ဦးအေးကို – စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က မီးရှို့သတ်ဖြတ်ခဲ့တဲ့ မန္တလေး သူရဲကောင်း

March 28th, 2021  •  Author:   U Aye Ko (Mandalay)  •  1 minute read
Featured image

မန္တလေး အောင်မြေသာစံ ၁၉ လမ်း၊ မင်းတဲအီကင်းရပ်ကွက်တွင် ရပ်ကွက်ကင်းစောင့်သူတစ်ဦး မတ်လ ၂၇ ရက်ညတွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့မှ ဝင်ရောက် ပစ်ခတ်ခံရပြီး ဒဏ်ရာရေနေသော ၎င်းကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပါသည်။

မီးရှို့အသတ်ခံရသူမှာ အသက် ၄၀ အရွယ် ကလေး ၄ ယောက် ဖခင်တစ်ဦးဖြစ်သူ ဦးအေးကိုဟု သိရပြီး  မုန့်လက်ဆောင်းရောင်းသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်သည်။

ယမန်နေ့ည ၉ နာရီဝန်ကျင်တွင် မင်းတဲအီကင်းရပ်ကွက်အတွင်းသို့ စစ်ကောင်စီလက်နက်ကိုင်များက‌ ဝင်ရောက်၍ သေသေနတ်များပစ်ခတ်ခဲ့ပြီး ရင်ဘတ်ကျည်ဆန်ထိမှန်ခဲ့သူ ဦးအေးကိုအား ဆေးကုသခွင့်မပေးဘဲ မီးလောင်နေသည့် တာယာများအတွင်း ပစ်ထည့်၍ စစ်သားများက သတ်ပစ်လိုက်ခြင်းဖြစ်သည်။

‘အမေရေ ကယ်ပါဦးလို့ အော်နေသေးတယ်” ဟု ဦးအေးကို မီးရှို့အသတ်ခံရခြင်းနှင့် ပတ်သက်၍ ရပ်ကွက်နေပြည်တစ်ဦးက Myanmar Now ကို ပြောသည်။

မီးလောင်နေသည့် တာယာပုံထဲ ပစ်ထည့်ခံရချိန်က ဦးအေးကိုသည် အော်ဟစ်အကူအညီတောင်းခဲ့သေးသော်လည်း စစ်သားများက သေနတ်ဖြင့် တရစပ်ပစ်ခတ်နေသဖြင့် မည်သူများထွက်၍ မရခဲ့ကြောင်း သိရသည်။

Myanmar Now မှာ အပြည့်အစုံဖတ်ပါ


အကြမ်းစစ်ကောင်စီတပ်တွေက ကင်းသမားဦးအေးကိုကို ဘယ်လို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့လဲ

By ရန်ကုန်​ခေတ်သစ်

“သေနတ်မှန်ပြီး ဦးအေးကိုက မပြေးနိုင်တော့ဘူး။ အဲဒီအချိန်မှာ စစ်သားတွေကသေပြီလား မသေရင် ထပ်ပစ်ဆိုပြီးပြောတယ်။ အဲဒါပြီးတော့ ဦးအေးကိုကို တာယာမီးရှို့ထားတဲ့ မီးပုံထဲကို ဆွဲထည့်လိုက်တယ်”

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်မှ မျက်မြင်သက်သေတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

မေး။ ။ စစ်တပ်ကနေပြီးတော့ လူတစ်ဦးကို အရှင်လတ်လတ် မီးရှို့ပြီးသတ်ဖြစ်တယ်ဆိုပြီး ကြားရပါတယ်။ ဒါက တကယ်ဖြစ်ခဲ့တာလား။

ဖြေ။ ။ ဟုတ်ပါတယ်။ အဲဒါက ကျနော်တို့ရပ်ကွက်မှာဖြစ်ခဲ့တာပါ။ ဖြစ်စဉ်ကို အစအဆုံး ရှင်းပြရမယ်ထင်ပါတယ်။

မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာ အောင်မြေသာစံ သပိတ် စစ်ကြောင်းကို ၁၉ လမ်း၊ ၈၉ လမ်းမှာ စဖြိုပါတယ်။ ညနေ ၃ နာရီလောက်မှာလည်း လာပြီး ပစ်တာခတ်တာရှိတယ်။ အဲဒီကတည်းက ဒီဘက်ရပ်ကွက်ကို ငြိုးနေတယ်လို့ ထင်ပါတယ်။ ညပိုင်းရောက်တော့ အချိန်က ည ၈ နာရီ ၄၅ မိနစ် (မတ်လ ၂၇ ရက်နေ့) မှာ မင်းတဲအီကင်းရပ်ကွက်ရုံး မီးလောင်ပါတယ်။ အဲဒီလို လောင်တဲ့ အချိန်မှာ စစ်တပ်ကဘက်နေ သေနတ်တွေ ဖောက်ပြီး ဝင်လာတယ်။ ကျနော်တို့ကလည်း ပုံမှန်အတိုင်း ကင်းစောင့်နေတာရှိတယ်။ အဲဒီအချိန်မှာ သူတို့ဘက်က သေနတ်တွေ ဖောက်ပြီး ဝင်လာတော့ အားလုံးက ထပြေးကြတယ်။ အဲဒီမှာ ဦးအေးကိုက ​ပြေးရင်း သေနတ်မှန်သွားတယ်။

တစ်ချိန်တည်းမှာပဲ ​နောက်မှာကျန်တဲ့သူတို့က(စစ်သား​တွေက) ရပ်ကွက်၊ လမ်းတွေ ကာရန်ထားတဲ့ တာယာတွေ အတားအဆီးတွေကို မီးရှို့လိုက်တယ်။ ဦးအေးကိုက သေနတ်မှန်ပြီးတော့ မပြေးနိုင်တော့ စစ်သားတွေက ပြေးလာတယ်။ ဦးအေးကိုဆီ။

သေနတ်မှန်ပြီး ဦးအေးကိုက မပြေးနိုင်တော့ဘူး။ အဲဒီအချိန်မှာ စစ်သားတွေက သေပြီလား မသေရင် ထပ်ပစ်ဆိုပြီးပြောတယ်။အဲဒါပြီးတော့ ဦးအေးကိုကို တာယာမီးရှို့ထားတဲ့ မီးပုံထဲကို ဆွဲထည့်လိုက်တယ်။

မေး။ ။ ဦးအေးကိုက ဒါဆိုရင် သူတို့ ဆွဲခေါ်သွားချိန်မှာ မသေသေးဘူးလား။

ဖြေ။ ။ ဟုတ်တယ်။ မသေသေးဘူး။ သူက ကြိုးစားပြီးတော့ သွားနေသေးတယ်။

မေး။ ။ မီးရှို့တဲ့နေရာကရော အတိအကျသိလား။ အချိန်အတိအကျဖြေပေးပါ။ ရပ်ကွက်က အဲဒီအချိန်မှာ မကူညီကြဘူးလား။

ဖြေ။ ။ သူတို့က တောက်လျှောက်ပစ်နေတာ လူတွေအားလုံးက မီးတွေမှိတ်ပြီး ငြိမ်နေရတယ်။ သူတို့က ဆဲဆိုပြီး ထွက်လာရင် ပစ်သတ်မယ်။ ခေါင်းကို ပစ်မယ်ဆိုတာကလည်း တစ်ချိန်လုံး အော်ဆဲနေတာ။ အချိန်က ၁၀ နာရီလောက်ရှိပြီထင်တယ်။

ရပ်ကွက်ထဲက ကူညီဖို့ နေနေသာသာ သူတို့က အရမ်းပစ်ခတ်ပြီး ဆဲဆိုနေတာ အားလုံးက အမှောင်ထဲကပဲ တောက်ခေါက်နေရတယ်။ နောက်ပြီး သူတို့ အင်အား အရမ်းများတယ်။ အားလုံးက လက်နက်ကိုယ်စီနဲ့ပဲ။ စစ်သားတွေချည်းပဲလာကြတာ။ မီးရှို့တဲ့နေရာက မင်းတဲအီကင်း တံတားဦးဘုန်းကြီး ကျောင်း ရှေ့မှာပါ။

မေး။ ။ ဦးအေးကိုအကြောင်း သိသလောက် ပြောပြပါဦး။

ဖြေ။ ။ သူက အသက် ၄၀ ဝန်းကျင်ပါ။ သားသမီး ၄ ဦးရှိပါတယ်။ သူက ထိုးမုန့်လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့သူပါ။ ရပ်ရွာ လုံခြုံရေးအတွက် ကင်းစောင့်နေသူပါ။ ကင်းစောင့်နေသူကို သေနတ်နဲ့ပစ်ပြီး မသေမရှင် အရှင်လတ်လတ် မီးရှို့ သတ်တာ။

Khit Thit မူရင်းပို့စ်