ဒေါက်တာ တေဇာဆန်းနဲ့ မဇ္ဈိမ ဆက်သွယ်မေးမြန်းချက်

April 1st, 2021  •  Author:   Dr. Tayzar San (Mandalay)  •  1 minute read
Featured image

မဇ္ဈိမ – ကိုတေဇာဆန်းရှင့် အခုလိုမျိုးမဇ္ဈိမသတင်းဌာနကို အင်တာဗျူးပေးတဲ့အတွက် အရင်ဆုံးကျေးဇူးအများကြီးတင်ပါတယ်လို့နော်…

ဆိုတော့ အခုဒီမန္တလေးက ဒီစစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတိုင်းမှာ ကိုတေဇာဆန်းကို အစ်မတို့က ခေါင်းဆောင်တယောက်အနေနဲ့ နေရာတိုင်းမှာတွေ့ရပါတယ်။ အထူးသဖြင့်ကတော့ ဒီနွေဦးတော်လှန်ရေးကို အစပျိုးခဲ့တဲ့ခေါင်းဆောင် ဆိုပြီးတော့ လူထုကတင်စားခေါ်ဝေါ်နေတာတွေရှိပါတယ်။ ဆိုတော့ ဒီအခြေအနေ ဒီလှုပ်ရှားမှုအပေါ်မှာ ကိုတေဇာဆန်းအရင်ဆုံး ဘာများပြောချင်ပါသလဲရှင့်။

ဒေါက်တာတေဇာဆန်း – အဲ့တော့ဗျား ပြောရရင်တော့ အစ်မရယ် ကျနော်တို့ ဒီပြည်သူလူထုတစ်ရပ်လုံးက ဒီဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုကို ရင်ထဲ အသည်းထဲကကိုက လုံးဝကို တူးတူးခါးခါး နော် ကျနော်တို့ဆန့်ကျင်ကြတယ်၊ မနှစ်မျို့ကြဘူးဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ အဲ့တော့ ဒီအရေးတော်ပုံကြီးကလည်းပဲ ကျနော်တို့ပြည်သူလူထုတရပ်လုံးက မိမိတို့လူသားတယောက်အနေနဲ့ နိုင်ငံသားတယောက်အနေနဲ့ မိမိတို့ကျရာကဏ္ဍကနေ ကျနော်တို့ပါဝင်ဆင်နွှဲနေတဲ့ အရေးတော်ပုံးကြီးလို့ပဲ ကျနော်ကနားလည်ပါတယ်။ ဒီအရးတော်ပုံကြီးရဲ့ ဒီ ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အဓိပ္ပါယ်နဲ့အနစ်သာရသည် ကျနော်တို့ ဒီလူတစ်ဦးတစ်ယောက်အကျိုးအတွက် ပါတီတစ်စုတစ်ဖွဲ့ရဲ့ အကျိုးအတွက် မဟုတ်ပဲနဲ့ ကျနော်တို့ပြည်သူလူထုအားလုံးရဲ့ ဒီကျနော်တို့ ဘုံပန်းတိုင်ဖြစ်တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ပန်းတိုင်ကိုအရောက်ချီတက်နေကြတယ်လို့ နိုင်ငံသူနိုင်ငံသားအားလုံးက မိမိတို့ရဲ့အသိစိတ်ဓာတ် မိမိတို့ရဲ့ကိုယ်ပိုင်ခံယူချက် ကိုယ်ပိုင်စဉ်းစားချက်တွေနဲ့ ဆင်နွဲနေတဲ့ အရေးတော်ပုံကြီးလို့ပဲ ကျနော်က နားလည်လက်ခံပါတယ်။ ကျနော်သည်လည်းပဲ နိုင်ငံသားတစ်ဦးအနေနဲ့ လူသားတစ်ဦးအနေနဲ့ရော ကျနော်တို့ တာဝန်သိသိ ဝင်ရောက်ဆင်နွှဲနေတယ်လို့ပဲ ကျနော်ကတော့ နားလည်လက်ခံထားပါတယ်ခင်ဗျာ့။

မဇ္ဈိမ – ဟုတ်ကဲ့… ဆိုတော့ ကိုတေဇာဆန်းရေ အခုဒီလှုပ်ရှားမှုပေါ့နော် ဖော်ဖော်ဝါရီ ၁ ရက်နေ့ကစပြီးတော့ စစ်အာဏာသိမ်းတဲ့အချိန်ကစပြီးတော့ ဒီစစ်တပ်နဲ့ရဲရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ဒီအရပ်သားလူငယ်တွေကအစပေါ့နော် လူ ၅၀၀ ကျော် အခု အသက်ပေးလိုက်ရပြီ၊ အသက်ဆုံးရှုံးမှုတွေဖြစ်တယ်။ ဆိုတော့ ဒီလိုအခြေအနေမျိုရှိနေပေမဲ့လည်း အထူးသဖြင့်တော့ ကိုတေဇာဆန်းတို့ဦးဆောင်တဲ့လူငယ်တွေ တခြားဒီစစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ နယ်ပယ်အသီးသီးကလူတွေက တော်လှန်ရေးကို ရတဲ့နည်းလမ်းပေါင်းစုံနဲ့ ဆက်ပြီးတော့ သွားနေကြတယ်၊ ဆန့်ကျင်နေကြတယ်။ လက်မခံဘူးဆိုတာကို အခုအချိန်ထိ ပြနေကြတုန်းပဲနော်… ဒီလိုအခြေအနေမျိုးတွေမှာ လူထုကို ဒီတိုက်ပွဲအရှိန်ပိုပြီးတော့ မြှင့်လာဖို့အတွက် ကိုတေဇာဆန်းတို့ပဲ အခုခြေခံဥပဒေနော် ၂၀၀၈ ခြေခံဥပဒေကို ဒါမီးရှို့ဖျက်ကြမယ်ဆို ပုံစံမျိုးစုံနဲ့လှုပ်ရှားမှုတွေကို ဘယ်လိုပိုပြီးတော့အရှိန်မြင့်ဖို့လုပ်မလဲ။ ဒီနိုင်ငံတဝှမ်းက ဒီစစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လူငယ်တွေ လူထုတွေကို ဘယ်လိုမျိုးတိုက်တွန်းချင်ပါသလဲရှင့်။

ဒေါက်တာတေဇာဆန်း – ဟုတ်ကဲ့ ပြောရရင်ဗျား ကျနော်တို့အခုအာဏာသိမ်းပြီးတော့ ဒီရက် ၆၀ လောက် ၂ လ လောက်မှာအတွင်းမှာ ကျနော်တို့ပြည်သူလူထုက အင်မတန်ပြောင်မြောက်တဲ့ အင်မတန်ရဲဝံ့တဲ့ ဒီသတ္တိတွေ၊ အစွမ်းသတ္တိတွေကိုပြသခဲ့ပြီးသားဖြစ်တယ်လို့ ကျနော်ပြောလိုပါတယ်။ ကျနော်တို့ကြည့်လိုက်ပါ ကျနော်တို့ ဒီမြေမြင်မှာ စစ်အာဏာသိမ်းအုပ်စုက ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းနေတဲ့ပုံစံ ကမ္ဘာမှာတောင် အရက်စက်ဆုံးလို့ စံတင်လောက်မယ်လို့ထင်ပါတယ်။ အဲ့တော့ ဒီဖက်ဆစ်ပေါ့နော်၊ ဂျာမဏီတို့၊ ဂျပန်တို့ ဖက်ဆစ်ဝါဒီဆိုတဲ့ နိုင်ငံတွေတောင် သူ့နိုင်ငံပြည်သူပြည်သားတွေကို ဒီလောက်ထိရက်ရက်စက်စက်သတ်ဖြတ် မယ်လို့ ကျနော်မထင်ပါဘူး။ ကျနော်တို့ ဒီမြေပြင်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို ဒီလုံခြုံရေးစစ်သားတွေ၊ ရဲတွေ၊ စစ်သားတွေ ဖြိုခွင်းနေတဲ့ပုံစံက ဘယ်လုပ်ထုံးလုပ်နည်းပေါ့နော်၊ ဒီ Code of conduct ခေါ်တဲ့ လုံခြုံရေး တာဝန်ရှိတဲ့ ရဲတွေ စစ်သားတွေ လိုက်နာရမဲ့ ဘယ်လုပ်ထုံးလုပ်နည်းကိုမှပေါ့နော် မလိုက်နာဘူး။ သေနတ်ကျည်အစစ်တွေ၊ ဗုံးတွေနဲ့ပေါ့နော်၊ အခုနောက်ပိုင်းဆို အမြှောက်တွေကစပေါ့နော် ပါလာတယ်ဆိုတာ အင်မတန်ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းနေတာဖြစ်ပါတယ်။ သို့သော် သူတို့ဘယ်လောက်ဘဲ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းနေသည်ဖြစ်စေ၊ ကျနော်တို့ပြည်သူတွေ နေ့စဉ်နဲ့အမျှဆိုသလိုပဲ ကျနော်တို့ငြိမ်းချမ်းစွာ ဆက်လက်ပြီးတော့ဆန္ဒပြနေကြတယ်ဆိုတာ အခုတစ်ကမ္ဘာလုံးက အသိပါဘဲ။ ကျနော်တို့ အခုဆိုရင်လည်းပဲ နေ့တိုင်းဆန္ဒပြနေတယ်။ မနက်ဖြန်ဆိုရင်လည်း ကျနော်တို့ ဆက်ပြီးဆန္ဒပြမယ်။ သဘက်ခါလည်း ဆန္ဒပြမယ်။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ဘုံပန်းတိုင်ဖြစ်တဲ့ ဒီစစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ဘုံပန်းတိုင်ကို ရောက်ရှိဖို့ရာအတွက် ကျနော်တို့ နိုင်ငံသူနိုင်ငံသားအားလုံး ကျနော်တို့အသက်နဲ့ခန္ဓာတည်တရွေ့ဆက်ပြီးတော့ ကြိုးစားမယ်ဆိုတာ ကျနော်တို့ အင်မတန် လေးနက်ခိုင်မာတဲ့ သံန္နိဌာန်ချထားပြီးသားပါ။ အဲ့တော့ ကျနော်တို့အနေနဲ့ ပြောချင်တာကတော့ ဒီအာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ဘယ်လောက်ဘဲ အကြမ်းဖက်ဖြိုခွဲပါစေ ကျနော်တို့ ပြည်သူလူထုကို ဘယ်လောက်ဘဲ ရက်ရက်စက်စက်၊ အခုနေစဉ်နဲ့အမျှသတ်ဖြတ်နေတယ်၊ အခုဆိုရင် ရက် ၆၀ အတွင်းမှာ လူ ၅၀၀ ကျော်သေဆုံးခဲ့ပြီး လူ ၃၀၀၀ ကျော် အဖမ်းခံခဲ့ရတယ်။ ပျောက်ဆုံးနေတဲ့သူတွေလည်း အများစွာရှိခဲ့တယ်။ ဒဏ်ရာရသူပေါင်းလည်း များစွာရှိခဲ့တယ်။ သို့သော် သေချာတာကတော့ သူတို့လုပ်တတ်တာက ကျနော်တို့ပြည်သူတွေကို အကြမ်းဖက်မယ်၊ သတ်မယ်၊ ဖြတ်မယ်၊ ဖမ်းမယ်ဆိုတာ ဒီတစ်ခုဘဲ သူတို့အကြမ်းဖက်စစ်အုပ်စုက လုပ်တတ်ပါတယ်။ ကျနော်တို့ပြည်သူတွေမှာကတော့ ဒီစစ်အုပ်စုကို အံတုရင်ဆိုင်ဖို့ရာအတွက် စွဲကိုင်ထားတဲ့ နည်းလမ်းပေါင်းများစွာရှိပါတယ်။ အဲ့တော့ပြောချင်တာက သတ်ရုံ၊ ဖြတ်ရုံ၊ ဖမ်းရုံ၊ ဆီးရုံးနဲ့ ကျနော်တို့လူထုရဲ့ ဒီအာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွေ ရပ်တန့်သွားမယ် ထင်တယ်ဆိုရင်တော့ သူတို့ရဲ့ စဉ်းစားချက်က အမှားကြီးမှားနေပါပြီ။ ကျနော်တို့ပြည်သူရဲ့ ဒီအာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကတော့ သေချာပေါက် နေ့စဉ်ရက်ဆက် ဆက်ပြီးတော့ရှိနေမယ်ဆိုတာ ကျွန်တော့်အနေနဲ့ ရဲရဲဝံ့ဝံ့ပြောလိုပါတယ်။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေက ရပ်သွားမှာမဟုတ်ဘူး၊ နေ့တိုင်းလည်းဆက်ပြီးတော့ ပုံစံမျိုးစုံနဲ့ ဆက်ပြီးတော့ရှိနေမယ်ဆိုတာ အင်မတန်သေချာပါတယ်။ မြေကြီးလက်ခတ် မလွဲပါပဲခင်ဗျာ့။

မဇ္ဈိမ – ဟုတ်ကဲ့… ကိုတေဇာဆန်းက အခုဒီမန္တလေးတိုင်းအတွင်း ဆန္ဒပြလှုပ်ရှားမှုတွေမှာ ဦးဆောင်နေရာကနေ ထိပ်ဆုံးကနေ ကျမတို့တွေ့နေရတယ်ဆိုတော့ ဒီဆန္ဒပြတဲ့ပွဲရဲ့အတွေ့အကြုံလေး တစ်ခုလောက်ပြောပြပါလား။ ဒီအတွေ့အကြုံလေးတစ်ခုလောက်၊  ဒီလူထုကိုပေါ့ ဝေမျှပေးပါ။

ဒေါက်တာတေဇာဆန်း – ဟုတ်ကဲ့… အတွေ့အကြုံတွေကတော့ အများကြီးပေါ့၊ နေ့တိုင်းလည်းဆန္ဒပြနေတော့… အဲ့တော့ ဒီစစ်အုပ်စုက ဘယ်လောက်ထိ ကျနော်တို့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို ဘယ်လောက်ထိ မညှာမတာ ရက်ရက်စက်စက် ဖြိုခွင်းနေဆိုတာလေး ကိုယ်တွေ့လေးတစ်ခု ပြောပြပါ့မယ်။ ကျွန်တော်တို့ ဒီတစ်ရက်က ဆန္ဒပြကြတယ် မန္တလေးမှာပေါ့၊ ကျွန်တော်တို့ အထွေထွေသပိတ်ကြီးပေါ့နော် လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ မန္တလေးမှာဆိုရင် သပိတ်တွေက ပုံစံမျိုးစုံရှိပါတယ်။ စစ်ကြောင်းတွေအားလုံး သပိတ်အင်အားစုအားပေါင်းပြီး လုပ်တဲ့ သပိတ်နေ့တွေရှိတယ်။ မိမိစစ်ကြောင်း အလိုက်ထွက်တဲ့ နေ့တွေရှိတယ်။ တစ်ရက်က ကျွန်တော်တို့ စစ်ကြောင်းတွေအားလုံးပေါင်းပြီးလုပ်တဲ့ မတ်လ (၇ ရက်) နေ့မှာပေါ့နော်။ ကျွန်တော်တို့ တတ်နိုင်သမျှ ကျွန်တော်တို့မှာ ရှိတဲ့အင်အားလေးတွေနဲ့ ဒီစစ်ကားတွေ၊ ရဲကားတွေ ချက်ချင်းတန်းမရောက်လာအောင်ဆိုပြီးတော့ ကျွန်တော်တို့က အတားဆီတွေလုပ်ထားတယ်ပေါ့၊ သဲအိတ်လေးတွေ ဘာလေးတွေကာထားတယ်၊ သို့သော်လည်းပဲ သူတို့က အတင်းတန်းရောက်လာတယ်။ အဲ့တော့ ရဲကို တစ်ယောက်မှ မပါဘူးဗျား။ ကျနော်မှတ်မိတာတော့ တပ်မ ၇၇၊ တပ်မ ၉၉ လို့ခေါ်တဲ့ တကယ့်ကို စစ်မြေမြင်မှာ တိုက်ခိုက်ရေး၊ ချေမှုန်းရေး တပ်တွေပေါ့နော်၊ ရောက်လာတယ်၊ ရောက်လာပြီးတော့ ကျွန်တော်တို့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပညာတတ်တွေ၊ ပညာရှင်တွေ ကျောင်းသူကျောင်းသားလေးတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ တကယ့်တက္ကသိုလ်ဆရာ/မတွေ၊ အခြေခံပညာ ဆရာ/မတွေ၊ လူဦးရေသောင်းနဲ့ချီ ဆန္ဒပြနေတဲ့ပြည်သူတွေကို လူစုခွဲဖို့ လုံးဝ တစ်ဆင့်ပြီးတစ်ဆင့် သူတို့ရဲ့ လူစုလူဝေးဖြိုခွင်းရမဲ့ Procedure တွေကို လုံးဝမလုပ်ခဲ့ဘူး။ ရောက်လာတယ်၊ ကားပေါ်ကတန်းဆင်းတယ်ဗျား၊ ကျည်အစစ်နဲ့တန်းပစ်တယ်ဗျား၊ မီးခိုးဗုံးနဲ့ တန်းထုတယ်ဗျား၊ အသံဗုံးနဲ့တန်းခွဲတယ်ဗျား၊ လုံးဝကို ရက်ရက်စက်ဖြိုခွင်းတယ်ပေါ့နော်။ အဲ့တော့ ကျနော်တို့ တစ်ရက်ကဆို အဲ့လိုပဲ ကျနော်တို့စိန်ပန်းလို့ခေါ်တဲ့ မန္တလေးကရပ်ကွက်ထဲမှာ ငြိမ်းချမ်းစွာဆန္ဒပြတယ်၊ ရောက်လာတယ်၊ ကျနော်တို့ရဲ့အတားဆီးတွေကို ကရိန်းတွေနဲ့ပြန်ဖယ်တယ်၊ စစ်ကားတွေနဲ့ ကျနော်တို့ပြည်သူတွေကို တိုက်တယ်၊ ကားတွေနဲ့ဝင်တိုက်တယ်။ တန်းပြီးတော့ ကျည်အစစ်နဲ့လည်း တန်းပစ်တယ်။ အဲ့တော့ ပြောချင်တာက နိုင်ငံတကာက ဒီရဲတပ်ဖွဲ့တွေ လုံခြုံရေးတွေက အဓိကရုန်းနှိမ်နင်းရေးလို့ခေါ်တဲ့ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းများအားလုံးကို တကယ့်မြေပြင်မှာ လုံးဝလုံးဝ မလိုက်နာပါဘူး။ တန်းရောက်လာတယ်၊ ရောက်လာတယ်ဆိုကတည်းကကို ဘီးလူးဆိုင်းတီးပြီး ဝင်လာတာပါ။ ကျွန်တော်တို့ လူစုကြီးကို တန်းပြီးဝင်တိုက်တယ်ဗျား။ ကားပေါ်ကဆင်းတယ်၊ ကျည်အစစ်နဲ့တန်းပစ်တယ်ဗျား၊ တန်းဖမ်းတယ်ဗျား။ နောက်ဆုံးဆို အခုဘယ်လောက်ထိဆိုးသလဲဆိုတော့ သူတို့က ရဲကားစစ်ကားတွေ မသုံးတော့ဘူး၊ သူတို့ ကျနော်တို့ဆန္ဒပြပွဲတွေမှာ ဖြိုခွင်းတဲ့အချိန်မှာ သူတို့သိမ်းသွားတဲ့ ကျနော်တို့ ပြည်သူပိုင်ကားတွေ၊ ဆိုင်ကယ်တွေသုံးပြီးတော့ မြို့ထဲရွာထဲမှာ လိုက်ပြီး လူတွေကိုတိုက်တယ်၊ ဖမ်းတယ်၊ ပစ်တယ်၊ အရပ်ဝတ်တွေနဲ့ပဲလိုက်ပြီးပစ်တယ်ဆိုတဲ့အဆင့်ထိ ဆိုးနေတာကို ကျနော်တို့တွေ့နေရပါတယ်ခင်ဗျာ့။

မဇ္ဈိမ – ဟုတ်ကဲ့။ ဆိုတော့ အခုဒီလို အခြေအနေတွေပေါ့၊ မြန်မာနိုင်ငံမှာကြုံနေရတယ်။ ဒါနိုင်ငံတကာသတင်းတွေမှာလည်း ပြနေတယ်၊ ပြောနေတယ်၊ ကျမတို့နေ့တိုင်းတွေ့နေရပါတယ်။ ဒါပေမဲ့အခု ဒီစစ်အာဏာသိမ်းကောင်စီကငှားထားတဲ့ လော်ဘီကနေ ဟိုတလောကပြောတယ်၊ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို နိုင်ငံတကာရဲ့သတင်းဌာနတွေကို ဖိတ်ပြီးပြမယ်လို့ပြောပြီးတဲ့အချိန် ပထမဦးဆုံး CNN သတင်းဌာနက နာမည်ကြီး သတင်းထောက်အမျိုးသမီး မြန်မာနိုင်ငံကိုရောက်နေတယ်။ သူဒီနေ့ ပုံတွေ့ရတာတော့ တကယ်အေးအေးဆေးဆေးရှိတဲ့နေရာတွေ လိုက်ရိုက်နေတာတို့၊ Interview လုပ်နေတာတို့တွေ့တယ်။ တကယ်လို့များ CNN သတင်းထောက်နဲ့ ကိုတေဇာဆန်းနဲ့ တွေ့ခွင့်ရမယ်၊ တွေ့ရမယ်ဆိုရင် အဓိကမြန်မာနိုင်ငံအခြေအနေနဲ့ပက်သက်ပြီး ဘာတွေများ ပြောပြချင်ပါသလဲရှင့်။

ဒေါက်တာတေဇာဆန်း – ဟုတ်ကဲ့။ အဲ့တော့ဗျား၊ ရှင်းရှင်းပါပဲ၊ ကျွန်တော်က ပြောချင်တာ ဒီအာဏာသိမ်း စစ်အုပ်စုကိုရောပေါ့နော် ပြောချင်တာ၊ ကျွန်တော်ကျန်တာ အများကြီးမပြောဘူး၊ ကျွန်တော်တို့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို သေနတ်နဲ့ ကျည်အစစ်နဲ့ မပစ်ပါနဲ့လို့နော်၊ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေက ဒီဖြိုခွင်းခံရမယ့် ရာဘာကျည်ပစ်တယ်၊ ရေအမြှောက်သုံးတယ် ဆိုတာလောက်ကတော့ ကျွန်တော်တို့မှုကို မမှုဘူး။ ဒီအခုဟာကဗျား စစ်မြေပြင်တစ်ခု ဖြစ်နေတဲ့အလားပဲ ကျွန်တော်တို့ကို ဖြိုခွင်းနေခြင်းဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အခု လမ်းပေါ်မှာ တစ်စုံတစ်ရာပြည်သူအင်အားတွေ လျှော့နည်းသွားတယ်ဆိုတာလည်း ပြည်သူလူထုက ဒီအာဏာသိမ်းအုပ်စုကို လက်ခံလို့ မဟုတ်ဘူး၊ ဒီလောက်အထိ ကျည်အစစ်တွေနဲ့ ရက်ရက်စက်စက် လူတွေကိုသတ်နေလို့ စနိုက်ပါနဲ့ပစ်နေလို့သာ အခုလိုလူတွေက တစ်စုံတစ်ရာ လမ်းပေါ်မှာ ရှင်းသွားခြင်း၊ နည်းသွားခြင်းပဲဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒါသည်ကျွန်တော်တို့ ခေတ္တပဲဖြစ်မယ်။ ကျွန်တော်တို့ ပြည်သူအနေနဲ့ ဒီအာဏာသိမ်းမှုကိုရော အာဏာရှင်စနစ်ကိုရော ဒီစစ်ကောင်စီကိုရော လုံးဝလုံးဝလက်မခံဘူး။ လက်မခံဘူးဆိုတဲ့အကြောင်းကိုလည်း ပုံစံမျိုးစုံနဲ့ ဆက်ပြီးတော့ ဖော်ထုတ်ပြသနေမယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ကမ္ဘာကိုရော ဒီ CNN သတင်းဌာနအပါအဝင် အလုံးကို အလေးအနက် ပြောချင်ပါတယ်။ အဲ့တော့ အာဏာသိမ်းစစ်အုပ်စုကိုလည်း ကျွန်တော့်အနေနဲ့ ဒီနေရာကပြောချင်တာက သူတို့အနေနဲ့ ကျွန်တော်တို့ကိုသာ ကျည်အစစ်နဲ့သာ မပစ်ပါနဲ့၊ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးက ဒီစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးအတွက်ရော ကျနော်တို့သွားချင်တဲ့ ဘုံပန်းတိုင်ဖြစ်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး အတွက်ရောက အလေးအနက် သံန္ဓိဌာန်ချထားပြီးသား ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့သွားချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ရန်အတွက် အစွမ်းကုန်ကြိုးစားသွားမယ်ဆိုတာကို ဒီနေရာကနေ ကျနော်က အလေးအနက် ပြောလိုပါတယ်ခင်ဗျာ့။

မဇ္ဈိမ – ဟုတ်ကဲ့…မတ် ၃၁ ရက်နေမှာ CDM လုပ်တာနောက်ဆုံးပဲလို့ ဒေါက်တာဇော်ဝေစိုးကလည်း သူ့ Page ကပြောထားတာရှိတယ်။ အဲ့တော့ ဒီမြန်မာနိုင်ငံ ဒီစစ်အာဏာသိမ်းမှုကျရှုံးရေး၊ ကျဆုံးသွားဖို့အရေးအတွက် CDM ဟာ ဘယ်လိုအရေးပါသလဲ ဘယ်လောက်အထိအရေးပါတဲ့ ကဏ္ဍမှာရှိသလဲ။ ကိုတေဇာဆန်းဘာများ သုံးသပ်ချင်ပါသလဲရှင့်။

ဒေါက်တာတေဇာဆန်း – အင်မတန်ရေးကြီးပါတယ် ခင်ဗျာ့၊ ကျနော်တို့ ဒီ CDM လှုပ်ရှားမှုက အာဏာရှင်ကိုအံတုတဲ့နေရာမှာ ဒီစစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာမှာ အင်မတန်အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါဝင်တယ်လို့ ကျနော့အနေနဲ့ ပြောချင်ပါတယ်။ အခုဆိုရင်ပဲ ကျနော်တို့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ကျနော်တို့ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန စသည်ဖြစ် ဌာနပေါင်းစုံကနေပြီး အင်မတန်တက်တက်ကြွကြွ ပါဝင်နေတာကို တွေ့ရပါတယ်။ အဲ့တော့ ပြောချင်တာက CDM လှုပ်ရှားမှုသည် ဒီအာဏာသိမ်းစစ်အုပ်စုရဲ့ အရှိုက်ကို တည့်တည့်ထိုးနိုင်တဲ့ လက်သီးတစ်ချက်လို့ ကျနော့အနေနဲ့ ရှုမြင်ပါတယ်။ အဲ့တော့ ကျနော့အနေနဲ့တော့ ဒီ CDM လှုပ်ရှားမှု၊ ကျနော်တို့အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကျနော်တို့ပြည်သူတွေရဲ့ မြေပြင်သပိတ်လှုပ်ရှားမှုတွေ၊ CRPH ဦးဆောင်တဲ့ နိုင်ငံရေးအရ လှုပ်ရှားမှုတွေ အားလုံးသည် ဟန်ချက်ညီညီနဲ့ လက်ချင်းချိတ်မိသော တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေကြတဲ့ ဟာသည် အင်မတန်ထိရောက်တယ်လို့ ကျွန်တော်အနေနဲ့ ရှုမြင်ပါတယ်။ ဒါကြောင့်သည် ကျနော်တို့ ဒီ CDM လှုပ်ရှားမှုဟာလည်းပဲ ဒီအာဏာရှင်စနစ်ကို အံတုတဲ့နေရမှာ အင်မတန်အရေးကြီးတဲ့ မျှားတစ်စင်းလို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်ခင်ဗျာ့။

မဇ္ဈိမ – ဟုတ်ကဲ့။ ဆိုတော့ ဧပြီလ ၁ ရက်နေ့မှာ အစိုးရဖွဲ့မယ်လို့လည်း CRPH က ကြေငြာထားပါတယ်။ CRPH ဖွဲ့မဲ့ အစိုးရအသစ်အနေနဲ့ ဘာအရေးတွေကို အရေးတကြီးစပြီးတော့ ဆောင်ရွက်သင့်ပါသလဲ။ ကိုတေဇာဆန်း ဘယ်လိုမြင်ပါသလဲရှင့်။

ဒေါက်တာတေဇာဆန်း – ဟုတ်ကဲ့… ကျွန်တော်တို့ ပြည်သူလူထုတရပ်လုံးက CRPH အပါဝင် နိုင်ငံရေးပါတီတွေ၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ဒီအဖွဲ့အစည်းအားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ကျနော်တို့အင်မတန်မျှော်လင့် တောင်းတနေပါတယ်။ အခုအချိန်ကာလသည် ကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းဖို့ အကောင်းဆုံးအခွင့်အရေးလို့ ကျွန်တော့်အနေနဲ့ ရှုမြင်ပါတယ်။  ဘာဖြစ်လို့လည်းဆိုတော့ အခုချိန်မှာဆိုရင် ကျွန်တော်ကိုယ်တိုင်လည်းပဲ ဗမာတိုင်းရင်းသား ဗမာလူမျိုးတစ်ယောက်၊ ကျနော်တို့ ဗမာလူမျိုးတွေကိုယ်တိုင်က ဒီအကြမ်းဖက်စစ်အုပ်စုကို အင်မတန်မုန်းတီးရွံရှာ ဆန့်ကျင်နေတဲ့ကာလလည်းဖြစ်တယ်၊ ဒါ့ကြောင့်ဒီအချိန်မှာ ကျနော်တို့ ဘုံပန်းတိုင်တူတဲ့ အင်အားစုတွေအားလုံး စုဖွဲ့ပြီးတော့ ကျနော်တို့အခုဧပြီလဆန်းမှာ ပေါ်လာမဲ့ အမျိုးသားညီညွတ်ရေးအစိုးရသည် ကျနော်တို့ ၅၇ သန်းသော ပြည်သူလူထုတရပ်လုံးကို ဦးဆောင်ပြီးတော့ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကိုချီတက်မဲ့ တပ်ဦးအလံ ကျွန်တော်တို့ရဲ့နိုင်ငံရေးအရ ဦးဆောင်တဲ့ အဖွဲ့အစည်းလို့ ကျွန်တော့်အနေနဲ့မျှော်လင့်ပါတယ်၊ ယုံလည်းယုံကြည်ပါတယ်၊ ကိုးလည်းကိုးစားပါတယ်၊ အားလည်းအားထားပါတယ်။ ဒါ့ကြောင့်ကျနော်တို့ CRPH အပါအဝင် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ၂၀၂၀ ရွေး ကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ CDM လှုပ်ရှားသူတွေ၊ အရပ်ဖွဲ့အဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းမယ့် အမျိုးသားညီညွတ်ရေးအစိုးရကို ကျွန်တော့်အနေနဲ့တော့ ကျွန်တော်တို့ပြည်သူလူထု တစ်ရပ်လုံးရဲ့ နိုင်ရေးဦးဆောင်အဖွဲ့အစည်းတစ်ခုအဖြစ် ကျွန်တော့်အနေနဲ့ အင်မတန်ယုံကြည်မျှော်လင့်ထားတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ဆွေးနွေးလိုပါတယ်ခင်ဗျာ့။

မဇ္ဈိမ – ဟုတ်ကဲ့… နောက်ဆုံး မေးခွန်းလေးတစ်ခုပါရှင့်၊ ဒီကုလသမဂ္ဂအပါအဝင်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတို့ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပြောနေကြတယ်။ ပြီးတော့ ဒီအနောက်နိုင်ငံကြီးတွေလည်း မြန်မာနိုင်ငံအတွက် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ အများအပြားလုပ်လာတာကိုတွေ့ရပါတယ်။ ဆိုတော့ လူထုအနေနဲ့လည်း ခုနကလို ICC လိုပေါ့၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံးလိုမျိုး၊ R2Pလိုမျိုး ကူညီတဲ့အဖွဲ့အစည်းတွေကို မျှော်ကြ၊ လိုချင်ကြတာတွေလည်းတွေ့ရပါတယ်။ နိုင်ငံတကာကလည်း ဒါမျိုးကူညီနိုင်မလားပေါ့လေ လမ်းစရှာကြတယ်။ ဒါမေမဲ့ တကယ့်စစ်အာဏာရှင်၊ အာဏာသိမ်းကောင်စီပြုတ်ကျရေးရဲ့ အင်အားဟာ ပြည်တွင်းမှာပဲရှိတယ်ဆိုတဲ့ သုံသပ်ချက်တွေလည်းရှိပါတယ်။ ဆိုတော့ ဒီ ၂ ခုပေါ့၊ ဒီခြေအနေတွေမှာရော ကိုတေဇာဆန်းဘယ်လို သုံးသပ်ပါသလဲ ဘယ်လိုမြင်ပါသလဲ ဘယ်လိုတိုက်တွန်းချင်ပါသလဲရှင့်။

ဒေါက်တာတေဇာဆန်း – ဟုတ်ကဲ့ခင်ဗျာ့။ အဲ့ဒီတော့ အကြမ်းဖက် စစ်အုပ်စုကိုဖြုတ်ချရေး၊ တိုက်ဖျက်ရေး တော်လှန်ရေးမှာတော့ နည်းနာပေါင်းများစွာရှိတယ်လို့ပဲ ကျွန်တော် နားလည်ယုံကြည်ပါတယ်။ အဲ့တော့ဗျား ကျွန်တော်တို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားတွေလုပ်ဆောင်ချက်တွေဟာလည်း အင်မတန်ရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်လို့ ကျွန်တော်က ယုံကြည်လက်ခံပါတယ်။ နောက်ပြီး ခုနကပြောသလို ကုလသမဂ္ဂ၊ အာဆီယံ၊ ကျနော်တို့ ဒီဥရောပကုလသမဂ္ဂ၊ ကျွန်တော်တို့ ဒီ ICC, ICJ, R2P ဒါတွေအားလုံးကလည်း ကျွန်တော်တို့ပေါ့နော် မေ့ထားလို့ မရတဲ့ဟာပေါ့နော်။ စဉ်းစားထားရမယ့် နည်းနာတွေ လမ်းစဉ်တွေလို့ ကျွန်တော်တို့အနေနဲ့ ရှုမြင်ပါတယ်။ တပြိုင်နက်ထဲမှာပဲ ပြည်တွင်းအင်အားကလည်း အင်မတန် အခရာကျတယ်လို့ ကျွန်တော့်အနေနဲ့ နားလည်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ပြည်တွင်းရော ပြည်ပရောက အားလုံးသည် ဟန်ချက်ညီညီပေါ့နော်၊ အခုအချိန်မှာတော့ အာဏာရှင်ပြုတ်ကျရေးအတွက် ကျွန်တော်တို့အဖြေသည် တစ်ခုထဲမဟုတ်ပဲနဲ့ နည်းနာပေါင်းများစွာ လမ်းစဉ်ပေါင်းများစွာ ကျနော်တို့ဆောင်ရွက်နေရမယ်လို့ ရှုမြင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ အခုချိန်မှာ ကျွန်တော်တို့ဘုံရန်သူက ဒီအကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘုံပန်းတိုင်က စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဘုံပန်းတိုင်ရောက်ရှိဖို့ရာအတွက် အထောက်အပံ့ဖြစ်နိုင်မယ့် နည်းနာပေါင်း လမ်းစဉ်ပေါင်း အင်အားပေါင်းများစွာ ကျွန်တော်တို့ ကြိုးစားရမယ်၊ ဆောင်ရွက်ရမယ်၊ ချိတ်ဆက်ရမယ်၊ စုစည်းရမယ်လို့ ရှုမြင်ပါတယ်နော်။ အဲ့တော့ နိုင်ငံတကာအင်အားကလည်း အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်လို့ ကျွန်တော့်အနေနဲ့ လက်ခံသလို ပြည်တွင်းအင်အားကလည်း အဓိကအခရာ အဆုံးအဖြတ်အကျဆုံးလို့ပဲ ကျွန်တော့်အနေနဲ့နားလည်လက်ခံပါတယ်ခင်ဗျာ့။

မဇ္ဈိမ – ဟုတ်ကဲ့။ နွေဦးတော်လှန်ရေးကို အစပျိုးခဲ့တဲ့ ဒီလူထုလှုပ်ရှားမှုတွေရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ပေါ့နော်၊ ဒီလူထုတွေကို အစဘယ်လိုများ အားပေးတိုက်တွန်းစကားများ ပြောချင်ပါသလဲရှင့်။

ဒေါက်တာတေဇာဆန်း – ဟုတ်ကဲ့၊ အဲ့တော့ အားလုံးလည်းသိကြပါတယ်။ ကျွန်တော်တို့ အခုအချိန်မှာ ကျွန်တော်တို့ပြည်တွင်းမှာ အနေအထားက ကျွန်တော်တို့အရှေ့မှာဆိုရင်လည်း Covid -19 ရောဂါရဲ့ဒဏ်ကို ကျွန်တော်တို့ ၁ နှစ်ကျော်ခံခဲ့ရပြီးပြီ၊ နောက် အဲ့ထက်ပိုဆိုးသွားတာ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် ကျွန်တော်တို့တိုင်းပြည်ဟာ အခုဆိုရင် ပြောရရင်တော့ ကျွန်တော်တို့ ခေတ်သစ်သမိုင်းမှာ အမှောင်မိုက်ဆုံးကာလကို ရောက်နေတယ်လို့ ကျနော်တို့ပြောလို့ရပါတယ်။ ဘယ်လောက်ပဲမှောင်ပါစေ ကျွန်တော်တို့ အမှောင်မိုက်ဆုံးဆိုတဲ့ ကာလကိုကျော်ဖြတ်ပြီးရင် ကျနော်တို့အာရုဏ်ဦးဆိုတဲ့ အချိန်ကရောက်လာစမြဲပါ။ အဲ့တော့ ကျနော်တို့ ဒီနေဝင်ညကို ကူးဖြတ်ပြီးမှ ရောင်နီသာတဲ့နေ့သစ်ဆိုတာ နံနက်ခင်းဆိုတာ ရောက်လာစမြဲပါ။ အဲ့တော့ ကျွန်တော်တို့ ဒီအကြပ်အတည်း ဒီအခက်အခဲတွေကြားထဲကပဲ ကျွန်တော်တို့အတွက် အကောင်းဆုံးသောမျှော်လင့်ချက် အလင်းရောင်ခြည်ဟာ ရှိနေပါတယ်။ ကျွန်တော်တို့ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ် ၇၀ ကျော်အတွက် ဒါဘာလဲဆိုရင် ကျွန်တော်ခုနက ပြောခဲ့သလိုပဲ ကျွန်တော်တို့ အခုအချိန်မှာ ဘုံရန်သူက ဘာလဲဆိုတာရှင်းသွားပါပြီ။ ထိုနည်းလည်းကောင်း ကျွန်တော်တို့ ဘုံပန်းတိုင်က ဘာလဲဆိုတာ ရှင်သွားပါပြီ။ အဲ့တော့ပြောရရင် ဒီ ၂၀၂၁ နွေဦးတော်လှန်ရေး မတိုင်ခင်ကဆို ကျွန်တော်တို့ ဗမာပြည်သူတွေ၊ ဗမာတိုင်းရင်းသားတွေ ကြားထဲမှာ ပြည်တွင်းစစ်အကြောင်းတို့  ဖယ်ဒရယ်စနစ်အကြောင်းတို့ နောက်ကျွန်တော်တို့ ဒီစစ်အုပ်စုနဲ့ပက်သက်ပြီး ကျွန်တော်တို့ အတွေးအခေါ်ရှုမြင်မှု၊ နားလည်မှုတွေ အားနည်းခဲ့တာတွေရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့  နိုင်ငံရေးကို တိုင်းရင်သားတွေရဲ့ နိုင်ငံရေးခံယူချက်ကို ကျွန်တော်တို့ နားလည်မှု၊ စာနာမှုအပိုင်းမှာ အားနည်းခဲ့တာရှိပါတယ်။ ကျွန်တော်တို့ ဒါပွင့်ပွင့်လင်းလင်း ဝန်ခံရမဲ့ကိစ္စရှိပါတယ်။ သို့သော် အခုအချိန်မှာတော့ ကျွန်တော်တို့အားလုံးသည် ၅၇ သန်းသော တစ်နိုင်ငံလုံးက ပြည်သူအားလုံးသည် တစ်သွေးထဲ တစ်သားထဲ ဖြစ်သွားကြပါပြီ။ ကျွန်တော်တို့ပြည်သူလူထုတစ်ရပ်လုံး အခုအချိန်မှာ ဖိနှိပ်ခံပြည်သူတွေ ဖြစ်သွားကြပြီ၊ အဲ့တော့ ကျနော်တို့သည် အခုအချိန်မှာတော့ ကျွန်တော်တို့ ဘုံပန်းတိုင်ကဘာလဲ ဘုံရန်သူက ဘာလဲဆိုတာ အင်မတန်ရှင်းရှင်းလင်းလင်း၊ သဲသဲကွဲကွဲသိသွားပါပြီ။ ဒါကြောင့် ကျွန်တော်တို့ အခုအချိန်မှာ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တွန်းလှန်ကြမယ်၊ တော်လှန်ကြမယ်၊ ဒီအရေးတော်ပုံမှာ ဆက်လက်ဆင်နွဲကြမယ်ဆိုရင် သွားချင်တဲ့ဘုံပန်းတိုင်ကိုရောက်ဖို့က လက်တစ်ကမ်းအလိုမှာပဲရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက် အလင်းရောင်ခြည်ဟာ အရှေ့ရှိနေပါတယ်လို့ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် ယုံယုံကြည်ကြည် ပြောလိုပါတယ်ခင်ဗျာ့။

မဇ္ဈိမ – ဟုတ်ကဲ့။ ကိုတေဇာဆန်း အခုလိုမျိုး မဇ္ဈိမသတင်းဌာနကို အင်တာဗျူးပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ ကျန်းမာအောင်လည်းနေပါနော်။ ပြီးတော့ ဘေးရန်ကင်းရှင်းပါစေလို့လည်း အစ်မ ဆုတောင်းပါတယ်နော်။

ဒေါက်တာတေဇာဆန်း – ကျနော်ကလည်း မဇ္ဈိမကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား။