မြန်မာလူမျိုး အားကစားသမားတစ်ယောက်အနေနဲ့ CDM မှာ ပါ၀င်ချင်တယ်

May 1st, 2021  •  Author:   Ko Win Htet Oo (Myanmar swimmer)  •  1 minute read
Featured image

ဆီးဂိမ်း ပြိုင်ပွဲတွေ ၀င်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် (GETTY IMAGES)

By BBC News

“ကျွန်တော် တိုကျို အိုလံပစ် ပြိုင်ပွဲမှာ မကူးတော့ဖို့ ဆုံးဖြတ်လိုက်တယ်” ဆိုပြီး အသက် ၂၃ နှစ် အရွယ်၊ မြန်မာ့ လက်ရွေးစင် တာတို ရေကူးသမား ကို၀င်းထက်ဦးက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတစ်ခုရဲ့ အိုလံပစ် ကော်မတီ အောက်ကနေ မဟုတ်ပဲ သီးခြား လွတ်လပ်တဲ့ အိုလံပီယံ (အိုလံပစ်အားကစားသမား) တစ်ဦး အနေနဲ့ တိုကျို အိုလံပစ်ပွဲ ၀င်ခွင့်ပြုမလား ဆိုတဲ့ ကို၀င်းထက်ဦးရဲ့ တောင်းဆိုချက်ကို နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC က လက်မခံခဲ့တဲ့နောက် သူ့ရဲ့ အိုလံပစ် အိပ်မက်ကို စွန့်လွှတ်လိုက်တာ ဖြစ်ပါတယ်။

မြန်မာအိုလံပစ်ကော်မတီနဲ့အတူ တိုကျိုကို ကို၀င်းထက်ဦး မသွားလိုပါဘူး။

“မြန်မာအိုလံပစ်ကော်မတီဆိုတာ ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာနနဲ့ ဆက်စပ် ပတ်သက်နေတယ်။ အဲဒီဌာနက စစ်ကောင်စီ အောက်မှာ ရှိတယ်” လို့ ကို၀င်းထက်ဦးက ပြောပါတယ်။

သူဟာ စစ်ကောင်စီကို ကိုယ်စားပြုတဲ့သူ ဒါမှမဟုတ် စစ်ကောင်စီရဲ့ ဝါဒ ဖြန့်ချီရေးမှာ အသုံးချခံရသူ ဖြစ်မှာကို မလိုလားဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့်လည်း လွတ်လပ်တဲ့ အိုလံပီယံ အဖြစ် ပြိုင်ပွဲ၀င်မရတဲ့ အဆုံး အိုလံပစ်ပွဲကို ကျောခိုင်းလိုက်ပါတယ်။

မြန်မာ အိုလံပစ်ကော်မတီက တဆင့်ပဲ လက်ခံမယ် ဆိုတဲ့ IOC ရဲ့ ဆုံးဖြတ်ချက် အပေါ် စိတ်ပျက်ကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ကို၀င်းထက်ဦးက ရေးပါတယ်။

“အိုလံပစ်ပဋိညာဥ်ပါ စံတန်ဖိုးတွေနဲ့ သွေဖီတဲ့ ဆုံးဖြတ်ချက်ပဲ၊ လူသတ် အစိုးရနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ အချက်ထက်ပိုပြီး ဘာတွေများထပ်ရမှ IOC ဘက်က အရေးယူ ဆောင်ရွက်တာတွေ လုပ်မှာလဲ” ဆိုပြီး မြန်မာအိုလံပစ် ကော်မတီကို အသိအမှတ်ပြုတဲ့ အပေါ် ကို၀င်းထက်ဦး ၀ေဖန်ပါတယ်။

မြန်မာအိုလံပစ်ကော်မတီဘက်က တုံ့ပြန်ချက်ကိုတော့ မကြားရသေးပါဘူး။

တာတိုအလွတ်ကူးတွေမှာ မြန်မာပြည်စံချိန် တင်ထားသူ (GETTY IMAGES)

လွတ်လပ်တဲ့ အိုလံပီယံတွေ အဖြစ် အားကစားသမားတွေကို IOC က ပြိုင်ပွဲ၀င်ခွင့် ပေးတဲ့ အစဥ်အလာ ရှိပါတယ်။

အထူးသဖြင့် သက်ဆိုင်ရာ နိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးနဲ့ အိုလံပစ်ကော်မတီ မဖွဲ့ရသေးလို့ ဖြစ်စေ၊ နိုင်ငံတကာ ပိတ်ဆို့မှုတွေ ရှိနေလို့ ဖြစ်စေ၊ သက်ဆိုင်ရာ နိုင်ငံရဲ့ အားကစား အဖွဲ့ကို အပြစ်ပေး အရေးယူပြီး ပြိုင်ပွဲ၀င်ခွင့် ပိတ်ထားလို့ ဖြစ်စေ၊ အားကစားသမားတွေကိုတော့ တစ်ယောက်ချင်းစီ အနေနဲ့ လွတ်လပ်တဲ့ အိုလံပီယံတွေ အဖြစ် အသိအမှတ်ပြု ယှဥ်ပြိုင်ခွင့်ပေးပါတယ်။

IOC ဘက်က မြန်မာအိုလံပစ်ကော်မတီကနေတဆင့်ပဲ လာရမယ်လို့ ဆိုလာတဲ့ အခါမှာတော့ ကို၀င်းထက်ဦးကလည်း အိုလံပစ်ပွဲကို ငြင်းပယ်လိုက်ပါတယ်။

သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်တွင်းမှာ ပေါ်ပေါက်နေတဲ့ အကြမ်းမဖက် အာဏာဖီဆန်တဲ့ လူထု လှုပ်ရှားမှု CDM ထဲ ပူးပေါင်းတဲ့ ပုံစံတမျိုးပဲ ဖြစ်တယ်လို့ ကို၀င်းထက်ဦး မှတ်ယူထားပါတယ်။

သူဟာ မြန်မာ အားကစားသမား ဖြစ်နေတဲ့ အတွက် မြန်မာပြည်ကို ကိုယ်စားပြုလိုသူ ဖြစ်ပေမယ့် အာဏာသိမ်းထားတဲ့ စစ်တပ်ကိုတော့ ကိုယ်စားမပြုနိုင်ဘူးလို့ ဆိုပါတယ်။

အသက် ၆ နှစ်က စပြီး ရေကူး အားကစားကို တစိုက်မတ်မတ် လုပ်ခဲ့ (GETTY IMAGES)

“အခု မဲလ်ဘန်းမှာ နေနေလို့ ဆုံးဖြတ်နိုင်တာ။ မြန်မာပြည်ထဲ ရှိနေရင် အခုလို လုပ်ရင် ဘာဖြစ်သွားမယ်ဆိုတာ မပြောနိုင်ဘူး။ ကျွန်တော်သိတယ်။ စစ်ကောင်စီက လူတွေကို ဖမ်းနေတယ်၊ သတ်နေတယ်” ဆိုပြီး ကို၀င်းထက်ဦးက စိတ်ခံစားမှု အပြည့်နဲ့ ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောပါတယ်။

သူဟာ လက်ရှိ ဩစတြေးလျ၊ မဲလ်ဘန်းမြို့မှာ ရှိတဲ့ ဒီကင် တက္ကသိုလ်မှာ အားကစား စီမံခန့်ခွဲမှု ဘာသာရပ် အထူးပြုပြီး MBA တက်ရောက်နေသူ ဖြစ်ပါတယ်။

သူ့စိတ်ကြိုက် ရေကူးနည်းကတော့ တာတို အလွတ်ကူး ဖြစ်ပြီး မီတာ ၅၀ မှာ အိုလံပစ် အဆင့်မီ စံချိန်ရနှင့်ထားပြီး၊ မီတာ ၁၀၀ မှာလည်း ရနိုင်အောင် လေ့ကျင့်နေသူ ဖြစ်ပါတယ်။ မြန်မာပြည် အနေနဲ့ မီတာ ၅၀၊ ၁၀၀၊ ၂၀၀ တွေမှာ လက်ရှိ စံချိန်တင်ထားတဲ့သူ ဖြစ်ပါတယ်။

အသက် ၆ နှစ်က စပြီး ရေကူး အားကစားကို တစိုက်မတ်မတ် လုပ်ခဲ့ပြီး၊ ဆီးဂိမ်း ပြိုင်ပွဲတွေ ၀င်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် တစ်ယောက် ဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ် ပြုတ်မကျမခြင်း မြန်မာအလံအောက်ကနေ ပြိုင်ပွဲ၀င်တာ့မှာ မဟုတ်ဘူးလို့ ကို၀င်းထက်ဦး စိတ်ပိုင်းဖြတ်ထားပါတယ်။

“ကျွန်တော်ဟာ အားကစားကို ချစ်မြတ်နိုးသူပါ။ လေ့ကျင့်တာ မပျက်ပဲ ဆက်ပြီးတော့လည်း ရေကူးနေဦးမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ မြန်မာပြည်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ကမ္ဘာကြီး သိစေချင်ပါတယ် ၊ IOC လည်း သိစေချင်ပါတယ်” လို့ ကို၀င်းထက်ဦးက ဆိုပါတယ်။


မူရင်းအော်ရဂျင်နယ်ပိုစ့် – BBC Burmese