မုံရွာသပိတ်တွေ ဘာကြောင့်အားကောင်းလဲ – ကိုဝေမိုးနိုင် (မဇ္ဈိမနဲ့အင်တာဗျူး)

April 2nd, 2021  •  Author:   Wai Moe Naing (Monywa)  •  1 minute read
Featured image
  • ပထမတစ်ချက်အနေနဲ့ မုံရွာလူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ပတ်သက်တဲ့ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်က အဓိကကျတယ်လို့ ကျနော်ထင်ပါတယ်။
    မုံရွာအနေနဲ့ဆိုရင် မြို့က မီးရထားသံလမ်းရဲ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း နှစ်ခြမ်းလိုဖြစ်နေတယ်။ သို့သော်လည်း လူထုက မနက် ၉ နာရီခွဲလို့ သပိတ်စစ်ကြောင်း စလိုက်ပြီဆိုတာနဲ့ သံလမ်းအရှေ့ဘက်ရော သံလမ်းအနောက်ဘက်ရော ရှိနေတဲ့ မိဘပြည်သူတွေက သမဂ္ဂတပ်ဦးအလံကို လိုက်ရှာပြီးတော့ ပင်မသပိတ်စစ်ကြောင်းကို လာပြီးပူးပေါင်းကြတယ်။ ကြားထဲမှာ ဒီလိုလာပြီးပူးပေါင်းတဲ့အတွက် လမ်းထဲမှာ ဖမ်းဆီးစစ်ဆေးခံရတာတွေ၊ ဆိုင်ကယ်၊ ဖုန်းတွေ အစစ်ခံရပြီး ပါသွားတဲ့လူတွေ ဘယ်လောက်ရှိရှိ၊ တစ်နေ့ထက်တစ်နေ့ ဒီအရေအတွက်တွေ တိုးလာသော်လည်း လူထုက ပင်မသပိတ်ရှိရာကို လာပြီးပူးပေါင်းနေကြစဲဆိုတာ တွေ့ရပါတယ်။ သံလမ်းအနောက်ဘက်က လူထုတွေဟာ ၅၄ ရက်တိုင်အောင် သပိတ်စစ်ကြောင်းထွက်တဲ့အထိ ဘာကြောင့် တောင့်ခံနိုင်သလဲဆိုရင် လူထုက အရံအတားတွေကို လာဖြိုတယ်ဆိုရင်တောင် ဖြိုပြီးတာနဲ့ ဒီအရံအတားတွေကို ပြန်တည်ဆောက်ပေးကြတယ်။ ကျနော်တို့သပိတ်စစ်ကြောင်းတွေ ဝင်လာတယ်ဆိုရင် အကြမ်းဖက်စစ်အုပ်စုကနေ အလွယ်တကူ လိုက်ပြီးတော့ ဖြိုခွင်းလို့မရအောင် လူထုက အရံအတားတွေကို စနစ်တကျ တည်ဆောက်ပေးကြတယ်။ ပြီးပြီဆိုရင် သပိတ်စစ်ကြောင်း ရောက်တဲ့အချိန်မှာ ဝင်ရောက်ပူးပေါင်းတယ်။ လိုအပ်တာတွေ ဝိုင်းပြီးတော့ ကူညီဖေးမပေးကြတယ်။ ဒီလိုပုံစံနဲ့ မုံရွာလူထုက သူတို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ခိုင်မာပြင်းပြတဲ့ သန္နိဌာန်ကို ပြနေသေးတယ်။
  • ဒုတိယအချက်က မုံရွာမှာ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၉ ရက်လောက်မှာ သပိတ်ကော်မတီစဖွင့်ခဲ့တယ်။ သပိတ်ကော်မတီရဲ့ အရေးပါမှုကို ကျနော်ပြောပြချင်တယ်။ သပိတ်ကော်မတီထဲမှာ တကသ၊ ဗကသ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဥ်းသားဟောင်းများကွန်ရက်၊ ၈၈ ငြိမ်း/ပွင့် စသဖြင့် မုံရွာမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေအားလုံးကို ကျနော်တို့က အစောပိုင်းမှာကတည်းက သပိတ်ကော်မတီတစ်ရပ် စုဖွဲ့ပြီး ကျစ်ကျစ်လစ်လစ် တည်ဆောက်နိုင်ထားခဲ့တယ်။ အဲ့ဒီအင်အားက ကျနော်တို့ မုံရွာလူထုကို အကွဲကွဲပြားပြားဖြစ်မသွားစေဖို့ ဘယ်နေ့မှာတော့ လမ်းပေါ်သပိတ်တွေလုပ်မယ်၊ ဘယ်နေ့မှာတော့ Silence call တွေလုပ်မယ်၊ ဘယ်နေ့မှာတော့ ရပ်ကွက်စစ်ကြောင်းတွေက ဘယ်လိုပုံစံတွေနဲ့ ထွက်ရမလဲ၊ ဘယ်နေ့မှာတော့ ရွာစစ်ကြောင်းတွေက မြို့ပေါ်ကိုတက်လာပြီးတော့ ပင်မသပိတ်နဲ့ ပူးပေါင်းကြမလဲ၊ ဒီလိုမျိုး သပိတ်လှုပ်ရှားမှုတွေကို လမ်းကြောင်းဖော်တဲ့အချိန်မှာ သပိတ်ကော်မတီရှိနေခြင်းက ကျနော်တို့အတွက် အများကြီး အထောက်အကူဖြစ်စေတယ်။ ဒီသပိတ်ကော်မတီ ရှိထားတဲ့အတွက်ကြောင့်လည်း အထူးသဖြင့် ကျနော်တို့ မုံရွာမှာဆိုရင် မြို့ပေါ်ရပ်ကွက်တွေနဲ့ ရွာတွေနဲ့ အဆက်ဖြတ်ဖို့ကြိုးစားတဲ့အခါ သပိတ်ကော်မတီက အစကတည်းက ဖွင့်ထားတာဖြစ်တဲ့အတွက် မူလကတည်းက ချိတ်ဆက်ထားတဲ့ အင်အားစုတွေဟာ ပျောက်ပျက်မသွားဘဲနဲ့ အခုအချိန်ထိ ကျနော်တို့ အချိတ်ဆက်မိမိနဲ့ ဆက်လက် ဆောင်ရွက်နိုင်တာဖြစ်တယ်။

ကိုးကား