NLD အလုပ်အမှုဆောင်ကို မတွေ့လို့ မိသားစုဝင်တွေကို ဖမ်းဆီး

June 13th, 2021  •  Author:   U Tun Than's relatives (Tanintharyi Township)  •  1 minute read
Featured image

စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ NLD ပါတီဝင် ရပ်ကျေးအလုပ်အမှုဆောင် ဦးထွန်းသန်းရဲ့ သမီးကို တွေ့ရစဉ် – Photo: CJ 

By RFA

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ပဝကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ရပ်ကျေးအလုပ် အမှုဆောင် ဦးထွန်းသန်းကို စစ်ကောင်စီက ဇွန်လ ၁၂ ရက် မနေ့က လာရောက်ဖမ်းဆီးရာမှာ ဦးထွန်းသန်းဟာ အိမ်မှာရှိတာကြောင့် ဇနီး၊ သမီးနဲ့ အစ်ကိုဖြစ်သူတို့ကို ဖမ်းခေါ်သွားတယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ် ဆိုတာကိုတော့ အတိအကျမသိရသေးလို့ ဆိုပါတယ်။ လာရောက်ဖမ်းဆီးချိန်မှာ ဦးထွန်းသန်းက နေအိမ် မှာမရှိလို့ အိမ်မှာရှိနေတဲ့ ဇနီး၊ သမီးနဲ့ အိမ်ဘေးမှာနေထိုင်တဲ့ အစ်ကိုဖြစ်သူတို့ကို ဓားစာခံ အနေနဲ့ ဖမ်းဆီးသွားတယ်လို့ သူ့မိသားစုဝင် တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးပြီးသွားတဲ့နောက်တစ်ရက် ဒီနေ့မှာ ဦးထွန်းသန်းကိုယ်တိုင်က လာရောက်အဖမ်းခံမယ်ဆိုရင် ဖမ်းဆီးထားတဲ့ မိသားစုဝင်တွေကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေဆီ ဆက်သွယ်လာတယ်လို့ ဆိုပါတယ်။

ဦးထွန်းသန်းဟာ စစ်တပ်ကအာဏာ သိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ရှေ့တန်းက တက်တက်ကြွကြွပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး ရပ်ရွာလူကြီး တစ်ယောက်ဖြစ်တယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

စစ်အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်နေတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေ၊ CDM ဝန်ထမ်းတွေကို စစ်ကောင်စီတပ်တွေက ဝင်ဖမ်းတဲ့အခါ သူတို့လိုချင်တဲ့သူကို မတွေ့ရင် မိသားစုဝင်တွေကို ဖမ်းဆီးတာတွေအပြင် ထောင်ချတာတွေပါ ရှိနေပါတယ်။


Original Post: RFA