Statement 642 Views

CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရေး မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားညီအကိုမောင်နှမများအားလုံးနှင့် မိဘပြည်သူလူထုတစ်ရပ်လုံးသို့ မေတ္တာရပ်ခံပန်ကြားချက်

February 15th, 2021  •  Author:   Confederation of Trade Unions Myanmar  •  1 minute read
Featured image

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့။

ကျွန်တော်၊ ကျွန်မတို့သည် မြန်မာ့မီးရထားရှိ မီးရထားစက်ခေါင်းမောင်း နှင့် မြန်မာ့မီးရထား ၀န်ထမ်းများ ဖြစ်ကြပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်အာဏာရှင်လူတစ်စုအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်မပြုဘဲ လက်နက်အားကိုးဖြင့် ပြည်သူ့အာဏာကို မတရား သဖြင့် သိမ်းယူလိုက်ပါသည်။ မိမိတို့ မီးရထားစက်ခေါင်းမောင်းဝန်ထမ်များ၊ မီးရထားဝန်ထမ်းများအနေဖြင့် စစ်အာဏာရှင်အုပ်စုမှ မတရားသဖြင့် ပြည်သူ့အာဏာသိမ်းယူမှုကို မိဘပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ ကန့်ကွက်ရှုတ်ချပါသည်။

စစ်အာဏာရှင် လူတစ်စုလက်အောက်တွင် မိမိတို့၏ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတာဝန်များကို လုပ်ဆောင်ပေးလိုခြင်း လုံးဝမရှိပါ။ ထို့ကြောင့် Civil Disobedience Movement (CDM) ဟု ခေါ်ဆိုသော ပြည်သူလူထုမှ အမိန့်အာဏာဖီဆန်ခြင်း လှုပ်ရှားမှု(လုပ်ငန်းရပ်ဆိုင်း သပိတ်မှောက်ခြင်း)ကို မြန်မာ့ မီးရထားစက်ခေါင်းမောင်း ၀န်ထမ်းများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။ မြန်မာ့မီးရထား လုပ်ငန်းတစ်ခုလုံးရှိ ၀န်ဆောင်မှုအားလုံး ရပ်တန့်သွားစေပြီး စစ်အုပ်စုကို အကျိုးမပြုရန် အတွက်ဖြစ် ပါသည်။ ယခုလည်း ရပ်တန့်နေပြီဖြစ်ပါသည်။ ဆက်လက်ရပ်တန့်နေရန်လိုအပ်ပါသည်။

CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသူ မြန်မာ့မီးရထား စက်ခေါင်းမောင်း ၀န်ထမ်းများကို စစ်အုပ်စုနှင့် အပေါင်းအပါ ရဲအုပ်စုတို့မှ ၀န်ထမ်းအိမ်ယာများသို့ ၀င်ရောက်၍ လည်းကောင်း၊ ရုံးများသို့ လည်းကောင်းလာရောက်၍ ဖိအားပေး ဆောင်ရွက်လျှက်ရှိပါသည်။ မြန်မာ့မီးရထားဝန်ဆောင်မှုကို ပြန် လည် လုပ်ဆောင်ရန် မီးရထားစက်ခေါင်းမောင်းများနှင့် စက်မှုဌာနမှ ၀န်ထမ်းများ၊ ဦးဆောင်သူများကို နည်းလမ်းအမျိုးမျိုးဖြင့် ဖိအားပေးဆောင်ရွက်လျှက်ရှိပါသည်။

သို့သော် မိမိတို့ မြန်မာ့မီးရထားစက်ခေါင်းမောင်းများ နှင့် ၀န်ထမ်းများအနေဖြင့် စစ်အာဏာရှင် စနစ် ပြုတ်ကျသွားသည်အထိ CDM လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ပါမည်။

သို့ဖြစ်ပါ၍ မိမိတို့ မြန်မာ့မီးရထား စက်ခေါင်းမောင်းများ၏ CDM လှုပ်ရှားမှုတွင် မြန်မာ့မီးရထား ၀န်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်၊ ပြည်သူလူထုတစ်ရပ်လုံးမှလည်း မိမိတို့အား ထောက်ခံပေးရန်၊ မိမိတို့ မြန်မာ့မီးရထားဝန်ထမ်းများနည်းတူ အခြားသောနိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂိလိက ၀န်ထမ်းများအနေဖြင့်လည်း CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းကြောင်းကို ထုတ်ပြန်ကြေညာလိုက်ရပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၉-၉၇၉၇၄၈၅၄၅။