သူနာပြုကျောင်းသူ မသင်ဇာဟိန်း – စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ကျဆုံးသွားသော နွေဦးတော်လှန်ရေးသူရဲကောင်း

March 28th, 2021  •  Author:   Thinzar Hein (Monywa)  •  1 minute read
Featured image

Credit to original owner.

အကောင်းအတိုင်း ပြန်လာမယ်လို့
အာမမခံနိုင်တဲ့ ခရီးကိုသွားရတဲ့ အခါ
နှောင်ကြိုး တွေက ခွင့်လွှတ်ပေးပါ
မသဉ္ဇာဟိန်း
သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရတနာပုံရပ်ကွက်အတွင်းမှာ မတ်လ ၂၈ ရက်က အကြမ်းဖက် ပစ်ခတ်ခံရမှုကြောင့် မုံရွာသူနာပြုတက္ကသိုလ်က ဒုတိယနှစ်ကျောင်းသူ မသဉ္ဇာဟိန်း ကျဆုံးခဲ့ပါတယ်။ မသဉ္ဇာဟိန်းဟာ ကနီမြို့ဇာတိဖြစ်ပြီး အာဏာရှင်ပြုတ်ကျရေးအတွက် မုံရွာမြို့မှာ တက္ကသိုလ်တက်ရင်း တိုက်ပွဲ၀င်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

အခု ရုပ်သံ မှတ်တမ်းဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က မုံရွာမြို့ နာရီစင်ထိုင်သပိတ်မှာ မသဉ္ဇာဟိန်း ပြောကြားခဲ့တဲ့ Video File ဖြစ်ပါတယ်။

Dawei Watch မှတဆင့် ပြန်ယူကူးတင်ပါသည်

မသဉ္ဇာဟိန်းအကြောင်းကို Fallen Heroes of Myanmar ရဲ့ facebook စာမျက်နှာတွင် အောက်ပါအတိုင်း ရေးတင်ထားပါသည်။

ဓူဝံကြယ်ပြီးရင် ဒုတိယ အလင်းလက်ဆုံး ကြယ်ကို “မုံရွာလူငယ်” လို့ရေးလိုက်လို့ ပြောခဲ့တဲ့ မုံရွာက ကြယ်လေးတစ်ပွင့်ကြွေခဲ့ပြီ

မုံရွာမြို့ သူနာပြုတက္ကသိုလ် တက်ရောက်နေသူ အသက် ၂၀ အရွယ် မသဉ္ဇာဟိန်း ဟာ ဆေးအကူအနေနဲ့ ပါဝင်နေရင်း အကြမ်းဖက်အဖွဲ့ ရဲ့ ပစ်ခတ်မှုကြောင့် ဒီနေ့ကျဆုံးခဲ့ရပါတယ်။

မသဉ္ဇာဟိန်း ဟာ အာဏာရှင်စနစ်ကို လုံးဝအလိုမရှိတာကြောင့် နယ်ဘက်ကနေတက်လာ မုံရွာမှာ အဆောင်ငှားပြီး တော်လှန်ရေးတိုက်ပွဲမှာ တစိုက်မတ်မတ် နေ့စဉ်တစ်ရက်မပြတ် သပိတ်တွေဆင်နွှဲပြီး ပါဝင်ခဲ့တာပါ။ ကိုယ်တတ်တဲ့ ဆေးပညာနဲ့လည်း ထိခိုက်ဒဏ်ရာရတဲ့ သူတွေကိုလည်း အကူအညီပေးခဲ့ပါသေးတယ်။

အိမ်ကိုတော့ ဘာပြောခဲ့လဲဆိုတော့ အောင်ပွဲရမှပဲပြန်လာခဲ့မယ်တဲ့။ နောက်ဆုံး တောခိုပြီး တိုက်ပွဲဝင်ဖို့အထိတောင် စဉ်းစားထားခဲ့ပြီးသားပါ။ ပုပုသေးသေးလေး ရဲရဲဝံ့ဝံ့ရှိခဲ့တဲ့ အပြင် တော်လှန်ရေးနဲ့ပတ်သက်တဲ့ မိန့်ခွန်းတွေလည်း ဟောပြောခဲ့ပါသေးတယ်။ သူ့ရဲ့မိန့်ခွန်းကြောင့် လူသိပိုများခဲ့ရပြီး အများကအားကျ၊ နောက်အနာဂတ်မှာ အားကိုးလို့ရမယ့် သူတစ်ဦးဆိုပြီး အသိအမှတ်ပြုခဲ့ကြပါသေးတယ်။

သူမ ရဲ့ social စာမျက်နှာမှာတော့ “ခင်ဗျားတို့မှာ အမာရွတ်တွေ မရှိသရွေ့ ဒဏ်ရာတွေနဲ့လူတွေကို နားလည်ပေးနိုင်အုံးမှာမဟုတ်ဘူး” လို့တင်ထားပါတယ်။

သူပြန်မလာနိုင်တော့တာကို ကျွန်တော် ကျွန်မတို့အားလုံးခွင့်လွှတ် မပေးစရာ အကြောင်းမရှိပေမယ့် အခုလိုမျိုး စိတ်အားထက်သန်၊ တော်လှန်ရေးစိတ်ပြင်းထန် ပြီး ပညာတော် သူရဲကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရပါပြီ။ ဒီမိုကရေစီ တန်ဖိုးတစ်ရက်ထက်တစ်ရက်ပိုကြီးလာပါပြီ။ ဒီတိုက်ပွဲကို နိုင်အောင်တိုက်နိုင်မှ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေအပေါ်တာဝန်ကျေရာ ကျမှာပါ။

အရေးတော်ပုံအောင်ရမည်။

Fallen Heroes of Myanmar မှတင်ထားသော မူရင်း post ကိုကြည့်ရန်။