်း ၄ နာရီနီးပါးကြာ ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီးနောက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မင်းကင်းမြို့နှင့် ကနီမြို့နယ်စပ်ရှိ မိချောင်းတွင်းရွာသို့ ပြန်လည်ဆုတ်ခွာသွားသည်။

စစ်သားများနှင့်အတူ အရပ်ဝတ်လက်နက်ကိုင် ၁၅ ဦးခန့်ပါဝင်ပြီး တချို့မှာ မျက်နှာဖုံးအနက်များ ဝတ်ဆင်ထားကြောင်း၊ စစ်တပ်အားပေး ပျူစောထီးအဖွဲ့ဝင်များဖြစ်ကြောင်း ဒေသခံများက ပြောဆိုခဲ့ကြသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်သေးပေ။

သို့ရာတွင် ပြီးခဲ့သည့်ရက်ပိုင်းက ကနီမြို့နယ်နှင့်ကပ်လျက် မင်းကင်းမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်တပ်က ဝင်ရောက်စီးနင်းရာတွင် ၎င်းမျက်နှာဖုံးစွပ်ထားသည့် အရပ်ဝတ်လက်နက်ကိုင်များပါ ပါဝင်ကြောင်း ဒေသခံများက အခိုင်အမာ ပြောသည်။

ရွာကြီးတစ်ရွာဖြစ်သော ကင်းကျေးရွာကို မေလအတွင်း နှစ်ကြိမ်ဝင်ရောက်စီးနင်းခဲ့ပြီး ယခု တတိယအကြိမ်တွင် တန်ဖိုးအများဆုံး ပျက်စီးဆုံးရှုံးသည်ဟု ဒေသခံများက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းခဲ့သည့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်တို့တွင် တူမီးကိုင်ပြီး ခုခံနေသောကြောင့် ၎င်းကျေးရွာများကို စစ်တပ်က အပြင်းအထန် ဖြိုခွင်းဖျက်ဆီးနေသည်။

ယမန်နေ့ ဇွန် ၁၉ ညနေပိုင်း၌ ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီး စစ်ကောင်စီတပ်ကို အကြမ်းဖက်သူများက လက်လုပ်မိုင်း၊ တူမီးသေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

မန္တလေးတိုင်း၊ မိတ္ထီလာအခြေစိုက် ခြေမြန်တပ်မ ၉၉ သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများကျူးလွန်ခဲ့ပြီး ၂၀၁၆ တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုန်းကိုးမြို့တွင်လည်း အကြမ်းဖက်မှုများကျူးလွန်ခဲ့သောကြောင့် အမေရိကန်အစိုးရက ၂၀၁၈ ခုနှစ်အတွင်း ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။

စစ်ခေါင်းဆောင်များနှင့် တပ်မ ၃၃ တို့ကိုလည်း ထိုစဉ်က ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။


Original Post: Myanmar Now