အာဆီယံထုတ်ပြန်ချက်ကို လူ့အခွင့်အရေးလှုပ်ရှားသူများဝေဖန်

April 25th, 2021  •  Author:   Myanmar Now  •  1 minute read
Featured image

အာဆီယံသဘောတူညီချက်သည် ပြည်သူကို အကြမ်းဖက်နေသော စစ်ကောင်စီအတွက်သာ ပိုမိုအကျိုးရှိစေမည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူတို့က ယူဆသည်

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီသက်တမ်း ၃၄ နှစ်နီးပါး ရှိလာချိန်အထိ ခွဲခြားမရနိုင်သော ကံကြမ္မာကို သယ်ဆောင်ထားဆဲ ဖြစ်သည်။ NLD သည် မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံးပါတီအဖြစ် ၁၉၉၀၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် ၃ ကြိမ် ဆက်တိုက် လူထုထောက်ခံမှုအများဆုံး ရရှိခဲ့သောပါတီ ဖြစ်သည်။

နှစ်ပေါင်း ၃၀ ကျော် NLD လူထုထောက်ခံမှုအများဆုံးရရှိနေခြင်းက ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဟု စစ်တပ် ခေါင်းဆောင်ပိုင်းများ အပါအဝင် NLD ၏ ပြိုင်ဘက်များအားလုံးက စိတ်မသက်သာစွာ အသိအမှတ်ပြုထားကြသည်။

ထိုအကြောင်းကြောင့်ပင် NLD နှင့် စစ်တပ်အကြား ကောင်းမွန်သော ဆက်ဆံရေး မည်သည့်အခါကမျှ မရှိခဲ့ပါ။ တိုင်းပြည်၏ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို အမြဲယူထားချင်သော စစ်တပ်၏ အဓိကပစ်မှတ်ဖြစ်နေခဲ့သည်မှာ ပါတီတည်ထောင်စဉ်ကတည်းကဖြစ်ပြီး၊ စစ်ခေါင်းဆောင်အဆက်ဆက် ပါတီပြိုကွဲရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသည်။

NLD သည် ဩဇာကြီးမားသော လူပုဂ္ဂိုလ်တစ်ဦး၏ ခေါင်းဆောင်မှုကို မှီခိုလွန်သော ပါတီဖြစ်ပြီး၊ ထိုခေါင်းဆောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်လျှင် ခေါင်းဆောင်မှု ကင်းမဲ့သွား၍ ပါတီဝင်များအကြား အချင်းချင်း စိတ်ဝမ်းကွဲကာ ပါတီပြိုကွဲသွားမည်ဆိုသည့် ယူဆချက်က ပါတီ၏ အဖိနှိပ်ခံနှစ်ကာလများတစ်လျှောက် စစ်ဗိုလ်ချုပ်ကြီးများ စိတ်သဏ္ဌာန်ကို စိုးမိုးထားသည်။

ထို့ကြောင့် စစ်တပ်၏ NLD ပြိုကွဲရေး ကြိုးပမ်းမှုများသည် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် အမြဲယှဉ်တွဲ တွေ့မြင်ရခြင်း ဖြစ်သည်။ ပါတီနှင့် ခေါင်းဆောင်ကို ခေါင်းနှင့်ကိုယ် ခွဲခြားထားပြီးမှ ပါတီကို နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးခြင်းဖြင့် ပြိုကွဲသွားစေရန် ရည်ရွယ်သည်။

ယခင်စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် သန်းရွှေလက်ထက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၃ ကြိမ်၊ စုစုပေါင်း ၁၅ နှစ်ခန့် ချုပ်နှောင်ထားပြီး ပါတီနှင့် ခေါင်းဆောင်ကို အဆက်ဖြတ်ထားခဲ့သော်လည်း NLD ရှင်သန်နိုင်ခဲ့သည်။

ယခုတစ်ဖန် မင်းအောင်လှိုင်သည် ၎င်း၏ဆရာသမားများ လမ်းကို ဆက်လျှောက်သော စစ်ခေါင်းဆောင်ဖြစ်လာသည်။ သို့သော် ၎င်း၏ NLD ပြိုကွဲရေး ကြံစည်အားထုတ်မှုများသည် အပြင်းထန်ဆုံး၊ အရိုင်းစိုင်းဆုံး၊ အကြမ်းတမ်းဆုံးအဖြစ် တွေ့မြင်နေရသည်။ သူ၏ NLD ပြိုကွဲရေးအကြံအစည် အောင်မြင်နိုင်မည်လော။

အာဏာသိမ်းမှုနှင့်အတူ NLD ပါတီ ဖျက်သိမ်းရေး ကြံစည်ကြိုးပမ်းမှု

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းများ မှားယွင်းမှုအကြောင်းပြချက်ဖြင့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်များကို မင်းအောင်လှိုင် ဖမ်းဆီးခဲ့သည်။ အစိုးရအဖွဲ့တွင် ရာထူးများရယူထားသော NLD ထိပ်ပိုင်းခေါင်းဆောင်များလည်း ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ စစ်အာဏာသိမ်းမှုတိုင်း၏ အစဉ်အလာတစ်ခုဖြစ်၍ မထူးဆန်းပေ။

သို့သော် အစိုးရအဖွဲ့ထဲလည်း မပါဝင်၊ မဲစာရင်းမှားယွင်းမှုအတွက် တာဝန်လုံးဝမရှိသော ပါတီခေါင်းဆောင်များကိုပါ မင်းအောင်လှိုင်က သိမ်းကျုံးဖမ်းဆီးခဲ့သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်မည်စိုး၍ ဖမ်းဆီးလျှင် ခေတ္တခဏမျှသာ ဖြစ်သင့်ပြီး၊ မည်သည့်ဥပဒေမှ ဖောက်ဖျက်ခြင်းမရှိသော ပါတီခေါင်းဆောင်များကို အမြန်ဆုံး ပြန်လွှတ်ပေးရမည်ဖြစ်သော်လည်း မလွှတ်ပေးပါ။ မင်းအောင်လှိုင်သည် အာဏာသိမ်းရုံမျှသက်သက်မဟုတ်ဘဲ NLD ပါတီ ပြိုကွဲရေးကိုပါ တစ်ပါတည်း ကြံစည်အားထုတ်ခဲ့ကြောင်း ထင်ရှားသည်။

ပါတီဗဟိုအလုပ်အမှုဆောင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးညဏ်ဝင်း အကျဉ်းထောင်အတွင်း ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားပြီး၊ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီမရရှိဘဲ ကွယ်လွန်ခဲ့သည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟန်သာမြင့်ကို အပြစ်မရှိဘဲ လနှင့်ချီ အကျဉ်းထောင်ထဲ ချုပ်နှောင်ထားပြီးမှ ကျန်းမာရေးကြောင့် ပြန်လွှတ်ပေးခဲ့သည်။ အခြားခေါင်းဆောင်များကို ပုဒ်မအမျိုးမျိုးတပ်၍ ထောင်ချလျက်ရှိသည်။

နိုင်ငံတစ်ဝန်း သန်းနှင့်ချီသော ပြည်သူတစ်ရပ်လုံးက အာဏာသိမ်းမှု မအောင်မြင်ရန် ခုခံတွန်းလှန်လေလေ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် မင်းအောင်လှိုင်၏ အမျက်ဒေါသ ကြီးလေလေဖြစ်သည်။ ထို့ကြောင့် သူ မကျူးလွန်သော ပြစ်မှုများကို ပုဒ်မ တစ်ခုပြီးတစ်ခုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အငြိုးတကြီး တရားစွဲ၍ မဆုံးနိုင်ဖြစ်နေပြီး၊ တစ်ပြိုင်ထဲမှာပင် NLD ပြိုကွဲရေးကို အကြမ်းနည်း၊ အပျော့နည်း နည်းလမ်းမျိုးစုံ သုံးလျက်ရှိသည်။

NLD ပါတီ ပြိုကွဲရေး အကြမ်းနည်းဖြင့် ကြံစည်ခြင်း  

ပထမအကြံအစည် – NLD ကို အကြမ်းဖက်ပါတီအဖြစ် ပုံဖော်ခြင်း ဖြစ်သည်။ အာဏာသိမ်းမှုကို အန်တုရင်ဆိုင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို NLD လွှတ်တော်ကိုယ်စားလှယ်များက အဓိက ဦးဆောင်ဖွဲ့စည်းခဲ့သည်။ CRPH နှင့် NUG နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိလေလေ၊ မင်းအောင်လှိုင်၏အာဏာသိမ်းမှု တရားမဝင်လေလေ ဖြစ်နေသဖြင့် ၎င်းတို့ကို “အကြမ်းဖက်အဖွဲ့အစည်း” များအဖြစ် ချက်ချင်း ကြေညာခဲ့သည်။

တစ်ဖက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသော ပြည်သူများ၏ ဦးခေါင်းကို ချိန်ရွယ်ပြီး ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုများ အလွန်အကျွံပြုလုပ်လာချိန်တွင် နိုင်ငံအနှံ့ ဒေသအသီးသီးတွင် စစ်တပ်ကို လက်နက်စွဲကိုင် ခုခံတော်လှန်မှုများ ပေါ်ပေါက်လာသည်။ PDF အမည်အမျိုးမျိုးဖြင့် ရာနှင့်ချီသော ထိုအဖွဲ့များသည် ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများပါမကျန် နေရာအနှံ့ စစ်တပ်ကို ခုခံတိုက်ခိုက်နေကြသည်။

ထိုအခါ စစ်ကောင်စီသည် သတင်းစာရှင်းလင်းပွဲများနှင့် နေ့စဉ်သတင်းစာများတွင် “CRPH နှင့် NUG အမည်ခံ NLD ထောက်ခံ အကြမ်းဖက်အဖွဲ့အစည်းများ” ဟု သုံးနှုန်းလာပြီး၊ NLD သည် အကြမ်းဖက်မှုများ လုပ်ဆောင်နေကြောင်း နေ့စဉ် ဝါဒဖြန့်လာသည်။ ယင်းသည် စစ်တပ်လုပ်နေကျ အမှုတည်ဆောက်မှုပုံစံဖြစ်ပြီး၊ NLD ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ သို့သော် အတည်မပြုနိုင်သော သတင်းများအရ NLD ကို မဖျက်သိမ်းရန် တရုတ်နိုင်ငံက ကြားဝင်ဟန့်တားခဲ့သဖြင့် မင်းအောင်လှိုင် ထိုအစီအစဉ်ကို နောက်ဆုတ်ခဲ့ရသည်။

ဒုတိယအကြံအစည် – မည်သူကျူးလွန်မှန်း မသိစေရဘဲ ညမထွက်ရ အမိန့်ထုတ်ထားသော အချိန်များတွင် NLD ပါတီရုံးချုပ်အပါအဝင် နိုင်ငံအနှံ့ရှိ ပါတီရုံးများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း ၁၀၄ ကြိမ် ပြုလုပ်ခဲ့သည်ဟု NLD ၏ မေလ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချက် အမှတ် (၄/၂၀၂၂) တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်တပ်က ဖမ်းဆီးသွားပြီး NLD ပါတီဝင်များကို နောက်တစ်နေ့တွင် မိသားစုထံ အလောင်းပြန်ပို့သော ဖြစ်ရပ်များ အပါအဝင် သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်း၊ မျိုးချစ်မဟာမိတ် စသည့် အမည်များဖြင့် NLD ပါတီဝင်နှင့် ထောက်ခံသူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ပါတီဝင် (၃၈) ဦး သတ်ဖြတ်ခံခဲ့ရကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုအကြမ်းဖက်လုပ်ရပ်များကြောင့် NLD ပါတီကို ရုံးချုပ်အပါအဝင် နိုင်ငံအနှံ့ရှိ ပါတီရုံးများအားလုံး ပိတ်ထားရပြီး၊ ပါတီဝင်များ လူမြင်ကွင်း မထွက်ရဲအောင် ဖြစ်လာသည်။ ဤနည်းဖြင့် ပြည်သူများအကြား ပါတီလှုပ်ရှားမှုများ လုံးဝရပ်သွားစေရန် အကြမ်းဖက်နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့သည်။

တတိယအကြံအစည် – CRPH နှင့် NUG တွင်ပါဝင်သော NLD လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီခေါင်းဆောင်များနှင့် ပါတီဝင် (၂၀၉) ဦး၏ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အခြားပိုင်ဆိုင်မှုများကို ချိပ်ပိတ်သိမ်းဆည်းခြင်းဖြင့် ၎င်းတို့၏မိသားစုများ ဘဝရှင်သန်ရပ်တည်နိုင်စွမ်းမရှိစေရန်နှင့် ပါတီကို ထောက်ခံသော ပြည်သူများ ဆက်လက်ထောက်ခံဝန်းရံမှု မပြုရဲစေရန် လုပ်ဆောင်လာသည်။

သို့သော် အာဏာသိမ်းပြီး တစ်နှစ်ခွဲကြာလာသည်အထိ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံထောက်ခံမှု လျော့ကျမသွားခဲ့ပါ။ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို တောတွင်း တော်လှန်ရေး PDF တပ်ဖွဲ့များပါမကျန် နေရာအနှံ့ ကျင်းပခဲ့ကြသော ဖြစ်ရပ်က သက်သေပြလျက်ရှိသည်။

သူ မကျူးလွန်သော အမှုပေါင်းများစွာဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားသော်လည်း သူ လွတ်မြောက်နေဘိသကဲ့သို့ မွေးနေ့ပွဲများ နိုင်ငံအနှံ့ ကျင်းပခဲ့ခြင်းလောက် မင်းအောင်လှိုင်ကို အမျက်ဒေါသထွက်စရာ ရှိအံ့မထင်။ “နိုင်ငံရေးတွင် တိုက်ဆိုင်မှုဆိုတာမရှိ” ဆိုစကားအတိုင်း ၇၇ နှစ်ပြည့် မွေးနေ့အလွန် အသက်အရွယ်ကြီးရင့်လာပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်သို့ ပြောင်းရွှေ့ အကျဉ်းချခဲ့သည်။

NLD ပါတီ ပြိုကွဲရေး အပျော့နည်းဖြင့် ကြံစည်ခြင်း 

NLD ကို ဖျက်သိမ်းရန် အကြံအစည် နောက်ဆုတ်ခဲ့ရသော်လည်း ပါတီခေါင်းဆောင်များအကြား အချင်းချင်း သွေးကွဲပြီး ပါတီပြိုကွဲသွားရန် ကြံစည်ကြိုးပမ်းမှုများ ရပ်တန့်မသွားခဲ့ပါ။ စစ်တပ်သည် ထိုကဲ့သို့ သွေးကွဲအောင် ကြိုးပမ်းရာတွင် အလွန်ကျွမ်းကျင်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအချင်းချင်း ယနေ့အထိ မညီညွတ်ရသည့် အကြောင်းတရားများထဲတွင် စစ်တပ်၏ သွေးခွဲရေးဗျူဟာများ၏ ထိရောက်မှုကို တွေ့မြင်နိုင်ပါသည်။

စတုတ္ထအကြံအစည် – CRPH/NUG/PDF တို့နှင့် တွဲဖက်ပြီး NLD ကို အကြမ်းဖက်အဖွဲ့အဖြစ် ပုံဖော်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာကျော် “အကြမ်းမဖက်လမ်းစဉ်” ကသာ NLD ပုံရိပ်နှင့် တွဲဆက်လျက် ရှိသည်။ ထို့အတူ ပါတီထဲတွင် အကြမ်းမဖက်ရေးလမ်းစဉ် ကိုင်စွဲထားသော ပါတီခေါင်းဆောင်များ၊ လွှတ်တော်အမတ်များနှင့် ပါတီဝင်အများအပြား ရှိနေသဖြင့် NLD နှင့် CRPH/NUG အကြား အက်ကြောင်းကြီးကို တွေ့မြင်ပြီး မင်းအောင်လှိုင် ဗျူဟာပြောင်း အသုံးချလာသည်။

စစ်ကောင်စီသတင်းစာရှင်းလင်းပွဲ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြမ်းဖက်မှုများကို လက်မခံသော အေးအေးဆေးဆေးနေလိုသည့် NLD ပါတီဝင်များ ရှိပါသည်ဟု စတင်ပြောဆိုလာသည်။ CRPH/NUG/ PDF များနှင့် လုံးဝမပတ်သက်ပါဟု စစ်ကောင်စီတွင် ဝန်ခံလက်မှတ်ထိုးပြီး မိမိအိမ်တွင် နေထိုင်နေကြသော လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော်ရှိသည်ဟူသော သတင်းများလည်း ထွက်ပေါ်လာသည်။

ဤသွေးခွဲနည်းကို စနစ်တကျ လုပ်ဆောင်ခဲ့ပြီး အကျိုးအမြတ် ကြီးကြီးမားမားရရှိရန် စစ်ကောင်စီ မျှော်လင့်ထားပုံရသည်။ ပထမမျှော်မှန်းရလဒ်မှာ CRPH နှင့် NUG ထဲ ပါဝင်နေသော NLD များ (အချို့ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေ) နှင့် မပါဝင်သော NLD များ (ပြည်တွင်း၌ ပုန်းရှောင်နေ) အကြား နိုင်ငံရေးရပ်တည်ချက်ကွဲပြီး ပါတီ နှစ်ခြမ်းကွဲရေးဖြစ်သည်။ ဒုတိယမျှော်မှန်းရလဒ်က CRPH/NUG သည် NLD များမဟုတ်၍ တရားဝင်မှုမရှိဟု နိုင်ငံတကာအစိုးရများကို ပြသနိုင်မည်။ သို့သော် မျှော်လင့်သလို ဖြစ်မလာဘဲ NLD လည်း မပြိုကွဲ၊ CRPH/NUG လည်း နိုင်ငံတကာအသိအမှတ်ပြုမှု တိုး၍ရနေသည်။

အကြောင်းမှာ CRPH/NUG/PDF ကို အကြမ်းဖက်သမားများဟု ပြောနေသည့် တစ်ချိန်တည်းမှာပင် စစ်ကောင်စီက NLD အဖွဲ့ဝင်များကို ဖမ်းဆီးမိသည့်အခါ ညှဉ်းပန်းသတ်ဖြတ်ခြင်း၊ ၎င်းတို့၏ မိသားစုဝင်များကို ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ လသားအရွယ်ကလေးငယ်များနှင့် အဘိုးအိုအဘွားအိုပါမကျန် ဖမ်းဆီး ထောင်ချခြင်း၊ နေအိမ်၊ ပစ္စည်းဥစ္စာ၊ ငွေကြေးမှန်သမျှ သိမ်းဆည်းခြင်း စသည့် ကျူပင်ခုတ် ကျူငုတ်မကျန် မြေလှန်နည်းဖြင့် အစွန်းရောက်အကြမ်းဖက်မှုများကို မင်းအောင်လှိုင် ကျူးလွန်ပြနေခြင်းကြောင့် ဖြစ်သည်။ တစ်နည်းပြောရလျှင် ကိုယ်ထောင်ထားသော ထောင်ချောက်ကို ကိုယ်တိုင်နင်းမိနေသလို ဖြစ်သည်။

ပဉ္စမအကြံအစည် – ပထမနည်းလမ်း မအောင်မြင်သဖြင့် CRPH/NUG သည် NLD ပါတီနှင့် မည်သို့မျှ မသက်ဆိုင်ဘဲ၊ ၎င်းတို့၏ လက်နက်ကိုင်အကြမ်းဖက်မှုများသည် NLD လမ်းစဉ်မဟုတ်ဟု ပါတီခေါင်းဆောင်တစ်ဦးက တရားဝင်ပြောကြားမည်ဆိုလျှင် CRPH/NUG သည် အလိုအလျောက် နိုင်ငံတကာအသိအမှတ်ပြုမှုများ ဆုံးရှုံးသွားမည်ဟု မင်းအောင်လှိုင် တွက်ဆမိသည်။ မည်သူက ထိုသို့ပြောလျှင် တရားဝင်ပြီး သက်ရောက်မှု ကြီးမားမည်ကိုလည်း မင်းအောင်လှိုင် သိသည်။

ထိုသူမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ထံ စစ်ကောင်စီ ဗိုလ်ချုပ်များက CRPH/NUG/PDF အကြမ်းဖက်ဖြစ်စဉ်များကို ဖိုင်တွဲလိုက် ယူဆောင်ပြသနေကြောင်း အတည်မပြုနိုင်သော သတင်းများ ထွက်ပေါ်လာသလို၊ သူ၏ ရှေ့နေများနှင့် လွတ်လွတ်လပ်လပ် ပေးတွေ့သယောင်ဖြင့်၊ CRPH/NUG သတင်းများ ရှေ့နေများမှတစ်ဆင့် သိရှိစေရန် စနစ်တကျ ထောင်ချောက်ဆင်ထားခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က ထိုထောင်ချောက်ကို သိနေပုံရသည်။ မင်းအောင်လှိုင် ကြားချင်သော စကားကို လုံးဝမပြောခဲ့ပါ။ ၎င်းအစား သမ္မတဦးဝင်မြင့်၏ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ဗိုလ်ချုပ်ကြီးများ သမ္မတအိမ်တော်သို့ ချင်းနင်းဝင်ရောက်ပြီး၊ သမ္မတကို အတင်းအကျပ် ရာထူးက ထွက်ပေးရန် တောင်းဆိုခဲ့ပုံ တရားခွင့်ဖြောင့်ချက်က နိုင်ငံတကာအထိ အလျင်အမြန်ပြန့်နှံ့သွားရာ မင်းအောင်လှိုင် သူ့ထောင်ချောက် သူ နောက်တစ်ကြိမ် ပြန်မိသွားပြန်သည်။ ထိုအချိန်မှစပြီး ရှေ့နေများကို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး မီဒီယာများနှင့် စကားမပြောရဟု တားမြစ်လိုက်သည်။

ကြံစည်သမျှ မအောင်မြင်သည့်အဆုံး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သော စစ်ကောင်စီအစည်းအဝေး (၁၈/၂၀၂၁) တွင် “ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား အမှုစစ်ဆေးနေချိန်ကာလမှ စီရင်ချက်ချမှတ်သည့်အချိန်အထိ သတ်မှတ်ချက်များအတိုင်း ၎င်း၏ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ခွင့်ပေးထားကြောင်း၊ အဆိုပါရှေ့နေများမှတစ်ဆင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်များ၊ အကြမ်းဖက်ကိစ္စများနှင့် CRPH၊ NUG အဖွဲ့များ ဖွဲ့စည်းသည်ကို သိရှိပြီးဖြစ်မည်ဟု ယူဆပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ရှေ့နေများမှတစ်ဆင့် ၎င်း၏မှတ်ချက်များ ပေးနိုင်သည့်အခွင့်အရေးရှိကြောင်း” ဟု ၎င်း၏ကြံစည်မှုကြီးကို မင်းအောင်လှိုင်ကိုယ်တိုင် နှုတ်မှ ထုတ်ဖော်ဝန်ခံခဲ့သည်။

ဆဌမအကြံအစည် – စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်သည် ပါတီများ၏ ငွေစာရင်းများကို စစ်ဆေးမည်ဟု ရုတ်တရက် ခြေလှမ်းစလာသည်။ ထိုလုပ်ရပ်က NLD ပါတီကို ပစ်မှတ်ထားမှန်း သိသာလှသည်။ အဘယ်ကြောင့်ဆိုသော် ၁၉၉၀ ရွေးကောက်ပွဲအပြီး၊ NLD ပါတီကို အာဏာမလွှဲချင်၍ ပါတီဖျက်သိမ်းရန် အကြောင်းရှာသည့်လုပ်ရပ်အဖြစ် ပါတီ၏ငွေစာရင်းများကို စစ်ဆေးရန် မင်းအောင်လှိုင်၏ ဆရာ ဗိုလ်ချုပ်သန်းရွှေ လုပ်ဆောင်ခဲ့ဖူးသည်။

ထိုအချိန်က ပါတီခေါင်းဆောင်တချို့တစ်ဝက်ကို မဖမ်းဘဲ ချန်ထားပြီး၊ ပါတီရုံးချုပ်လည်း ပုံမှန်ဖွင့်လှစ်ထားနိုင်ခဲ့သည်။ သို့သော် မင်းအောင်လှိုင်သည် ဆရာထက် လက်ဇောင်းထက်ပြသည်။ အချိန်မီမဖမ်းနိုင်၍ လွတ်သွားသူများကလွဲလျှင်  ပါတီခေါင်းဆောင်များအားလုံးကို ဖမ်ဆီးခြင်း၊ ပါတီရုံးချုပ် ရုံးထိုင်နေသော ဗဟိုကော်မတီဝင် ဦးဘမျိုးသိန်းနှင့် ဦးစိုးလေး (ခေါ်) ဦးစိုးဝင်းတို့ကို မည်သည့်ပြစ်မှုမှ ကျူးလွန်ထားခြင်းမရှိဘဲ အရပ်ဝတ်လက်နက်ကိုင် အသွင်ယူ၍ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ရုံးချုပ်ကို အကြိမ်ကြိမ် အကြမ်းဖက်မီးရှို့ ဖျက်ဆီးရန် ကြိုးပမ်းခဲ့ခြင်းတို့ကြောင့် ပိတ်ထားခဲ့ရသည်။

ထိုအချိန် ပါတီငွေစာရင်းများကို အစစ်ဆေးခံရန် ရွေးကောက်ပွဲကော်မရှင်က အချိန်ကာလတစ်ခု သတ်မှတ်ပြီး NLD ရုံးချုပ်ကို စာပို့ခဲ့ပြီး၊ ပိတ်ထားသော ရုံးအဆောက်အအုံတွင် စာလက်ခံမည့် ပါတီတာဝန်ရှိသူ တစ်ဦးမျှမရှိပါ။ ထိုလုပ်ရပ်က ယုတ္တိကင်းမဲ့လွန်းသည်ဟု ထင်ရသော်လည်း ရည်ရွယ်ချက်ရှိရှိ ပါတီဖျက်သိမ်းနိုင်ရန် ဥပဒေကို စနစ်တကျအသုံးချသော လုပ်ရပ်ဖြစ်သည်။

ထိုသတင်းကို ကြားရသော NLD က ပါတီခေါင်းဆောင်များ အဖမ်းခံထားရ၍ အစစ်ဆေးမခံနိုင်ဟု တုံ့ပြန်သည့်အခါ ပါတီကို အရေးယူ ဖျက်သိမ်းနိုင်သည့်အထိ လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့သော် လက်တွေ့တွင် ပြောသည့်အတိုင်း တကယ်မလုပ်နိုင်ခဲ့ပါ။ ထိုလုပ်ရပ်ကို သုံးသပ်ရလျှင် ပါတီမဖျက်သိမ်းရေးအတွက် ပါတီငွေစာရင်းကို အစစ်ဆေးခံပါမည်ဟု အဖမ်းမခံရဘဲ ကျန်ရှိနေသော ပါတီထဲက အလယ်အလတ်ခေါင်းဆောင်များ ထွက်လာပြီး၊ စစ်ကောင်စီနှင့်ပူးပေါင်းလာနိုင်သလား မျှော်လင့်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်နိုင်ပါသည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ပါ။

သတ္တမအကြံအစည် – NLD သည် သာမန်ပါတီမျှမဟုတ်ဘဲ အာဏာရပါတီကြီး ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားနေသည်ဟူသော စွပ်စွဲချက်ဖြင့် မင်းအောင်လှိုင် အာဏာသိမ်းချိန်တွင် NLD သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက အပ်နှင်းလိုက်သော အခွင့်အာဏာအရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၅ နှစ်အစိုးရသက်တမ်းကို ထမ်းဆောင်နေဆဲဖြစ်ပြီး သက်တမ်းပြည့်ရန် ၂ လတိတိ ကျန်ရှိနေသေးသည်။

ထိုဥပဒေအထောက်အထားအရ မင်းအောင်လှိုင်၏ ဖေဖော်ဝါရီ ၁ ရက်နေ့ လုပ်ရပ်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ခံ အစိုးရကို “အာဏာသိမ်း” ခြင်းဟု ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းက သတ်မှတ်ကြပြီး၊ မင်းအောင်လှိုင်ကို တရားဝင်နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုကြပါ။ ထို့ကြောင့် နိုင်ငံတကာက ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်သွားရန်နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရန် စစ်ကောင်စီကို ဖိအားပေး တိုက်တွန်းနေကြသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို မကြည့်ချင်လောက်အောင် အငြိုးတကြီး အမုန်းကြီးနေသော မင်းအောင်လှိုင်သည် သူနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းလိုသည့်ဆန္ဒ အလျှင်းမရှိပါ။ သို့သော် နိုင်ငံတကာလက်ခံနိုင်သော အခြေအနေတစ်ခုကို ဖန်တီးနိုင်မှသာ ၎င်းရင်ဆိုင်နေရသော အခက်အခဲကို ကျော်လွှားနိုင်မည်ဖြစ်သည်။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှု မရှိတော့သော NLD ပေါ်ပေါက်ရန် မင်းအောင်လှိုင် ကြိုးစားပြန်သည်။

တစ်ချိန်က NLD ၏ ထိပ်တန်းခေါင်းဆောင်ပိုင်းတွင် ပါဝင်ခဲ့ဖူးသော ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့်တို့ ယခုအခါ စစ်ကောင်စီအဖွဲ့ဝင်များ ဖြစ်နေပြီး ၎င်းနှင့် ပူးပေါင်း ဆောင်ရွက်နေကြသည်ကို မင်းအောင်လှိုင် ဂုဏ်ယူနေနိုင်ပါသည်။ ထို့အတူ NLD သည် ပြဿနာမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်သာ ပြဿနာဖြစ်နေကြောင်း နိုင်ငံတကာကို ပြသလိုဟန်ရှိသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကို လက်မခံတော့သော ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့်ကဲ့သို့ ခေါင်းဆောင်များ NLD ကို ဦးဆောင်လာမည်ဆိုလျှင် စစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဖြစ်ပေါ်လာနိုင်ပြီး ၎င်းကို နိုင်ငံတကာက လက်ခံလာမည်ဟု မင်းအောင်လှိုင် စိတ်ကူးယဉ်နေဟန်တူပါသည်။

ထို့ကြောင့် မင်းအောင်လှိုင်သည် NLD ကို ဖျက်သိမ်းရန် ကြံစည်ခဲ့ရာမှ NLD ပါတီရုံးချုပ်ကို ပြန်လည်ဖွင့်လှစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှု မရှိတော့သော ပါတီအဖြစ် ပုံမှန်အတိုင်း လည်ပတ်နေကြောင်း ကမ္ဘာကို ပြသရန် ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် NLD ပါတီ ရုံးချုပ်ကို ပြန်ဖွင့်လိုဖွင့်ငြား အလယ်အလတ် ပါတီခေါင်းဆောင်တချို့ကို စည်းရုံးဆွဲဆောင်နေသည်ဟု ပါတီတွင်းအခြေအနေကို ကောင်းစွာသိရှိသော ပါတီနှင့် နီးစပ်သူတစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။

ထိုသို့ဖြစ်လာပါက နိုင်ငံပြင်ပတွင် ရောက်ရှိပြီး စစ်ကောင်စီကို ဆန့်ကျင်နေသော CRPH/NUG သည် NLD များ မဟုတ်ကြောင်း နိုင်ငံတကာကို ပြသနိုင်မည့်အပြင်၊ ခင်မောင်ဆွေ/သိန်းညွန့်လက်သစ်များ NLD ပါတီကို ထိန်းချုပ်နိုင်စေရန် အကူအညီပေးပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သော ပါတီအဖြစ် ဘဝပြောင်းပေးလိုက်နိုင်မည်ဖြစ်သည်။

ထိုသို့ မဖြစ်လာပါက အနည်းဆုံး ပါတီရုံးချုပ် ဖွင့်ရေး/မဖွင့်ရေး ပါတီအတွင်း အငြင်းပွားကြ ကွဲပြဲကြပြီး၊ အချင်းချင်း သွေးကွဲလျက် ပါတီမှ ထပ်ပြီး ခွဲထွက်သူများ ပေါ်လာကာ ပါတီပြိုကွဲနိုင်သည်ဟု မျှော်လင့်နိုင်သည်။

ဇူလိုင်လ ၅ ရက်နေ့တွင် NLD ဗဟိုအလုပ်ကော်မတီက ကြေညာချက်အမှတ် (၆/၂၀၂၂) ကို ထုတ်ပြန်ပြီး နိုင်ငံအနှံ့ အဖွဲ့ချုပ်ရုံးများကို “ပစ်မှတ်ထားတိုက်ခိုက်နေချိန်၌ ပြည်သူ့ဆန္ဒနှင့် သွေဖည်ဆန့်ကျင်လျက် အဖွဲ့ချုပ်ရုံးများအား နည်းမျိုးစုံဖြင့် အကြောင်းပြ၍ ရုံးခန်းအဆောက်အအုံများ ဖွင့်လှစ်ရန် ကြံစည်ကြိုးပမ်းနေကြသူများ၏ လုပ်ရပ်အား (လုံးဝ) ခွင့်ပြုခြင်းမရှိ၊ ခွင့်မပြုပါကြောင်း” ထုတ်ပြန်ခဲ့ပြီး၊ ထိုသို့လုပ်ဆောင်မည်ဆိုပါက တရားဥပဒေကြောင်းအရ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအရ အရေးယူမည်ဟု သတိပေးထားကြောင်း တွေ့ရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့် ပါတီတွင်း ရုံးချုပ်ကို ပြန်လည်ဖွင့်ချင်နေသူများရှိကြောင်း ခန့်မှန်းနိုင်ပါသည်။ ထို့ကြောင့် မင်းအောင်လှိုင်၏ NLD ပြိုကွဲရေး အကြံအစည်များ ယနေ့အချိန်ထိ မအောင်မြင်သေးသော်လည်း ရှေ့ဆက် မည်သို့ဖြစ်ပျက်လာနိုင်သည်မှာ စိတ်ဝင်စားစရာကောင်းပြီး ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။


Original post.