ညမှာ ဒရွတ်တိုက်ဆွဲသွားတာသာ မြင်တွေ့ခဲ့ရပြီး မနက်အလောင်းလာယူခိုင်းတာကြုံရ

June 19th, 2021  •  Author:   Ma Marlar Win (Pakokku City)  •  1 minute read
Featured image

မမာလာဝင်းနှင့်မိသားစု

By ဝေယံမိုး – မဇ္ဈိမ

မမာလာဝင်းတစ်ယောက် သံပုံးတီး ညသပိတ်လုပ်တာကို ခြံရှေ့မှာထွက်ကြည့်နေတုံးမှာပဲ စစ်ကောင်စီတပ်သားတွေ ကင်းလှည့်ရောက်လာပြီး ပစ်ခတ်ခဲ့တာကြောင့် သေနတ်ကျည်ဆံထိမှန်ခဲ့ပါတယ်။ အဲဒီနောက် သူ့ကို စစ်ကောင်စီတပ်တွေက ဆံပင်ကိုဆွဲကာ ဒရွတ်တိုက်ဆွဲခေါ်သွားတာကို မြင်တွေ့လိုက်ကြရပါတယ်။ နောက်တစ်နေ့မနက်မှာတော့ မမာလာဝင်းအလောင်းကိုလာယူဖို့ မိသားစုကို အကြောင်းကြားလာပါတယ်။

ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ဆိုရင် ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်က အသက် ၃၉ နှစ်အရွယ် မမာလာဝင်း နှိပ်စက် အသတ်ခံရတာ သုံးလပြည့်မြောက်ပါပြီ။

“ကလေးတွေကလဲ သူတို့အမေကိုသိပ်သတိရနေတယ်၊ ညတွေဆိုရင် စိတ်ချောက်ခြားပြီး ကျွန်တော့အမျိုးသမီးရှိနေတယ်အမှတ်နဲ့ တွေးပြီးငိုနေမိတာခုချိန်ထိပါပဲ၊ အဲ့ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေကို ကျွန်တော်မတရားကိုမုန်းတယ်၊ လမ်းသွားရင်းတွေ့ရင်တောင် အားမတန်လို့သာပေါ့ ၊ မဟုတ်ရင် သတ်ပြစ်ချင်လောက်အောင်ကို စိတ်နာကျည်းတယ်၊ ဘာမှအပစ်မရှိတဲ့သူကို ရက်ရက်စက်စက် လုပ်လိုက်ကြတယ်” လို့ မမာလာဝင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုရင်(ခ)ကိုမြင့်ဆွေ က ပြောပါတယ်။

သေဆုံးခဲ့ရသူ မမာလာဝင်းနဲ့ အသက် ၄၇ နှစ်အရွယ် ကိုမြင့်ဆွေတို့လင်မယားမှာ  အသက် ၁၀ နှစ်အရွယ် မောင်ရာဇာကို၊ ၁၄ နှစ်အရွယ် မခင်လေးနွယ်နဲ့ အသက် ၁၆ နှစ် မနန်းခင်းဝင်းဆိုတဲ့ သားသမီး သုံးဦးရှိပါတယ်။  လက်လုပ်လက်စား လုပ်ကိုင်စားသောက်နေကြရတဲ့သူတွေပါ။

ဒီနေ့တော့ မမာလာဝင်းအတွက်ရည်စူးပြီး မိသားစုဝင်တွေက အကျည်းချုံ့ကာ  အရှေ့တိုက်ဘုန်းကြီးကျောင်းကို ဟင်းငါးမျိုးနဲ့ ဆွမ်းချက်လှူဒါန်းရင်း ကုသိုလ်ကောင်းမှုပြုခဲ့တယ်လို့ သိရပါတယ်။

“အမေ့ကိုတော့ ကောင်းရာမွန်ရာရောက်အောင်သာဓုခေါ်ပါလို့ပဲ ညီမလေးတို့ကတော့ ပြောနိုင်တာ၊ ဒီလိုမျိုးအပစ်မရှိတဲ့ အမေ့ကို သတ်လိုက်ကြတဲ့ စစ်အာဏာရှင် အမြန်ဆုံးကျဆုံးပါစေလို့နေ့တိုင်းဆုတောင်းနေပါတယ်” လို့ မမာလာဝင်းရဲ့ သမီးဖြစ်သူ မခင်လေးနွယ်က ပြောပါတယ်။

ကိုမြင့်ဆွေတစ်ယောက် မဝေးလှသေးတဲ့အတိတ်ကိုပြန်ပြောင်းပြောတာမှာတော့ ” အဲ့ဒီညတုန်းက ညပိုင်းသပိတ်ကိုထွက်ကြည့်တာ စစ်သားတွေလာတာနဲ့တိုးပြီး သူတို့ပစ်လိုက်ကြတာ ပေါင်ကိုမှန်သွားတာကို ကျွန်တော်မြင်လိုက်တယ်၊ ပြီးတော့ စစ်သားတွေက ဆံပင်ကိုဆွဲပြီး တရွတ်တိုက်ဆွဲခေါ်သွားတာ” လို့ ဆိုပါတယ်။

မမလာဝင်းအလောင်းကိုမြေချဖို့ရာမှာ ရပ်ဝေးက မိသားစုတွေရောက်လာတဲ့အထိ စောင့်နေခွင့်မရဘဲ ချက်ချင်းသဂြိုလ်ခဲ့ရပါတယ်။

” ရင်ခွဲရုံရောက်တော့ သူတို့က ကျွန်တော့အမျိုးသမီးကို သွေးစူနာကြောင့်သေတာတဲ့၊ ကျွန်တော့မိန်းမမှာ ဘာရောဂါမှမရှိပါဘူး၊ ကျွန်တော်သူ့ရုပ်အလောင်းကို ကြည့်လိုက်တော့ ပါးတွေ၊နားအုံတွေ ခေါင်းတွေက ညိုမဲရောင်ကိုင်းနေတာပဲဗျာ၊ သူတို့မတရားနှိပ်စပ်ထားလိုက်ကြတာ၊ ကျွန်တော်တစ်ညလုံးတွေးနေတာ သူ့ကိုပေါင်ကိုမှန်တာဆိုတော့ သူအသက်ရှင်ဦးမှာပဲဆိုပြီး စဉ်းစားနေတာ၊ အလောင်းကို သဂြိုလ်ဖို့တောင် ကျွန်တော်မနည်းတောင်းပန်ခဲ့ရတယ်ဗျာ” ဆိုပါတယ်။

သူတို့ အိမ်ထောင်သက်တမ်းဟာ အနှစ် ၂၀ ကျော်ခဲ့ရှိခဲ့ပြီဖြစ်ပြီး မိသားစုစုံစုံလင်လင်နဲ့ ကြိုးစားရုန်းကန်နေချိန် ခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ။

“ကျွန်တော်တို့ အိမ်ထောင်ကျတာလဲကြာပါပြီ၊ အမှတ်ရစရာတွေလဲအများကြီး ၊ ခုချိန်ထိလဲ ဘယ်လိုမှမဖြေနိုင်သေးဘူး၊ ဒီနေ့လည်း သူ့အတွက် ဆွမ်းချက်ပို့ဖို့လုပ်ရင်း လွမ်းဆွေးအမှတ်ရနေရတုန်းပဲ၊ ကောင်းမှုကုသိုလ်လုပ်ပေးရင်း ကောင်းရာမွန်ရာရောက်ပါစေလို့သာဆုတောင်းပါတယ်” လို့ ကိုမြင့်ဆွေက ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ မနေ့က ဇွန်လ ၁၈ ရက်နေ့အထိ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၈၇၀ ဦးထိရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ပြန်ထားပါတယ်။


Original Post: Mizzima – News in Burmese