မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများမှ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပေးပို့သော အိတ်ဖွင့်ပေးစာ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့
လေးစားရပါသော လုံခြုံရေးကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များ ရှင့်/ခင်ဗျား
မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းရန်နှင့် ပါဝင်ပတ်သက်သူများအားလုံးအကြား ကြားဝင်ညှိုနှိုင်းဖြန့်ဖြေပေးရန် နှင့် အလျင်အမြန်ပြောင်းလဲနေသော မြေပြင်အခြေအနေတွင် ပြည်သူလူထုအား ကာကွယ်ပေးရန်အတွက် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခြင်းအပါအဝင် အရေးပေါ်စောင့်ကြည့်လေ့လာမှုနှင့် ဝင်ရောက်စွက်ဖက်မှုများ လုပ်ဆောင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား အောက်တွင်လက်မှတ်ရေးထိုးထားသော မိမိတို့ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း (၁၇၇) ဖွဲ့မှ တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းအပေါ် စိုးရိမ်မှုရှိခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လွတ်ပေးရေး တောင်းဆိုချက်ပါဝင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကြေညာချက်ကို မိမိတို့မှ ကြိုဆိုပြီး မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအတွက် အထောက်အကူဖြစ်စေရန် နှင့် ဒေသတွင်းတည်ငြိမ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို အာမခံချက်ရှိစေရန်အတွက် ခိုင်မာသောလုပ်ဆောင်မှုများ ဆက်လက်လုပ်ဆောင်သွားရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုလိုက်သည်။
ယခုစစ်တပ်အာဏာသိမ်းမှုကို မြန်မာပြည်သူများမှ ပြတ်ပြတ်သားသား ကန့်ကွက်ဆန့်ကျင်က်ဆန္ဒပြနေကြသည်။ မြန်မာစစ်တပ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပါသည့် နိုင်ငံရေးဩဇာအာဏာကို တစ်စုံတစ်ရာ အတိုင်းအတာအထိ ထိန်းချုပ်ရရှိထားပြီးဖြစ်သော်လည်း ယခုအခါ အာဏာရပ်အလုံးစုံကို ထိန်းချုပ်ထားလိုက်ပြီ ဖြစ်သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် လမ်းပေါ်ရှိ သန်းပေါင်းများစွာသော ပြည်သူများသည် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြင့် အထွေထွေသပိတ်ကြီးကို ဆင်နွှဲလျက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ လူပေါင်း (၂၂၀) ဦး ထိန်းသိမ်းခံထားရပြီဖြစ်သော်လည်း အလုပ်သမားများ၊ ကျောင်းသူကျောင်းသားများ၊ လူငယ်အုပ်စုများ၊ LGBTIQ အသိုင်းအဝိုင်းများ၊ ဘာသာရေးနှင့် တိုင်းရင်းသား လူနည်းစုများ၊ နှင့် ကျန်းမာရေးလုပ်သားများ၊ ကျောင်းဆရာဆရာမများ၊ လေဆိပ်ဝန်ထမ်းများ၊ အကောက်ခွန်နှင့် ရဲအရာရှိများအပါအဝင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဌမှ ဝန်းထမ်းအများအပြားနှင့်အတူ အလွှာပေါင်းစုံမှ ပြည်သူလူထုများက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများတွင် ရဲရင့်စွာ ပူးပေါင်းပါဝင်နေကြသည်။ ယခုကဲ့သို့ နိုင်ငံအနှံ့ ငြိမ်းချမ်းသောလူထုလှုပ်ရှားမှုသည် အတိတ်ကာလ စစ်အုပ်ချုပ်ရေးစနစ်အောက်သို့ ပြန်မသွားလိုသည့် ပြည်သူများ၏ ပြင်းထန်သော ရပ်တည်ချက်ကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။
ပြည်သူလူထုသည် ၎င်းတို့၏ ငြိမ်းချမ်းစွာစုဝေးခွင့် အခွင့်အရေးကို ကျင့်သုံးနေသော်လည်း အကြမ်းဖက်မှု၊ နှောင့်ယှက်စော်ကားမှု၊ အကြမ်းဖက်ဖမ်းဆီးမှု နှင့် ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေရပြီး စိုးရိမ်ဖွယ် မြင့်မားလာသော အခြေအနေတွင် ရှိနေခြင်းကြောင့် မိမိတို့အနေဖြင့် အလွန်ပင် စိုးရိမ်ပူပန်မိပါသည်။ နေပြည်တော်တွင် အမျိုးသမီးငယ်တစ်ဦးဖြစ်သော မြသွဲ့သွဲ့ခိုင်အား ချိန်ရွယ်၍ ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းထိမှန်ခဲ့သည်။ ၎င်းသည် ယခုအချိန်တွင် အလွန်စိုးရိမ်ရသော အခြေအနေတွင် ရှိနေပြီး အသက်ကယ်အထောက်အကူဖြင့် အထူးကြပ်မတ်ကုသမှုကို ခံနေရသည်။ ရာဘာကျည်ဆံများဖြင့် အနီးကပ်ပစ်ခတ်ခြင်း၊ ရေအမြောက်များဖြင့်လည်း အနီးကပ်ထိုးပက်မှုများ လုပ်ဆောင်ခြင်းကြောင့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေသည်။
နောက်ထပ်စိုးရိမ်ဖွယ်ကောင်းသည်မှာ စစ်တပ်ထောက်ခံသော တန်ပြန်ဆန္ဒပြသူများနှင့် ငွေပေးငှားရမ်းထားသော ကြေးစားလူမိုက်ဂိုဏ်းများသည်လည်း အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်နေကြသည်။ နိုင်ငံအနှံ့ရှိ အနည်းဆုံး မြို့နယ် ၈၉ မြို့နယ်တွင် ညမထွက်ရအမိန့်ကို ကြေညာထားပြီး လူငါးဦးထက် ပိုပြီး မစုရန်လည်း ကန့်သတ်ထားသည်။ ထို့အပြင် တရားမဝင်အာဏာသိမ်းထားသော စစ်တပ်အား အကြောင်းအရာအချက်အလက်များ ပိတ်ပင်နိုင်ရန်နှင့် သတင်းအချက်အလက်များ ကြားဖြတ်ရယူမှုကို ခွင့်ပြုထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်တပ်က အဆိုပြုထားပြီး ယင်းက အင်တာနက် ဝန်ဆောင်မှုပေးသော ကုမ္ပဏီများအပေါ် ကန့်သတ်မှုအသစ်များ ချမှတ်ရန်လည်း ခွင့်ပြုထားသည်။ ၎င်းဥပဒေသစ်အောက်တွင် အရေးယူခံရသူများသည် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ အမေရိကန် ဒေါ်လာ ၇,၅၀၀ နှင့် ညီမျှသောငွေဒဏ် သိန်းတစ်ရာဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်မည် ဖြစ်သည်။
ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်နှင့် မြန်မာစစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုနှင့် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့ခံစားခဲ့ကြရသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူများသည်လည်း မြို့များ၊ ရွာများ နှင့် မြန်မာစစ်တပ်၏ တပ်စခန်းရှေ့များတွင် မကြောက်မရွံ့ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး အခြေခံကျသော နိုင်ငံရေးပြောင်းလဲမှုများကို တောင်းဆိုကြသည်။ ယခု စစ်တပ်အာဏာသိမ်းမှုကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် နောက်ထပ်ကန့်သတ်မှုများ ပိုမိုဖြစ်လာနိုင်ခြေ ရှိသည့်အတွက် ပဋိပက္ခသက်ရောက်မှုဒဏ်ခံရသည့် နေရပ်စွန့်ခွာထွက်ပြေး တိမ်ရှောင်ရသူ တိုင်းရင်းသားပြည်သူများအတွက် ယင်းတောင်းဆိုမှုများသည် အလွန်ပင် အရေးကြီးပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအားလုံး အတူတကွစုစည်းပြီး စစ်တပ်မှ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲပစ်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီကို တည်ထောင်ရန် ယခုကဲ့သို့သော ရှားပါးတောင်းဆိုချက်သည် မြန်မာနိုင်ငံ၏ အနာဂါတ်အတွက် ကြီးမားသော မျှော်လင့်ချက်ကို ဖြစ်ပေါ်စေသည်။
သို့ရာတွင် ငြိမ်းချမ်းစွာဖြင့် လုပ်ဆောင်နေလျက်ရှိသော လူထုဆန္ဒပြပွဲများကို မြန်မာစစ်တပ်မှ အကြမ်းဖက်ဖြိုခွဲခြင်းဖြင့် အမြဲတစေ ဖြေရှင်းခဲ့သည်။ စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သော ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နှင့် စစ်တပ်ခေါင်းဆောင်များသည် ရိုဟင်ဂျာများနှင့် အခြားသော တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်နေခဲ့သည့် ဆိုးရွားလှသော နိုင်ငံတကာရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း လုံးဝမရှိဘဲ ကျူးလွန်ခဲ့သော သူများလည်းဖြစ်သည်။ ၎င်းစစ်ခေါင်းဆောင်များသည် မြန်မာပြည်သူများ၏ အခြေခံကျသော အခွင့်အရေးများကို ဆက်လက်ချိုးဖောက်နေပြီး ပြည်သူလူထုအပေါ် နောက်ထပ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းကို လုံခြုံရေးကောင်စီအနေဖြင့် လက်ပိုက်ကြည့် မနေသင့်ပေ။ ယခုလက်ရှိအခြေအနေသည် ရှေ့မတိုး နောက်မဆုတ်နိုင်သည့်အခြေအနေဖြစ်နေပြီး လူထုလှုပ်ရှားမှုများကို မြန်မာစစ်တပ်မှ ဥပဒေနှင့်မညီဘဲ အလွန်အကျွံအင်အားသုံး အကြမ်းဖက်ဖြိုခွဲမှုဖြင့် အဆုံးသတ်မည်ကို မိမိတို့မှ စိုးရိမ်ပူပန်သည်။ တစ်ချိန်တည်းတွင် မိမိတို့၏သမိုင်းကို အလှည့်အပြောင်းဖြစ်စေမည့် အခြေခံကျသော ဆုံမှတ်တစ်ခုတွင် ပြည်သူများအနေဖြင့် လက်လျှော့အရှုံးပေးရန် အဆင်သင့်မဖြစ်ကြချေ။ ထို့ကြောင့် လုံခြုံရေးကောင်စီ၏ ပြတ်သားသော အရေးပေါ်လုပ်ဆောင်မှု ဆုံးဖြတ်ချက်သည် မြန်မာပြည်သူများအတွက်သာမက ဒေသတွင်း တည်ငြိမ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်း အလွန်ပင်အရေးကြီးပါသည်။
မိမိတို့မှ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အောက်ပါအချက်များ လုပ်ဆောင်ပေးရန် အရေးတကြီး တောင်းဆိုလိုက်သည်။
- မြန်မာနိုင်ငံမြေပြင်ရှိ မြန်ဆန်စွာဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေများကို စောင့်ကြည့်လေ့လာရန်နှင့် သက်ဆိုင်သူအားလုံးအကြား စေ့စပ်ညှိုနှိုင်းမှု ဆောင်ရွက်နိုင်ရန်အတွက် အားကောင်းသော စောင့်ကြည့် လေ့လာမှုနှင့် ကြားဝင်ဖြန့်ဖြေရေး ကိုယ်စားလှယ်အဖွဲ့ အရေးတကြီး စေလွှတ်ရန်၊
- လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် COVID ကယ်ဆယ်ရေး အစီအစဉ်များသည် ပဋိပက္ခသက်ရောက်မှုဒဏ် ခံရသည့် ထိခိုက်အလွယ်ဆုံးသော၊ ဘေးဖယ်ကျဥ်ခံထားရသော လူထုအသိုင်းအဝိုင်းများအတွက် ရည်ရွယ်ထားသည့်အတိုင်း အကျိုးရှိစွာ အသုံးပြုခြင်း ရှိ၊ မရှိ သေချာစေရေး စောင့်ကြည့်လေ့လာရန်၊
- ဖက်ဒရယ်ဒီမိုကရက်စီ ပြည်ထောင်စု ထူထောင်ခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ လူမျိုးစု တန်းတူရေးနှင့် ပြည်သူအားလုံး၏ အခွင့်အရေးများ ကာကွယ်ပေးခြင်း၊ နှင့် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုများ အကောင်အထည်ဖော်နိုင်ရန်အတွက် လမ်းပြမြေပုံ ဖော်ဆောင်နိုင်ရေး မြန်မာနိုင်ငံအား ကူညီပံ့ပိုးပေးရန်။
ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်အာဏာရှင်မှ အောက်ပါအချက်များ လုပ်ဆောင်ရေး တိုက်တွန်းရန် မိမိတို့မှ တောင်းဆိုလိုက်သည်။
- မတရား ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်၊
- အကြမ်းဖက်မှုများ၊ ဥပဒေနှင့်မညီသော ရေအမြောက်များ၊ ဆန္ဒပြသူများအား ကျည်အစစ်များ အသုံးပြု၍ ပစ်ခတ်ခြင်းမှ ချက်ချင်း ရှောင်ကျဉ်ရန်၊ နှင့် ဥပဒေမဲ့ဖမ်းဆီးခြင်းနှင့် အဓမ္မပျောက်ဆုံးစေမှု လုပ်ရပ်များအားလုံး ရပ်တန့်ရန်၊
- အများပြည်သူနှင့် ဆန္ဒပြသူများမှ အင်တာနက်ကို အကန့်အသတ်မရှိ အသုံးပြုနိုင်ခွင့် အာမခံရန်နှင့် လူမှုမီဒီယာပလက်ဖောင်းများ၊ VPN နှင့် မီဒီယာဆိုက်များ အသုံးပြုခြင်းအပေါ် ကန့်သတ်မှုအားလုံးကို ရုပ်သိမ်းပေးရန်နှင့် အနာဂတ်တွင် အင်တာနက်အသုံးပြုမှုအပေါ် နောက်ထပ်သော ကန့်သတ်ချုပ်ချယ်မှုများ ပြုလုပ်ခြင်းမှ ရှောင်ရှားရန်အပါအဝင် ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ကို လေးစားလိုက်နာရန်၊
- တိုင်းရင်းသားနှင့် အပစ်ခတ်ရပ်စဲထားသောဒေသများတွင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာဥပဒေ ချိုးဖောက်မှုများအားလုံး ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ကန့်သတ်တားမြစ်မှုအားလုံးကို ဖယ်ရှားခြင်းနှင့် တိုင်းရင်းသားဒေသများသို့ အကူအညီပေးပို့မှုများတွင် ဝင်ရောက်စွက်ဖက်မှု မရှိစေရေး အာမခံခြင်းများအပါအဝင် အရပ်သားပြည်သူအားလုံးအား ကာကွယ်စောင့်ရှောက်မှု သေချာစွာလုပ်ဆောင်ရေး အာမခံရန်၊
- တိုင်းရင်းသားဒေသများတွင် လက်ရှိလုပ်ဆောင်နေသော စစ်ရေးထိုးစစ်ဆင်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရန်။
မိမိတို့၏ တောင်းဆိုချက်များကို အတတ်နိုင်ဆုံး ထည့်သွင်းစဥ်းစားပေးလိမ့်မည်ဟု မျှော်လင့်ပါသည်။
လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ
- Action Committee for Democracy Development
- Ahlin Tagar Rural Development Organization
- All Arakan Students’ and Youths’ Congress
- Arakan CSO Network
- Area Peace and Development Forward
- Arr Marn Thit Social Development Organization
- Assistance Association for Political Prisoners
- Association of Human Rights Defenders and Promoters
- AYY Farmers Union
- Ayyar Pyo May Women Development Organization
- Backpack Health Workers Team
- Banmaw Youth Network
- Bee House
- Burma Human Rights Network
- Burma Medical Association
- Candle Light Youth Group
- Child Prevention Network
- Chin Agency
- Chin Human Rights Organization
- Chin MATA Working Group
- Chin Resources Center
- Chin Women Development Organization
- Civil Health and Development Network
- Community Association Development
- Community Response Group (COMREG)
- Dawei Development Association
- Dawn Peace Foundation
- Democracy for Ethnic Minorities Organization
- Democracy, Peace and Women Organization
- Doe Myae Civil Social Development Organization
- Equality Myanmar
- European Karen Network
- Farmer Agricultural Network
- Farmers and Land Rights Action Group
- Farmers Development and Environmental Watch Group
- Free Education Service Organization
- Freedom and Labor Action Group
- Future Light Social Development Organization
- Future Star Youth Organization
- Future Women Association
- Generation Wave
- Golden Future Social Development Organization
- Golden Heart Organization
- Helping Hands (Local Development Organization)
- Hkumzup Development Committee
- Hope for Children Development Organization
- Htoi Gender and Development Foundation
- Htum Thit Sa Rural Development Organization
- Human Rights Foundation of Monland
- IFI Watch Myanmar
- International Karen Organisation
- Justice Movement for Community (Innlay)
- Justice Society
- Kachin National Youth Network
- Kachin Peace Network
- Kachin State Women Network
- Kachin Women’s Association Thailand
- Kachin Women’s Union
- Kachin Youth Network
- Kachin Youth Organization
- Kan Chay Arr Man Fishery Development Organization
- Kanpetlet Land Development Organization
- Karen Community in Norway
- Karen Environmental and Social Action Network
- Karen Grassroot Women Network
- Karen Human Rights Group
- Karen Organization for Relief and Development
- Karen Organization of America
- Karen Peace Support Network
- Karen Refugee Committee
- Karen Rivers Watch
- Karen Student Network Group
- Karen Swedish Community
- Karen Teacher Working Group
- Karen Women’s Organization
- Karen Youth Network
- Karen Youth Rangoon
- Karenni Evergreen
- Karenni Human Rights Group
- Karenni Legal and Human Rights Center
- Karenni Mobile Health Committee
- Karenni National Women’s Organization
- Karenni National Youth Organization
- Karenni Refugee Committee
- Karenni Social Welfare and Development Center
- Kaung Myat Hnalonethar Health Care Organization
- Kaung Rwai Social Justice and Development Organization
- Kayah Baptist Association – Christian Social Service and Development Department (KBA-CSSDD)
- Kayah Earthrights Action Network
- K’Cho Land Development Association
- Keng Tung Youth
- Khumi Affairs Coordination Council
- Kong Jor Shan Refugee Camp
- LAIN Technical Support Group
- Lamyan Farmers Network
- LatButta Farmer Union
- Legal Aid for Human Rights
- Let’s Help Each Other
- Light Social Development Organization
- Lin Lake Kyal Social Development Organization
- Loka Ahlinn (Social Development Organization)
- Magway Region Development and Justice Organization (MRDJO)
- Maramagri Youth Network
- Matu Women Organization
- Muditar Organization
- Mung Chying Rawt Jat
- Myanmar Muslim Youth Association (Kachin State)
- Myanmar People Alliance (Shan State)
- National Network for Education Reform
- NeT Organization
- Northern Shan State Women Peace and Security Network
- Northern Spectrum Youth Association
- Olive Organization
- Open Development Foundation
- Pan Thi Kyo LGBT Organization
- Pa-O Women’s Union
- Pa-O Youth Organization
- Paung Ku
- Paungsee Arr Institute
- Paungsee Myittar Organization
- Peace World Gender Organization
- Phyu Sin Myittar Social Development Organization
- Pone Yate Sit Regional Development Organization
- Progressive Voice
- Rule of Law Watch Group
- Rural Social Development Organization
- Salween Peace Park
- Sarnar Kyi Phyu Social Development Organization
- SarPhyu Farmer Network
- Saytana Shaesaung Youth Organization
- Shan MATA
- Shan State-Kachin National Network
- Shan Women Development Network
- Shwe Nathar Farmar Development Organization
- Shwechinthae Social Service Group (ShweBo)
- Social Care Volunteer Group
- Southern Youth Development Organization
- Summer Shelter Library
- Swam Su Ti Rural Development Organization
- Synergy – Social Harmony Organization
- Ta’ang Students and Youth Union
- Ta’ang Women’s Organization
- Tai Youth Network
- Taunggyi Youth Center
- Tawwin Thazin Women Group
- The Khumi Institute (TKI)
- The Seagull:Human Rights, Peace & Development
- Thukhuma Khayeethe Team (TKT)
- Thwee Community Development Network
- Transparency Accountability Network Kachin State
- TRIP NET
- Waingmaw CSO Network
- Waingmaw Women CBO
- Women’s Peace Network
- Worker Development Organization
- Yai Ywal Yar Youth Development Organization
- Yatanar Youngyi Social Development Organization
- Young Ni Oo Women Social Development Organization
- YOUNITY
- Zinlum Committee (Tanphaye)
- ခြေလှမ်းသစ်လူမှုဖွံ့ဖြိုးရေး
- ညီမော်ဒူ
- တို့တောင်သူလယ်သမားအသင်း
- ပညာပါရမီစာကြည့်တိုက်
- ဒို့မြေကွန်ရက်
- ပွင့်ဖြူလယ်မြေကွန်ရက်
- မကွေးတိုင်းဒေသကြီးလူငယ်ကွန်ရက်အဖွဲ့ပညာပါရမီ ကုသိုလ်ပြုအဖွဲ့
- မကွေးဒေသဖွံ့ဖြိုးတိုးတက်ရေးစင်တာ
- မဇ္ဇျိမနှလုံးသားလူငယ်အဖွဲ့
- မြေလတ်မျိုးဆက်အင်စတီကျု
- မိတ္ထီလာခရိုင် အလင်းတန်းအဖွဲ့
- ရွှေခြင်္သေ့တောင်သူကွန်ရက်
- ရွှေခြင်္သေ့တောင်သူကွန်ရက်(ရွှေဘိုခရိုင်)
- ရွှေတြိဂံတောင်သူလယ်သမားအဖွဲ့
- ရွှေတောင်တိုက်နယ်တောင်သူ့အားမာန် ဝမ်းတွင်းမြို့နယ်အဖွဲ့
- ဝိုင်းမော်မြို့နယ်လုံးဆိုင်ရာ သျှမ်းလူငယ်များစည်းလုံးညီညွတ်ရေးအဖွဲ့
- ပန်းပျိုးလက် ဗန်းမော်လူမှုရေးအဖွဲ့
အိတ်ဖွင့်ပေးစာကို PDF ဖိုင်ဖြင့် ရယူရန်