အေးမြတ်သူ – ‘သမီးက ရုတ်တရက် လဲကျသွားတာ။ ပြီးတော့ အသက်မရှိတော့ဘူး။’

April 4th, 2021  •  Author: Ma Aye Myat Thu (Mawlamyine)  •  1 minute read
Featured image

By Hannah Beech/The New York Times

နွေရာသီ၏ ပူစပ်ပူလောင်နိုင်လှသော ရာသီဥတုကို အံတုလျက်က ဦးစိုးဦးသည် ကျင့်သားကောင်းပြီးသား ဓားချက်ဖြင့် အုန်းသီးတစ်လုံးကို ခွပ်ခနဲ ခွဲလိုက်သည်။ ကလေးလက်ကလေး နှစ်ဖက်က အုန်းသီးစိတ်အေးအေးလေးကို ဦးဦးဖျားဖျား စွပ်ခနဲဝင်နှိုက်ယူသွားလေသည်။

ဦးစိုးဦး၏ သမီးလေးဖြစ်သည်။ ၁၀ နှစ်သမီးလေးက မိတ်ကပ်ပညာရှင်ဖြစ်စေ၊ သူနာပြုဆရာမဖြစ်စေ ဖြစ်လိုသော အိပ်မက်များ ရှိသည်။ ဖြစ်နိုင်လျှင် သူအခါရာထောင်မက ကြည့်ဖူးသော ‘Maleficent’ ဇာတ်ကားထဲက ရွှေရောင်ဆံပင်ရှည်များနှင့် မင်းသမီးလေးပါ ဖြစ်လိုသည်တဲ့။ သမီးလေးက အုန်းသီးစိတ်ကလေးကိုင်၍ လူသွားလမ်းကျဉ်းလေးတစ်လျှောက် ပြေးထွက်သွားပြန်သည်။

သူတို့အပိုင်ခြံကွက်အနားသတ်အဖြစ် အမှတ်အသားပြုထားသော သစ်ပင်များနားအရောက် ချော်လဲသွားသလိုတွေ့သည်ဟု ဦးစိုးဦး ခပ်ရေးရေးမှတ်မိသည်။ ကလေးက မြေကြီးပေါ် ပြားပြားမှောက် ဝပ်လဲလျက်သားဖြစ်နေပြီ။ သူ့လက်မှ အုန်းသီးစိတ်လည်း ချော်ထွက်သွားပြီး မော်လမြိုင်မြို့၏ နီစွေးစွေးမြေအပေါ် အတိုင်းသားကျနေလေသည်။ မော်လမြိုင်မှာ မြန်မာနိုင်ငံ အရှေ့တောင်ဘက်ပိုင်း ရှည်မျောမျော ကျွန်းစုတစ်ခုအပေါ် မေးတင်တည်ရှိသော ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည်။

ဦးစိုးဦးက ဓားမကို အသာချပြီး သမီးကိုထူပေးရန် ခပ်သုတ်သုတ် ပြေးလိုက်သည်။ ဘာမှ မဖြစ်ဘူးမလား၊ အုန်းသီးနောက်တစ်စိတ်ယူလေ သမီးရဲ့ဟု ချော့ဖို့အဆင်သင့်။ သမီးကို ကောက်ပွေ့လိုက်သည်။ ပျော့ခွေလျက်ပါလာသည်။ သွေးအများကြီး ဘယ်ကထွက်နေမှန်း၊ သမီး အသံ ဘာကြောင့် မထွက်တော့မှန်း နားမလည်နိုင်သေးပေ။

မတ်လ ၂၇ ရက်နေ့ နေညိုချိန် ညနေ ငါးနာရီခွဲခန့်တွင် သမီး မအေးမြတ်သူ၏ ဘယ်ဘက် နားထင်ကို သေနတ်ကျည်ဆံထိမှန်ခဲ့ခြင်းပင်ဖြစ်သည်။ တစ်နာရီခန့်အကြာ နေဝင်ချိန်တွင် သူမဆုံးပါးသွားလေသည်။

ဖေဖော်ဝါရီ (၁) ရက်နေ့တွင် မြန်မာ့ အရပ်သား ခေါင်းဆောင်များကို ဖမ်းဆီးချုပ်နှောင်ကာ အာဏာသိမ်းအပြီးတွင် မြန်မာ့စစ်တပ်(တပ်မတော်)သည် ဒဏ်ခတ်ခံရခြင်းမှ ကင်းလွတ်ခွင့်အပြည့်ဖြင့် သတ်ဖြတ်ခြင်း၊ လက်ရောက်နှိပ်စက်ခြင်းနှင့် ဖမ်းဆီးချုပ်နှောင်ခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်လာခဲ့သည်။ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ စာရင်းအရ စစ်သားနှင့် ရဲတို့၏ တိုက်ခိုက်မှုကြောင့် လမ်းပေါ်တွင်သေဆုံးရသူနှင့် အိမ်ထဲနေရင်း သေဆုံးရသူပေါင်း ၅၅၀ ကျော်လာပြီဖြစ်သည်။

မြန်မာ၊ မော်လမြိုင်မြို့မှ ဖေဖော်ဝါရီလ ဆန္ဒပြပွဲတစ်ခု။ အေးမြတ်သူနှင့် မိသားစု နေထိုင်ရာ ဒေသဖြစ်သည်။ ဓာတ်ပုံ – ကောင်းခန့်စိုး

ဆေးစစ်ချက်များ၊ နာရေး အထောက်အထားများနှင့် မိသားစုထံမှ သတင်းပေးပို့ခြင်းတို့ကို စောင့်ကြည့်ရေတွက်ထားသော နယူးယောက်တိုင်းမ်စ်၏ စာရင်းအရ သေဆုံးသူများအနက် အနည်းဆုံး အယောက် ၄၀ မှာ အသက် ၁၈ နှစ်အောက် ကလေးများဖြစ်သည်။ အသက်မပြည့်သူကလေးအနည်းငယ်မှာ ဆန္ဒပြပွဲများအတွင်း ပါဝင်ရင်း အသတ်ခံရခြင်းဖြစ်သည်။ ကျန်သူအများစုမှာ ဘေးမှ ရပ်ကြည့်နေရင်း စီရင်ကွပ်မျက်သည့် ပုံစံ ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသူများဖြစ်ပါသည်။

အိမ်ခြေမြို့ရွာများအပေါ် ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်မှုများကျရောက်လာချိန်တွင် ပုံမှန်နေ့စဉ်သွားလာလှုပ်ရှားရင်း၊ ဆော့ကစားရင်း၊ မိသားစုနှင့်အတူ တိုးတိုးဝှေ့ဝှေ့နေရင်း ရုတ်တရက် ပစ်သတ်ခံရခြင်းက ပိုများပြားသည်။ အချို့ကလေးများ၏ နောက်ဆုံးထွက်သက်တွင် အန္တရာယ်ပြုနိုင်သည့်အရာဘာမျှလုပ်နေခြင်းမရှိ။ ဖခင်ရင်ခွင်တိုးဝှေ့၊ လက်ဖက်ရည်ခွက်ယူပေး၊ ရေခပ်၊ လမ်းတစ်လျှောက် အုန်းသီးစိတ်ကလေးကိုင်ပြေးနေခြင်းသာ ရှိခဲ့ကြသော ကလေးများဖြစ်သည်။

“ကျွန်မ သမီးကို သတ်သွားတဲ့ စစ်သားတွေကို ပြန်ကလဲ့စား ချေနိုင်စွမ်းကျွန်မမှာ မရှိပါဘူး။” ဟု အေးမြတ်သူ၏ မိခင် ဒေါ်တိုးတိုးလွင်ကပြောသည်။ “သူတို့အလှည့်တွေ မြန်မြန် ပြန်ရောက်ပါစေလို့ ဆုတောင်းရုံကလွဲရင် ဘာမှ မတတ်နိုင်ဘူး။”

ဤတစ်ကြိမ်တွင် ကလေးများကို သတ်ဖြတ်မှုကြောင့် ယခင်အချိန်များမှ စစ်အင်အားသုံးဖြိုခွင်းမှုများ၏ အကြမ်းဖက်မှုတို့ပင် ငုပ်လျှိုးသွားရသကဲ့သို့ ရှိသည်။ ငြိမ်းချမ်းစွာ နေထိုင်သော အရပ်သားပြည်သူများအပေါ် အင်အားအပြင်းထန်ဆုံး သုံးကျင့်ပါနေသော တပ်မတော်၏ စရိုက်ကို သိနားလည်ထားပြီးသား နိုင်ငံတစ်ရပ်လုံးပင် အကြီးအကျယ် ကြောက်ရွံ့ထိတ်လန့်လာရသည်။ ထို့ကြောင့် လူထု၏ ဆန္ဒပြဆန့်ကျင်ရန် စိတ်ပိုင်းဖြတ်ချက်လည်း ပိုမိုခိုင်မာလာသည်။အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုသည်လည်း စစ်တပ်မှ စနိုက်ပါများ ဗုံးလောင်ချာများ သုံးလာသည့်တိုင်အောင် လက်လျှော့ရန် အလားအလာမရှိကြပေ။

ဤတစ်ပတ်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က လုံခြုံရေးကောင်စီကို “သွေးချောင်းစီးမှုကို ရှောင်မရနိုင်” ဟုလည်းကောင်း “တစ်နိုင်ငံလုံးက ကျဆုံးနိုင်ငံဖြစ်လုဖြစ်ခင် အနေအထားတွင် ရှိနေ” ဟု သတိပေးထားပါသည်။

ဗုဒ္ဓဘာသာဝင်တို့၏ စေတီပုထိုးများကြောင့်သော်လည်းကောင်း၊ ရူးရာ့ဒ် ကစ်ပလင်၏ ကဗျာရှည်များ၊ ဂျော့အော်ဝဲ၏ အက်ဆေးများတွင် မော်လမိန်း(Moulmein) ဟု အမည်ဟောင်းဖြင့် ဖော်ပြပါဝင်မှုများကြောင့်သော်လည်းကောင်း လူသိများသော မော်လမြိုင်မြို့တွင် ဆန္ဒပြပွဲများသည် အာဏာသိမ်းမှုအပြီး တစ်ပတ်အကြာတွင် စတင်ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများသည် မော်တော်ဆိုင်ကယ်များ အုံလိုက်ကျင်းလိုက်ရောက်ရှိ၍သော်လည်းကောင်း၊ လှေဆိပ်မှ လှေများဖြင့် ရောက်လာပြီးသော်လည်းကောင်း အင်အားစုပေါင်း ဆန္ဒပြမှုများ နေ့စဉ်နီးပါး ရှိခဲ့သည်။

အေးမြတ်သူတို့၏ မိသားစုဝင်များမှာ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားမှု မရှိပေ။ လွန်ခဲ့သည့် ၄ နှစ်ခန့်က မော်လမြိုင်မှာ ဗိုလ်ချုပ်အမည်ဖြင့်တံတားအမည်ပေးခြင်းနှင့် ပတ်သက်ပြီး အခြားသူများ ဆန္ဒပြကြရာတွင် သူတို့မပါဝင်ခဲ့ကြပါ။ ထိုအဖြစ်မတိုင်ခင် ဆယ်စုနှစ်တစ်ခုခန့်ကလည်း စစ်အစိုးရကို သံဃာများ ဦးစီးဦးဆောင်ပြီး ဆန္ဒပြဆန့်ကျင်သည့်အခါတွင် သူတို့မိသားစု အိမ်၌သာ နေခဲ့သည်။ ဒီမိုကရေစီအရေးအတွက် မြန်မာတစ်နိုင်ငံလုံး အုံကြွတောင်းဆိုကြသည်ကို စစ်တပ်က နိုင်ငံတစ်ဝန်း လူထောင်ချီ ပစ်သတ်ချေမှုန်းခဲ့သည့် ၁၉၈၈ ခုနှစ်တွင်လည်း အလားတူပင်ဖြစ်သည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတစ်ခုတွင် မော်လမြိုင်တက္ကသိုလ်အပြင်ဘက်တွင် ဖြစ်ပွားသော ဖမ်းဆီးမှု (ဖေဖော်ဝါရီလ)Credit…EPA, via Shutterstock

ဤတစ်ကြိမ်ကတော့ ထူးခြားသွားသည်။ ဦးစိုးဦးသည် ပရိဘောဂ အရောင်တင်သူဖြစ်သည်။ အကြီးဆုံး သမီးနှစ်ဦးမှာ ကျောင်းဆရာမနှင့် အလှပြင်ဆိုင် ပိုင်ရှင်တို့ဖြစ်သည်။ အေးမြတ်သူမှာ ကလေးငါးယောက်တွင် လေးယောက်မြောက်သမီးဖြစ်သည်။ ဆိုရှယ်လစ်စနစ်နှင့် ဗေဒင်အယူသီးမှုတို့ကို တိုင်းပြည်စီးပွားပျက်အောင် ရောမွှေကျင့်သုံးသောကြောင့် ထိုစဉ်က စစ်ခေါင်းဆောင်၏ ကံကောင်းစေသော ဂဏန်းပါအောင် အရာအားလုံး ဦးစားပေး စီစဉ်ခဲ့ရသော အတိတ်မျိုးနှင့် မြန်မာနိုင်ငံတွင် လူထုသည် အောက်ခြေမှ လူတန်းစားအဆင့် တဖြည်းဖြည်း တိုးတက်အောင် ကြိုးစားရမည်ဟုသည့် အတွေးမျိုး ရှိကြပါသည်။ (မူလရှိနှင့်ပြီး ငွေစက္ကူများအစား ၉ ဂဏန်း၏ ဆတိုးကိန်းများဖြင့် ငွေစက္ကူများ ပြောင်းလဲ အစားထိုးသောကြောင့် လူထု စုဆောင်းငွေများ အလဟဿ ဆုံးရှုံးခဲ့ခြင်းပင် မြန်မာနိုင်ငံမှာ ရှိခဲ့သည်။)

ဦးစိုးဦးတို့ မိသားစုမှာ ကြွယ်ဝသည်လည်းမဟုတ်၊ ဆင်းရဲသည်လည်းမဟုတ်။ သို့ရာတွင် ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၏ အကျိုးရလဒ်ကို ခံစားရသောသူများ ဖြစ်သည်ကတော့ ငြင်းစရာမရှိပေ။ လက်ကိုင်ဖုန်းများ ဝယ်ယူလာနိုင်ခြင်း၊ Facebook အသုံးပြုနိုင်ခြင်း၊ အစိုးရသိမ်းမှာ မပူရသော မိမိကိုယ်ပိုင် စုငွေစာရင်းများ ထားရှိလာနိုင်ခြင်းစသည့်အကျိုးများဖြစ်သည်။

ချောင်လည်သည့် လူလတ်တန်းစား အဆောင်အယောင်အချို့ကိုပင် ဝယ်ထားနိုင်သေးသည်။ ရုပ်မြင်သံကြားစက်နှင့် ဆောင်းဘောက်စနစ်ကောင်းကောင်း ဝယ်တပ်ထားခြင်းပင်။ အေးမြတ်သူဆိုလျှင် သူ့မုန့်ဖိုးစုပြီး ခြင်းအပြာရောင်လေးပါသော စက်ဘီးတစ်စီးဝယ်ထားသည်။ TikTok လည်း သုံးတတ်သည်။ သရဖူလေး၊ ပန်းရောင် အသဲပုံလေးများပြပေးသော ပြုလုပ်ချက်များကိုလည်း သဘောကျစွာ သုံးသေးသည်။ သူနှင့် သူ့ညီအမများ ဖုန်းကင်မရာရှေ့မှာ ခြေကုန်လက်ကုန် ကွေးနေအောင် ကကြ၊ တဝါးဝါးတဟားဟားဖြင့် အရယ်မရပ်နိုင်သောကြောင့် ကင်မရာကို ပြေးပိတ်ကြဖြင့် ပျော်တတ်ကြသည်။

သူတို့မိသားစုအနေနှင့် တစ်စုံတစ်ရာ ဆုံးရှုံးရမည်ကိုတွေးပူမိသည်မှာ ဤတစ်ကြိမ်သာ ရှိသေးသည်။ အေးမြတ်သူ၏ အဒေါ်က “တော်လှန်ရေး”အတွက်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲများ တွင် ပါဝင် ချီတက်တော့သည်။

တူမလေးစိတ်ထဲတွင် မေးခွန်းအပြည့်ဖြစ်သွားသည်။

“လူတွေက လမ်းပေါ်မှာ ဘာလုပ်နေကြတာလဲဟင် လို့ ကျွန်မကိုမေးတယ်။ လူတွေ ဆန္ဒပြပြီး အသက်ဆုံးရှုံးကြတာကိုလည်း သူ Facebook မှာ တွေ့တာကိုး။” ဟု အဒေါ်ဖြစ်သူ ဒေါ်ကြူကြူလွင်က ပြောသည်။ “ဒါနဲ့ ကျွန်မသူ့ကို အာဏာသိမ်းတယ်ဆိုတာဘာလဲဆိုတာရယ်၊ ဘာကြောင့် ဆန္ဒပြကန့်ကွက်ရလဲဆိုတာရယ်ကို ရှင်းပြတယ်။ သူဘာမှ မပြောဘဲ ကျွန်မရှင်းပြတာကို ငြိမ်နားထောင်တာ။ စဉ်းစားရင်းတွေးရင်းနဲ့ပေါ့။”

မတ်လ ၂၀ ရက်နေ့၊ သေဆုံးသူ အရေအတွက် တဖြည်းဖြည်း ပိုများလာပြီးသည့်နောက်တွင် မော်လမြိုင်မြို့သူမြို့သားများသည် ပိုမိုဘေးကင်းစွာ ဆန္ဒပြနိုင်ရေးဆန်းသစ်သော ဆန္ဒဖော်ထုတ်ပုံများကို စီစဉ်လာသည်။ လူကိုယ်တိုင်ထွက်ပြီး ဆန္ဒပြမည့်အစား မွေးပွအရုပ်များကို လမ်းပေါ်တွင် တန်းစီပြီး ချထားကာ ၎င်းတို့ကို ဓာတ်ပုံရိုက်၍ လူမှု မီဒီယာပေါ်တွင် တင်ကြသည်။ ဝင်နီဖူးဝက်ဝံရုပ်များ၊ ဝက်ရုပ်များ၊ ဂျပန်ကာတွန်းကြောင်စက်ရုပ် ဒိုရေမွန်ရုပ်များ၊ လိပ်ရုပ်ကလေးများက “We Want Democracy” ဟူသော စာတမ်းများကို ကိုင်စွဲထားပုံများဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း မော်လမြိုင်မြို့တွင် မွေးပွရုပ်များ အသုံးပြုပြီး လူမှုကွန်ရက်တွင် တင်ဆက် ဆန္ဒထုတ်ဖော်မှု။ ဓာတ်ပုံ – လှမျိုးဦး

တစ်ပတ်ခန့်အကြာတွင် မော်လမြိုင်မြို့တွင် အပူချိန်ပိုမိုတက်လာသည်။ ကတ္တရာလမ်းများပေါ်တွင် တံလျှပ်များ တလက်လက်ထသည်။ အက်ဒမန် ပင်လယ်ပေါ်မှ လေပူများ မြို့ထဲကို ဟုတ်ခနဲ စီးဆင်းလာသည်။ ထိုနေ့သည် တပ်မတော်နေ့ဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံမြို့တော် နေပြည်တော်တွင် စစ်ရေးပြအခမ်းအနား တက်ရောက်ခဲ့သည်။

ထိုနေ့တွင် နိုင်ငံတဝန်း၌ စစ်တပ်နှင့် ရဲတို့သည် ပြည်သူ ၁၁၄ ဦးကို အသေပစ်သတ်ခဲ့ပြီး သေဆုံးသူစာရင်းတွင် ကလေး ၇ ဦး ပါဝင်သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ကြီး ရန်ကုန်မြို့တွင်လည်း ရင်ခွင်ပိုက် မိန်းကလေး တစ်ဦး၏ မျက်လုံးကို ရာဘာကျည်ထိမှန်သောကြောင့် မျက်လုံးတစ်ဖက် ထာဝရ အမြင်ဆုံးရှုံးသွားရသည်။

ဤတစ်ကြိမ်တွင်မူ မော်လမြိုင်မှ ဆန္ဒပြသူများသည် အစားထိုး ဆန္ဒပြပေးမည့် မွေးပွရုပ်များကို အားမကိုးတော့ပေ။ သဲအိတ်ခံတပ်များ တည်ဆောက်ပြီး ခြစ်ခြစ်တောက်ပူသော နေအောက်တွင် လူ ၃၀၀ ခန့် စုပေါင်းဆန္ဒပြခဲ့ကြသည်။ အင်အား ၁၀၀ ခန့်ဖြင့်ရောက်လာသော တပ်ဖွဲ့များကို ရင်ဆိုင်ရန် အချို့က ပလတ်စတစ် ဦးထုပ်များသာ အကာအကွယ်အဖြစ် ဝတ်ထားနိုင်သည်။ ဖြိုခွင်းခြင်းအစတွင် ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့သော်လည်း နေ့လယ်ပိုင်းတွင် ကျည်အစစ်များ ဖြင့် ပစ်ခတ်လိုက်သည်။ ဆန္ဒပြသူများ ပြန့်ကျဲထွက်ပြေးကြသော်လည်း နှစ်ဦး ပစ်သတ်ခံလိုက်ရသည်။

အေးမြတ်သူ သေဆုံးသည့် မတ်လ ၂၇ ရက်နေ့တွင် မော်လမြိုင်မြို့၌ ဆန္ဒပြသူများ။ ဓာတ်ပုံ – ကောင်းမြတ်လင်း

အေးမြတ်သူတို့နေထိုင်သော သပ်ရပ်လှပသော ပျဉ်ထောင်အိမ်များကို တောက်ပသော အရောင်လွင်လွင်ဆေးများသုတ်ထား၍ စက္ကူပန်းပင်ရောင်စုံဖြင့် အရောင်ဖြည့် အလှဆင်ထားသော ရပ်ကွက်ထဲသို့ စစ်သားများ အဘယ့်ကြောင့် ခြေဦးလှည့်ခဲ့ကြကြောင်းကို မည်သူမျှ သေချာမသိကြပေ။

ဦးစိုးဦးက ခြံထဲရှိ အုန်းပင်မှ ခူးထားသော အုန်းသီးကို အုန်းရည်ချိုများ ထွက်မကျအောင် လက်ဆမှန်မှန် ခုတ်နေသည်။ နွေအပူအခိုးအငွေ့များအကြား မီးပန်းများ တစ်ဖောက်ဖောက်မြည်သကဲ့သို့ အသံများ အဝေးမှ တဖြည်းဖြည်းလာနေသည်။

အေးမြတ်သူက အုန်းသီးစိတ်ကလေးကို ဆွဲယူလိုက်သည်။ တစ်ဖောက်ဖောက်မြည်နေသော အသံကို စိတ်ဝင်စားသောကြောင့် အိမ်ရှေ့လမ်းအတိုင်း ဆင်းသွားလိုက်သည်။ သစ်ပင်များအကွယ်တွင် ကိုယ်ရောင်ဖျောက်ထားသော အရိပ်တစ်ခုက ထပ်ကြပ်လိုက်နေသည်ဟု အိမ်နီးနားချင်းများက ပြောသည်။ ထိုလူကို အိမ်သားများ မည်သူမျှ မမြင်လိုက်ပေ။

ကျည်ဝင်သော ဒဏ်ရာက အလွန်သေးငယ်သည်။ ဦးစိုးဦးက ဒဏ်ရာသေးသေးလေးနှင့် သူ့သမီးဘာကြောင့် အသက်ဆုံးရကြောင်း နားမလည်နိုင်အောင်ဖြစ်ရသည်တဲ့။ မြင်မြင်ရာ ခလုတ်ဆွဲချင်နေသော စစ်တပ်ကြောင့် အကြောင်းမဲ့ ထိခိုက်ရသူ နောက်တစ်ဦးပင်။

“သမီးက ရုတ်တရက် လဲကျသွားတာ” “ပြီးတော့ အသက်မရှိတော့ဘူး။” ဦးစိုးဦးက ဆို့နင့်စွာပြောလေသည်။

နောက်တစ်ရက်တွင် ဈာပနပွဲပြုလုပ်သည်။ သံဃာများက ရွတ်ဖတ် သရဇ္ဈာယ်ပေးနေကြသည်။ ကျန်ရစ်သူများက အခေါင်းဘေးနားတွင် စုလာပြီး လက်သုံးချောင်းထောင် သင်္ကေတဖြင့် အလေးအမြတ်ပြုကြသည်။ ၎င်းမှာ “Hunger Games” ရုပ်ရှင်ဇာတ်ကားမှပါသော သင်္ကေတဖြစ်ပြီး ဆန္ဒပြသူများအတွက် ဖီဆန်တော်လှန်မှု သင်္ကေတအဖြစ် အသုံးပြုကြသည်။ ကလေးငယ်၏ မျက်နှာကွက်ကွက်တစ်ခုသာဖော်ပြီး စံပယ်ပန်းကုံးများကို ခွေထည့်ထားလေသည်။ ကျည်ဆံကတော့ သူ့ခေါင်းခွံထဲ တစ်နေရာတွင် ရှိနေဦးမည်သာ။

သူ့ ဦးလေးဖြစ်သော ဦးသိန်းညွန့်က “အဲ့ဒီစစ်သားကို လက်စားချေတဲ့အနေနဲ့ အရေခွံပြန်ဆုတ်ချင်တယ်။” ဟု ပြောသည်။ “သူဟာ အပြစ်မရှိတဲ့ကလေး၊ ကြင်နာတတ်တဲ့ကလေး။ ကျွန်တော်တို့ရဲ့ အမြတ်နိုးဆုံးကလေးပါ။”

အေးမြတ်သူ၏ ရုပ်အလောင်းပတ်လည်တွင် ၎င်းအနှစ်သက်ဆုံး ပစ္စည်းများကို ထည့်ထားပေးသည်။ ရောင်စုံဖယောင်ခဲတံများ၊ အရုပ်မ အနည်းငယ်နှင့် ခရမ်းရောင် ယုန်ရုပ်တစ်ရုပ်၊ Fair and Lovely မျက်နှာလိမ်းခရင်မ်၊ မိုနိုပိုလီကစားနည်း ဘုတ်ပြား၊ သူမဆုံးခင် ၂ ရက်ခန့်ကမှ ရေးဆွဲထားသော ဟယ်လိုကစ်တီ ကြောင်ပုံ စာရွက်တစ်ခု တို့ဖြစ်သည်။ ထိုစာရွက်ပေါ်မှ ကာတွန်းကြောင်ရုပ်ဘေးတွင် အေးမြတ်သူက သူ့နာမည်ကို အင်္ဂလိပ်လို သေသေသပ်သပ်ရေးထိုးထားသေးသည်။

မိခင်ဖြစ်သူ ဒေါ်တိုးတိုးလွင်က “ကျွန်မရင်ထဲမှာ ဟာနေတယ်။”ဟု ဖွင့်ဟသည်။

ဈာပနပွဲအပြီးတွင် အေးမြတ်သူကို မီးသင်္ဂြိုလ်ကြသည်။ မီးတောက်များက သူ့ခန္ဓာနှင့် သူနှစ်သက်ခဲ့သော ပစ္စည်းအားလုံးကို လောင်ကျွမ်းသွားသည်။

နိုင်ငံ၏ အခြားဒေသများတွင် စစ်သားများသည် ၎င်းတို့ သတ်ဖြတ်လိုက်သောသူတို့၏ ရုပ်အလောင်းများကို လိုက်လုယူကြသည်။ ရက်စက်မှု၏ သက်သေခံများကို ဖျောက်ဖျက်လိုခြင်း ဖြစ်နိုင်သည်။ ကလေးတစ်ဦး၏ အုတ်ဂူမှ အလောင်းပြန်ဖော်ခဲ့ခြင်းပင်ရှိသည်။

ထိုလုပ်ရပ်အတိုင်း လာလုပ်မည်ကို ဤမိသားစုက စိုးရိမ်ခြင်း ရှိခဲ့ပါသည်။

အေးမြတ်သူ နာရေး မိသားစုက အေးမြတ်သူ အနှစ်သက်ဆုံးပစ္စည်းများကို ရုပ်အလောင်းဘေးတွင် စီထည့်ပေးထားသည်။ ဓာတ်ပုံ -သံလွင်တိုင်းမ်

English version


မူရင်းပို့စ် – The New York Times

Send this to a friend