မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို အရေးယူပိတ်ဆို့ရန် ဖိအားပေးမှုအရှိန်မြင့်လာ

June 5th, 2021  •  Author:   Myanmar Now  •  1 minute read
Featured image

အာဏာသိမ်းမြန်မာစစ်တပ်၏ ရေနံနှင့် ဓာတ်ငွေ့ကဏ္ဍဆိုင်ရာ ဝင်ငွေရလမ်းများကို လုံးဝပိတ်ဆို့ပစ်ရန် နိုင်ငံတကာအစိုးရများနှင့် မြန်မာနိုင်ငံရှိ ရေနံကုမ္ပဏီကြီးများကို အနောက်နိုင်ငံများမှ လွှတ်တော်အမတ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များက ဆက်တိုက် ဖိအားပေးတောင်းဆိုလျက်ရှိသည်

အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ဘဏ်များကို အရေးယူပိတ်ဆို့ရန် နိုင်ငံတကာရှိ လွှတ်တော်အမတ်များနှင့် တက်ကြွလှုပ်ရှားသူများက ၎င်းတို့၏ အစိုးရများကို တွန်းအားပေးလျက်ရှိသည်။

စစ်အာဏာရှင်အတွက် “အရေးပါသည့် ဝင်ငွေရပေါက်” ဖြစ်နေသည့် MOGE ကို ဥရောပသမဂ္ဂ (EU) က အရေးယူပိတ်ဆို့ရေး တိုက်တွန်းပေးရန် ပြင်သစ်လွှတ်တော်အမတ် ၄၀ ခန့်က ဇွန် ၁ တွင် ပြင်သစ်အစိုးရကို တိုက်တွန်းတောင်းဆိုခဲ့သည်။

ရွေးကောက်ခံအမတ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်အသိအမှတ်ပြုပေးရန်လည်း ပြင်သစ်လွှတ်တော်အမတ်များက တောင်းဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုမှ အထက်လွှတ်တော်အမတ် ၆ ဦးသည်လည်း MOGE ကို အရေးယူဒဏ်ခတ်ပေးရန် အမေရိကန်ဘဏ္ဍာရေးဌာနဝန်ကြီး ဂျဲနက်ယဲလန် (Janet Yellen) နှင့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Anthony Blinken) တို့ထံ ဧပြီလနှောင်းပိုင်းတွင် စာပေးပို့ တိုက်တွန်းခဲ့သေးသည်။

“အစိုးရအရန်ငွေ တစ်စတစ်စ ကုန်သွားတဲ့အခါ Total ၊ Chevron/Unocal တို့ဆီက ရတဲ့ သဘာဝဓာတ်ငွေ့ဝင်ငွေတွေဟာ အာဏာရှင်အစိုးရအပေါ် နိုင်ငံတကာရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ကြံ့ကြံ့ခံနိုင်စေခဲ့တယ်ဆိုတာ ၁၉၉၀ ပြည့်နှစ်ဝန်းကျင် မြန်မာစစ်တပ်အာဏာရချိန်က သမိုင်းကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ အခုတကြိမ်မှာတော့ နိုင်ငံတကာက ငွေကြေးအရင်းအမြစ်တွေကို စစ်တပ်က မရယူနိုင်တော့အောင် လုံးဝပိတ်ဆို့ထားရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု အမေရိကန်အထက်လွှတ်တော်အမတ်များက ရေးသားတောင်းဆိုခဲ့သည်။

ဧပြီလအတွင်းမှာပင် Washington Post သတင်းစာကလည်း စစ်အာဏာရှင်ဆီ စီးဆင်းနေတဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝင်ငွေရလမ်းများကို ပိတ်ဆို့ရန် တိုက်တွန်းသည့် အယ်ဒီတာ့အာဘော် ရေးသားခဲ့သည်။

“ဒီလို ချောင်ပိတ်မိနေတဲ့ အခြေအနေမျိုးကို သမ္မတဂျိုးဘိုင်ဒန်အစိုးရက MOGE အပေါ် အရေးယူပိတ်ဆို့တဲ့ နည်းလမ်းနဲ့ ဖြေရှင်းပေးလိုက်နိုင်ပါတယ်။ Total နဲ့ Chevron ကို ဓာတ်ငွေ့ဆက်လက်ထုတ်လုပ်ခွင့်ပြုပြီး အကျိုးအမြတ်ကိုတော့ စစ်တပ်ဆီ မလွှဲပေးတာမျိုး လုပ်နိုင်ပါတယ်။ နောက်နည်းလမ်းတစ်ခုအနေနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း MOGE အကျိုးအမြတ် ထုတ်ယူနိုင်တဲ့ ထိုင်းနဲ့ စင်ကာပူမှာရှိတဲ့ ဘဏ်စာရင်းတွေကို ပိတ်ဆို့လိုက်တာမျိုး ဆောင်ရွက်နိုင်ပါတယ်” လို့ Washington Post သတင်းစာက ရေးသားခဲ့သည်။

အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ဖိအားပေးမှု

ယခုရက်သတ္တပတ်များအတွင်း နိုင်ငံတကာရှိ တက်ကြွလှုပ်ရှားအဖွဲ့အစည်းများကလည်း MOGE ကို ပိတ်ဆို့အရေးယူရန် အင်တိုက်အားတိုက် ဖိအားပေးလျက်ရှိသည်။

ကမ္ဘာလုံးဆိုင်ရာအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Transparency International ၏ အမှုဆောင်အရာရှိချုပ် ဒယ်နီရယ်အဲရစ်ဆန် (Daniel Eriksson) က ရေနံနှင့် သဘာဝဓာတ်ငွေ့ဝင်ငွေများအပေါ် ဥရောပသမဂ္ဂက တစ်စုံတစ်ရာအရေးယူဆောင်ရွက်ရန် မေ ၂၅ တွင် ဥရောပကော်မရှင် ဒုဥက္ကဋ္ဌထံ စာရေးသားပေးပို့ တောင်းဆိုခဲ့သည်။

“စစ်အာဏာရှင်ဟာ အစိုးရယန္တရားကို ဆက်လက်ထိန်းချုပ်နိုင်ဖို့၊ မြန်မာပြည်သူတွေအပေါ် ငွေကြေးဆိုင်ရာဖိနှိပ်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့၊ လက်နက်တွေဝယ်ယူဖို့နဲ့ သူတို့ရဲ့ ပုဂ္ဂလိကအကျိုးအမြတ်တွေအတွက် ဒီဝင်ငွေကို အသုံးပြုပါလိမ့်မယ်” ဟု ဒယ်နီရယ်က ရေးသားထားသည်။

၎င်းပေးပို့ခဲ့သည့် စာတွင် MOGE၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့ပေးရန်လည်း တောင်းဆိုထားသည်။

Total နှင့် Chevron ကုမ္ပဏီတို့က စစ်တပ်အတွက် ဒေါ်လာသိန်းသန်းချီသော အကျိုးအမြတ်များကို ခွဲဝေပေးတော့မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာပြီးချိန်တွင် တက်ကြွလှုပ်ရှားသူတို့၏ တောင်းဆိုမှုများ ပိုမိုကျယ်လောင်လာခဲ့သည်။

အရင်ကာလများတွင်ရခဲ့သည့် စီးပွားရေးကင်းလွတ်ခွင့်များကို တောင်းဆိုနေခြင်းထက် ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုကို ထောက်ခံပေးရန် ဇွန် ၄ တွင် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၀၈ ခုက Total နှင့် Chevron တို့ကို တောင်းဆိုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Total ကုမ္ပဏီအနေဖြင့် ရှေ့လျှောက် အရေးယူပိတ်ဆို့မှုများကို လိုက်နာသွားမည်ဟု ပြီးခဲ့သည့် အပတ်အတွင်း ပြုလုပ်ခဲ့သည့် Total ၏ ရှယ်ယာရှင်များ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ကုမ္ပဏီဥက္ကဋ္ဌ ပတ်ထရစ်ပူယာနေးက ပြောဆိုခဲ့သည်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်သည့် Human Rights Watch (HRW) အဖွဲ့အစည်းကမူ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုမရှိဘဲ Total နှင့် Chevron က စစ်တပ်ကို အကျိုးအမြတ်ခွဲဝေမပေးရုံမျှဖြင့် မလုံလောက်ကြောင်း ယင်းကုမ္ပဏီနှစ်ခု၏ ကြေညာချက်အပေါ် တုံ့ပြန်ခဲ့သည်။

“Total နှင့် Chevron တို့ရဲ့ လတ်တလောဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့လမ်းကြောင်းအတွက် အစပါပဲ။ ဒါပေမဲ့ အဲဒီအကျိုးအမြတ်ဟာ မြန်မာစစ်အာဏာရှင်အုပ်စုက ရရှိခံစားနေတဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းတောင် မရှိပါဘူး” ဟု HRW ၏ အာရှရေးရာဒါရိုက်တာ ဂျွန်စစ်ဖ်တွန် (John Sifton) က ပြောဆိုခဲ့သည်။

“တကယ့်အကျိုးသက်ရောက်မှု ရှိဖို့ဆိုရင် စစ်တပ်က အကျိုးအမြတ်တွေမရရှိတော့အောင် ဒါမှမဟုတ် ငွေကြေးလက်ခံတဲ့ သူတို့ရဲ့ဘဏ်စာရင်းတွေကို အသုံးမပြုနိုင်တော့အောင် နိုင်ငံတကာက အစိုးရတွေနဲ့ ကုမ္ပဏီတွေက ရှေ့ဆက်လုပ်ဆောင်ဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းရေနံကုမ္ပဏီဖြစ်သည့် PTT ၏ အခန်းကဏ္ဍကိုလည်း HRW က ဆက်လက်ထောက်ပြသည်။ မြန်မာစစ်တပ်ပိုင်စီးပွားရေးကုမ္ပဏီများကို အရေးယူဒဏ်ခတ်ခဲ့သည့် နိုင်ငံများက အရေးပိတ်ဆို့မှုများမပြုလုပ်သေးသည့် ဂျပန်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံအစိုးများကို အလားတူမူဝါဒများ ချမှတ်လာအောင် တိုက်တွန်းပေးရန် တောင်းဆိုခဲ့သည်။

စီးပွားရေးဆိုင်ရာအကျင့်ပျက်ခြစားမှုများကို စောင့်ကြည့်ဖော်ထုတ်သည့် နောက်ထပ်နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော Global Witness ကလည်း ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုကို တောင်းဆိုခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာဝင်ငွေများကို သီးသန့်ငွေစာရင်းတစ်ခုတွင် သိမ်းဆည်းထားရန် မေ ၂၆ တွင် အကြံပြုသည်။ ယင်းအကြံပြုချက်မှာ CRPH ၏ တောင်းဆိုမှုနှင့်လည်း အတူတူပင်ဖြစ်သည်။

“ဒီဝင်ငွေလက်ကျန်တွေကို ရယူနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ စစ်တပ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာလုပ်ငန်းတွေအပေါ် စီးပွားရေးဆိုင်ရာ ပစ်မှတ်ထားအရေးယူမှုတွေ လုပ်ကိုလုပ်ရပါမယ်။ ဒါမှသာ မြန်မာ့သဘာဝဓာတ်ငွေ့ရောင်းချမှုနဲ့ဆိုင်တဲ့ ဝင်ငွေတွေဟာ စစ်တပ်ကို မထောက်ပံ့တော့ဘဲ အနာဂတ် တရားဝင်အစိုးရတစ်ရပ်ရဲ့ အကျိုးအမြတ်အတွက် ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်” ဟု Global Witness ၏ မူဝါဒရေးရာအကြံပေး ကီးလ်ဒီးရက်ဇ် (Keel Dietz) က ပြောသည်။

စစ်အာဏာသိမ်းမှုမတိုင်မီတွင် ရေးဆွဲထားခဲ့သည့် မြန်မာဘတ်ဂျက်ဆိုင်ရာစာရွက်စာတမ်းများအရ မြန်မာနိုင်ငံသည် ယခုနှစ်မှ ၂၀၂၂ ခုနှစ် မတ်လအထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ကျပ်ငွေ ၂,၃၀၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ) ရရှိရန် ခန့်မှန်းထားသည်။ အဆိုပါကဏ္ဍသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံအစိုးရရရှိမည့် ဝင်ငွေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိမည်ဟုလည်း ခန့်မှန်းထားသည်။


မူရင်း original post.