တပ်မတော်နှင့် KNU စစ်ရေးတင်းမာမှုကိုဖြေရှင်းပေးရန် သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အရပ်ဘက်အဖွဲ့များ တောင်းဆို

January 21st, 2021  •  Author:   Myanmar Times  •  1 minute read

တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့အကြား ဖြစ်ပွားနေသော စစ်ရေးတင်းမာမှုများကိုကိုင်တွယ်ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ အရပ်ဘက်လူ့အဖွဲ့အစည်း၁၆၅ ဖွဲ့က ဇန်နဝါရီ ၂ဝ ရက်ကစာပို့တောင်းဆိုခဲ့သည်။

တပ်မတော်နှင့် KNU အကြား၂ဝ၂ဝ ပြည့်နှစ်ကုန်ပိုင်းမှ စတင်ကာဖာပွန်ခရိုင်၊ သထုံခရိုင်နှင့်ညောင်လေးပင်ခရိုင်တို့အတွင်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်လာပြီး စစ်ရေးတင်းမာမှုအရှိန်မြ§င့်လာကာ အရပ်သား ၄ဝဝဝ ကျော်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ယင်းအိတ်ဖွင့်ပေးစာတွင်ဖော်ပြခဲ့သည်။ ထိုအတောအတွင်းအရပ်သားတချို့ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရခြင်း၊ လက်နက်ကြီးကျည်ထိမှန်ခြင်းများကြောင့် သေဆုံးခဲ့ကြသော်လည်း ယင်းဖြစ်စဉ်အပေါ် တပ်မတော်နှင့် KNU တို့က အပြန်အလှန်စွပ်စွဲပြစ်တင်ခဲ့ကြသည်။

အရပ်ဘက်အဖွဲ့အစည်း ၁၆၅ဖွဲ့၏ အိတ်ဖွင့်ပေးစာအရ တပ်မတော်သည် KNU နယ်မြေများဖြစ်သည့်ဖာပွန်ခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့တွင် စစ်အင်အားများ ဆက်တိုက်တိုးချဲ့လုပ်ဆောင်နေခြင်းကြောင့် ဒေသတွင်း တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာမည်ကို အရပ်သားများကစိုးရိမ်နေကြသည်ဟုဆိုသည်။ စစ်ရေးတင်းမာမှုနှင့်ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းများက KNU နယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားသည်ဟုဆိုကာ တပ်မတော်ကိုအပြစ်တင် ဝေဖန်ထားသည်။

” KNU နဲ့တပ်မတော်တို့အကြားပဋိပက္ခဖြစ်ပွားရသည့် အကြောင်းအရင်းခံကိုလေ့လာကြည့်ရာတွင် မြန်မာ့တပ်မတော်ဘက်မှ စီမံကိန်းများအပါအဝင်အကြောင်းအမျိုးမျိုးပြ၍ NCA ကိုချိုးဖောက်သည့် နယ်မြေကျူးကျော်ဝင်ရောက်မှုနှင့် စစ်အင်အားတိုးချဲ့မှုများဆောင်ရွက်လျက်ရှိသောကြောင့် ယခုကဲ့သို့ တင်းမာမှုနှင့်ထိပ်တိုက်ရင်ဆိုင်ရမှုများဖြစ်ပေါ်လာကြောင်း တွေ့ရှိရပါသည်” ဟု အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။

ထို့အတွက်ကြောင့် တပ်မတော်၏စစ်အင်အားတိုးချဲ့မှုများကို ပြန်လည်ရုပ်သိမ်းစေရေးအတွက် လူထုက ရွေးချယ်တင်မြှောက်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုခဲ့သည်။

တောင်းဆိုသည့် အရပ်ဘက်အဖွဲ့အစည်းများတွင် ဒို့မြေကွန်ရက်၊ သင့်မြတ်လိုသူများ ငြိမ်းချမ်းရေး ပရဟိတအဖွဲ့၊ အားသစ်ရောင်ခြည်အဖွဲ့၊ အစ္စလာမ့်တံခွန် လူမှုကူညီရေးအဖွဲ့၊ ကျေးဇူးတော်နှလုံးသားဖောင်ဒေးရှင်း၊ ပန်းတိုင်ရှင် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ လွတ်လပ်သောအရှို့ချင်းအမျိုးသားများအင်အားစု စသည့်ကဏ္ဍအသီးသီးတွင် ပါဝင်လှုပ်ရှားနေသည့်အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။

မူရင်းသတင်းကိုကြည့်ရန်။