မိုးကုတ်မှာ အလိုရှိသူအစားအဖမ်းခံခဲ့ရတဲ့ ၄ နှစ်အရွယ်ကလေးနဲ့အမျိုးသမီးတို့ကို မိသားစု အဆက်အသွယ်မရသေး

June 15th, 2021  •  Author:   U Soe Htay's family (Mogok)  •  1 minute read
Featured image

မိုးကုတ်မှာ အလိုရှိသူအစားအဖမ်းခံခဲ့ရတဲ့ ၄ နှစ်အရွယ်ကလေးနဲ့အမျိုးသမီးတို့ကို မိသားစု အဆက်အသွယ်မရသေး

By BBC News

မိုးကုတ်မြို့ အရှေ့ပိုင်း ဗမွန်ရွာက တက်ကြွလှုပ်ရှားသူ ဦးစိုးဌေးရဲ့ ဇနီးနဲ့ ၄ နှစ်အရွယ်သမီးငယ်အပါအဝင် သမီးနှစ်ဦးတို့ကို စစ်ကောင်စီရဲ့ရဲတပ်ဖွဲ့က ဇွန်လ ၁၃ ရက်မှာ ဖမ်းသွားကတည်းက အဖမ်းခံရသူတွေကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မိသားစုဝင်တွေက မသိရသေးဘူးလို့ သိရပါတယ်။

ဦးစိုးဌေးအိမ်ကို ဝရမ်းလာကပ်ချိန် သူ့ကို မတွေ့လို့ ဇနီးနဲ့ ၄ နှစ် သမီးငယ်၊ နောက် တက္ကသိုလ်ကျောင်းသူသမီးတို့ကိုပါ စစ်ကောင်စီရဲ့ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တာပါ။

”ဖမ်းသွားတာ အမျိုးသမီးနဲ့လေးနှစ်အရွယ်ကလေးရယ်။ တတိယနှစ်ဥပဒေကျောင်းသူသမီးရယ်ပါ။ ၄ နှစ်ကလေးကိုဘာကြောင့်ခေါ်သွားရတာလဲ။ ကလေးက အဝတ်စားအပိုလည်းမပါသွားဘူး။ မိုးကုတ်ရာသီဥတုနဲ့ဆိုဘယ်လိုလုပ်မှာလဲ”လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာဖမ်းဆီးခံထားရတဲ့သူတွေကိုဘယ်မှာထားတယ် ဆိုတာလည်း အဆက်သွယ်မရလို့ မိသားစုနဲ့ဆွေမျိုးနီးစပ်သူတွေလည်း တွေ့ခွင့်မရဘူးလို့ သိရပါတယ်။ဦးစိုးဌေးရဲ့နီးစပ်သူတွေကတော့ ဦးစိုးဌေးဟာ နွေဦးတော်လှန်ရေးစတဲ့အချိန်ကတည်းက မြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဦးဆောင်လှုပ်ရှားခဲ့တာ၊ စစ်တပ်လုပ်ရပ်မှန်သမျှကို မထောက်ခံခဲ့တာကြောင့် အခုလို ဖမ်းဝရမ်းအထုတ်ခံရတာလို့ ယူဆပါတယ်။အိမ်သားတွေကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် နေအိမ်ကိုလည်းဝင်ရောက်မွှေနှောက်ရှာဖွေမူတွေလုပ်သွားတယ်လို့လည်း မိသားစုတွေကပြောပါတယ်။

မိုးကုတ်မြိုက တက်ကြွလူပ်ရှားသူ ဦးစိုးဌေးကို ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုထားကြောင်း၊ တရားရုံးကိုအမြန်ဆုံးလာရောက်ရမှာဖြစ်ကြောင်း ထုတ်ပြန်တဲ့ဝရမ်းစာတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိုးကုတ်မြို့ထဲမှာလိုက်ပြီးကြေညာချက်တွေ ထုတ်နေတယ်လို့ မိုးကုတ်မြို့ဒေသခံတွေကပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း


Original Post: BBC News