20 February 2021
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်
ယနေ့သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွား ချင်းအမျိုးသားများ တန်ဖိုးထား အလေးအမြတ်ပြုသည့် (၇၃) နှစ်မြောက် ချင်းအမျိုးသားနေ့ဖြစ်ပေသည်။ ချင်းလူမျိုးများအတွက် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ မြေရှင်ပဒေသရာဇ်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီပြည်သူ့အုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေးနှင့် ဖက်ဒရယ်စနစ်ဖြင့် အခြားသောတိုင်းရင်းသားများနှင့်အတူ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းအတူတကွ ပူးပေါင်းရပ်တည်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသည့်ဖြစ်ရပ်နှင့် နေ့ရက်များကို အစွဲပြုကာ ချင်းအမျိုးသားနေ့အဖြစ် ဂုဏ်ယူစွာသတ်မှတ်ကျင်းပကြခြင်းဖြစ်ကြောင်းသိရှိရသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် တပ်မတော်ခေါင်းဆောင်များက အာဏာသိမ်းယူမှုကြောင့် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီစနစ်အတွက် ကြီးစွာသောအန္တရာယ်ကျရောက်နေရပြီး၊ ချင်းလူမျိုးများအပါအဝင် မြန်မာ နိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားပြည်သူများက စစ်အာဏာသိမ်းမှုကို လုံး၀ဆန့်ကျင်လျက်၊ နေ့စဉ်ရက်ဆက် အကြမ်းမဖက်သောနည်းလမ်းမျိုးစုံဖြင့်တွန်းလှန်ဆန့်ကျင်နေကြလျှက်ရှိပေသည်။
ထို့အပြင် နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့်ခေါင်းဆောင်များ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ်၊ ဒုတိယ အကြိမ်ချင်းပြည်နယ်လွှတ်တော်ဥက္ကဌဦးဇိုဘွဲနှင့် ဒု-ဥက္ကဌဦးတိတ်ထန်း၊ ဝန်ကြီးဦးစိုးထက်၊ ဝန်ကြီးဦးဖွေအား၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးများနှင့် စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေးလှုပ်ရှားမှုများတွင်ပါဝင်ကြသူ ချင်းတိုင်းရင်းသားအစိုးရဝန်ထမ်းများအပါအဝင် အရပ်သားပြည်သူများသည်နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးထိန်း သိမ်းဖိနှိပ်မှုများကြုံတွေ့နေရဆဲဖြစ်သည်။
Civil Disobedience Movement တွင်ပါဝင်ကြသည့် ချင်းတိုင်းရင်းသားအစိုးရဝန်ထမ်းများ၊ စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေးလှုပ်ရှားမှုများတွင် သတ္တိရှိရှိခိုင်မာပြတ်သားစွာဦးဆောင်ပေးကြသော ချင်းတိုင်းရင်းသားလူငယ်ခေါင်းဆောင်များနှင့် နည်းမျိုးစုံဖြင့်ပူးပေါင်းပါဝင်ကြသည့် ချင်းအမျိုးသား၊ အမျိုးသမီး များနှင့် ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူများအား လှိုက်လှဲစွာ ကျေးဇူးတင်ဂုဏ်ယူကြောင်းဖော်ပြလိုသည်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံညွန်းနှင့်တန်ဖိုးများကိုအခြေခံပြီး ဖက်ဒရယ်စနစ်ကို ပီပြင်စွာဖော်ဆောင်နိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်ထောင်စုဖွားချင်းတိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စုအတွင်းရှိအခြားသောတိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်လက်တွဲပူးပေါင်းကာ စည်းလုံးညီညွတ်စွာဆက်လက် ကြိုးစားအားထုတ်ကြပါစို့ဟု အလေး အနက် တိုက်တွန်းရင်း သဝဏ်လွှာပါးအပ်ပါသည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.