မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ပြည်သူလူထုနှင့်ပူးပေါင်းရန် တောင်းဆို

February 18th, 2021  •  Author:   Myanmar Times  •  1 minute read

By တီအမ်ဇက်/Myanmar Times

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းမှုများအား ကန့်ကွက်ရှုတ်ချပြီး ပြည်သူလူထုနှင့် ပူးပေါင်းရန် ြ မန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (အလုပ်အဖွဲ့) က ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် တပ်မတော်အာဏာသိမ်းမှု အပါအဝင် ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖြိုခွင်းမှုများအပေါ် တစ်စုံတစ်ရာ ဟန့်တား မှတ်ချက်ပြုခြင်းများ မရှိသေးသဖြင့် ပြည်သူလူထုနှင့်အတူ တစ်သားတည်း ရပ်တည်ရန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ပြန်လည်ခန့်အပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့မှုအပေါ်ကိုလည်း လက်မခံပဲ ရှုတ်ချကြောင်းကြေညာချက် ထုတ်ပြန်ရန်လည်း တိုက်တွန်းခဲ့သည်။

လတ်တလော ဆန္ဒပြမှုဖြစ်စဉ်များတွင် မြို့ကြီးတော်တော်များများတွင် ရိုက်နှက် အကြမ်းဖက်ဖြိုခွင်းမှုများလည်းရှိနေပြီး ဖေဖော်ဝါရီ ၉ ရက်နေ့တွင် နေပြည်တော်၌ ရဲများ၏ အကြမ်းဖက် ဖြိုခွဲမှုအတွင်း ကျောင်းသူတစ်ဦး၏ ဦးခေါင်းတွင် သေနတ်ကျည်ထိမှန်သဖြင့် ဦးနှောက်သေဆုံးကာ ကွယ်လွန်သွားခဲ့ပြီး အများအပြားလည်း ဒဏ်ရာရရှိခဲ့သည်။

သို့သော် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည့် လူ့အခွင့်အရေးကော်မရှင်အနေဖြင့် လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ရှိမရှိစစ်ဆေးမှု အခြေအနေများအပါအဝင် လူ့အခွင့်အရေးအသိပညာပေးမှုများကို ပုံမှန်ဖော်ပြလျက်ရှိခဲ့ရာက ဖေဖော်ဝါရီ ၂ ရက်နေ့ကစတင်ကာ ဖော်ပြခြင်းမရှိတော့ပေ။


မူရင်း original ပို့စ်