Report 1164 Views

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ၊ လစဉ်အစီရင်ခံစာ နှင့်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

November 6th, 2020  •  Author:   Assistance Association for Political Prisoners  •  1 minute read
Featured image

တစ်လအတွင်းသုံးသပ်ချက

အောက်တိုဘာလအတွင်း စုစုပေါင်း (၂၅) ဦး အမှုဖွင့်၊ တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို (၂၅) ဦးအနက်မှ ရခိုင်ပြည်နယ်၊ တောင်ကုတ်၊ စစ်တွေ၊ ကျောက်တော် နှင့် အမ်းမြို့နယ်တို့မှ အရပ်သား (၁၅) ဦး နှင့် ကျေးရွာအုပ်ချုပ်ရေးမှုး (၁)ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)(ည)၊ ၅၂(က)(ဈ) တို့ဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရှေ့နေဟောင်း (၁) ဦးသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့်လည်းကောင်း၊ စစ်တွေမြို့မှ ကျောင်းသား (၄) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် လည်းကောင်း၊ မန္တလေးမြို့မှ ကျောင်းသား (၂) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)(ခ)၊ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် (ငြိမ်း၊စု၊စီ) ဥပဒေ ပုဒ်မ ၁၉ ဖြင့် လည်းကောင်း၊ တပ်မိသားစုဝင် မိန်းကလေး (၁) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ စည်းရုံးရေးမှူး (၁) ဦး သည် ရာဇသတ်ကြီးပုဒ်မ ၁၇၀၊ ၃၅၆ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်၊တရားစွဲဆိုခြင်းကိုခံခဲ့ရသည်။

အောက်တိုဘာလအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ အရပ်သားနှင့် ‌ကျောင်းသားများအပါအဝင် စုစုပေါင်း (၁၄၂) ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို (၁၄၂) ဦးအနက်မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ကျောင်းသား (၄) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်၊ အမ်းနှင့် စစ်တွေ မြို့နယ်များမှ အရပ်သား (၁၂) ဦး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး (၁) ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)(ဈ) တို့ဖြင့် လည်းကောင်း၊ တပ်မိသားစုဝင် မိန်းကလေး (၁) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ စည်းရုံးရေးမှူး (၁) ဦး သည် ရာဇသတ်ကြီးပုဒ်မ ၁၇၀၊ ၃၅၆ ဖြင့် လည်းကောင်း ဖမ်းဆီးခြင်းခံခဲ့ကြရသည်။ ကျန်အစိုးရဝန်ထမ်း (၁) ဦးအပါအဝင် အရပ်သား (၁၂၂) ဦးသည် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်နွယ်မှုသံသယဖြင့် ဖမ်းဆီးခြင်းခံခဲ့ကြရပြီး ၎င်းတို့သည် ရခိုင်ပြည်နယ်၊ စစ်တွေ၊ မင်းပြား၊ တောင်ကုတ်၊ ကျောက်တော်၊ ဘူးသီးတောင်၊ အမ်း၊ မြောက်ဦးမြို့နယ်များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ ဖြစ်ကြသည်။၎င်းအပြင် ရခိုင်အရေးနှင့်ဆက်နွယ်၍ ဆန္ဒထုတ်ဖော်ခဲ့သော ကျောင်းသားများနှင့်ပတ်သက်၍ မန္တ‌လေးတိုင်း ဒေသကြီး၊ မန္တလေးမြို့မှ ဗကသကျောင်းသားဟောင်း (၁) ဦးကို ရဲတပ်ဖွဲ့က  ဖမ်းဆီးခဲ့သည်။ 

အောက်တိုဘာလအတွင်း စုစုပေါင်း (၁၂) ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို (၁၂) ဦးအနက်မှ  တက်ကြွလှုပ်ရှားသူ (၂) ဦး နှင့် ကျောင်းသား (၉) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)(ခ)၊ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် လည်းကောင်း၊ ရဲတပ်သား (၁) ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် လည်းကောင်း ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

အောက်တိုဘာလအတွင်း စုစုပေါင်း (၁၁၁) ဦး လွတ်မြောက်ခဲ့သည်။ ထို(၁၁၁) ဦးအနက်မှ တက်ကြွလှုပ်ရှားသူ (၁) ဦး နှင့် လယ်သမား (၆) ဦးတို့သည် လွတ်ရက်စေ့သဖြင့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး ကျန်ဗကသ ကျောင်းသား (၁) ဦးသည် ရခိုင့်အရေးနှင့်ဆက်နွယ်၍ ဆန္ဒထုတ်ဖော်ခဲ့သော ကျောင်းသားများနှင့်ပတ်သက်၍ မေးမြန်းစစ်ဆေး ခြင်းခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်ကာ ကျန် အရပ်သား (၁၀၃) ဦးသည် ရခိုင်ပြည်နယ်၊ တောင်ကုတ်၊ ကျောက်တော်၊ ဘူးသီးတောင်၊ အမ်း နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှဖြစ်ကာ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်နွယ်မှုသံသယဖြင့် တပ်မတော်၏ဖမ်းဆီးစစ်ဆေးခြင်းကိုခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အောက်တိုဘာလအတွင်း ရက္ခိုင့်တပ်တော်(AA)မှ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း (၃) ဦး နှင့် အရပ်သား (၃) ဦး၊ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ အရပ်သား (၃) ဦး နှင့် ကျောင်းအုပ်ဆရာ (၁) ဦး နှင့် အမည်မသိလက်နက်ကိုင်အဖွဲ့မှ အရပ်သား (၁) ဦးတို့ကို ဖမ်းဆီးခဲ့သည်။

၎င်းပြင် အောက်တိုဘာလအတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ အရပ်သား (၂) ဦး၊ ရက္ခိုင့်တပ်တော်(AA)မှ အရပ်သား (၁) ဦး၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ အရပ်သား (၃) ဦး၊ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ အရပ်သား (၁) ဦးနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့မှ အရပ်သား (၁) ဦးတို့ကို ပြန်လည် လွှတ်ပေးခဲ့သည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အနေဖြင့် ထိုအခွင့်အရေးနယ်ပယ်သည် လွန်စွာထိခိုက်လွယ်သော အခြေအနေကို ကျဆင်းလာခဲ့ပြီဖြစ်သည်။ ထိုအခြင်းအရာသည် အသွင်ကူးပြောင်းရေးကဏ္ဍတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်၍ ထည့်သွင်းလုပ်ဆောင်ပေးခြင်းမရှိသည်ကို ထင်သာစွာ ပြသလျက်ရှိသည်။ အထူးသဖြင့် ကိုဗစ်-၁၉ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားလျက်ရှိစဉ်ကာလအတွင်း အကျဉ်းထောင်များ၌ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကို တိုးမြှင့်လုပ်ဆောင်ရမည့်အစား ဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်လျက်ရှိခြင်းသည် လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မည်မျှအထိ အတိမ်းအစောင်းမခံဘဲ ထိန်းချုပ်ကန့်သတ်ထားသည်ဟု သုံးသပ်ရပါသည်။ အောက်တိုဘာလတစ်လအတွင်းဖြစ်ပွားခဲ့သော အောက်ပါဖြစ်စဉ်များကိုကြည့်ခြင်းအားဖြင့်လည်း တွေ့မြင်နိုင်ပါသည်။

‌အောက်တိုဘာလအတွင်းတွင် ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောင်းသားများသမဂ္ဂ-ကျောက်ဖြူပညာရေးကောလိပ်-တွဲဖက် အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ရခိုင်ကျောင်းသားများသမဂ္ဂ-တက္ကသိုလ်များရန်ကုန် အဖွဲ့ဝင် ကိုကောင်းထွန်းတို့သည် ဖမ်းဆီးခြင်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသည်။ ထို့ပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗကသ) မှ ကိုကျော်သီဟရဲကျော်၊ ကိုးစိုးလှနိုင်တို့သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)(ခ)၊ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ(ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် (၇) နှစ် (၂) လ ပြစ်ဒဏ်ချမှတ် ခြင်းခံခဲ့ရပြီး ရတနာပုံကျောင်းသားများသမဂ္ဂမှ ကိုရဲရင့်အောင်သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ တို့ဖြင့် ထောင်ဒဏ် (၂) နှစ်နှင့် (၂) လ ချမှတ်ခြင်းခံခဲ့ရသည်အပြင် ကျန်ဗကသကျောင်းသား ခြောက်ဦးသည်လည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် (၁) နှစ်၊ အဆိုပါကျောင်းသား ခြောက်ဦးအနက်မှ ငါးဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် (၁) လ ချမှတ်ခြင်းခံခဲ့ရသည်။ 

၎င်းပြင် အလုပ်သမားအရေးလှုပ်ရှားသည့် ပဲခူးမြို့ခံ တက်ကြွလှုပ်ရှားသူ ကိုလေးနိုင်နှင့် ပြည်သူ့ပါတီမှ ရှေ့နေကိုကျော်နိုင်ဝင်း (ခ) စောကျော်နိုင်ဝင်းတို့သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် နှစ် နှစ် ချမှတ်ခြင်းခံခဲ့ရသည်။

လူ့အခွင့်အရေး၏ အခြေခံအုတ်မြစ်ဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုပင်လျှင် အခြေခံခိုင်မာအောင် တည်ဆောက် နိုင်ခြင်းမရှိလျှင် အခြားသော အခြေခံအခွင့်အရေးများသည်လည်း ယိမ်းယိုင်လျက်ရှိနေဦးမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများပြုလုပ်လိုလျှင် အခြေခံအခွင့်အရေးများကို ခိုင်မာအောင် တည်ဆောက်ရန်မှာ လွန်စွာ အရေးကြီးပါ သည်။ ထို့ကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား အခြေခံအခွင့်အရေးတစ်ခုအဖြစ်သတ်မှတ်၍ ဖော်ဆောင်မှုပြုပေးပါရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထပ်မံ၍ တိုက်တွန်းအပ်ပါသည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျက်ရှိသောပဋိပက္ခများအနေဖြင့် ရခိုင်ပြည်နယ်တွင် တပ်မတော် နှင့် ရက္ခိုင့် တပ်တော်(AA)တို့ကြား လက်နက်ကိုင်တိုက်ပွဲများ ပို၍ ပြင်းထန်လာပြီး ထိုဒေသများတွင်နေထိုင်ကြသော ဌာနေ တိုင်းရင်းသား များသည် နှစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့များ၏ အာရုံစိုက်ရာပစ်မှတ်သဖွယ်ဖြစ်နေသည်ကို တွေ့ရှိရသည်။ သံသယဖြင့် ဖမ်းဆီးမှု များ၊ ညှဉ်းပန်းနှိပ်စက်မှုများ လျော့ကျသွားခြင်းမရှိသည့်အပြင် အဆုံး၌ တရားစွဲဆိုခြင်းကိုပါ ရင်ဆိုင် ခံစားနေကြရသည်။

အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များအနက် အထူးအလေးပေး၍ ဖော်ပြလိုသည့် ဖြစ်စဉ်များကို အောက်တွင် ထုတ်နုတ်ဖော်ပြထားပါသည်။

ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ

  • ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ မင်းပြား၊ ဘူးသီးတောင် နှင့် စစ်တွေမြို့နယ်များတွင် ပစ်ခတ်မှုများကြောင့် ကလေး နှစ်ဦး အပါအဝင် အရပ်သား ခြောက်ဦး သေဆုံးခဲ့ပြီး အရပ်သား ခြောက်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
  • ရှမ်းပြည်နယ်၊ မုန်းပန်မြို့နယ်တွင် ပစ်ခတ်မှုကြောင့် အစိုးရဝန်ထမ်း နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီးကျည် ကျရောက်မှုကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ 

  • ရခိုင်ပြည်နယ်၊ မင်းပြား၊ ပေါက်တော၊ ရသေ့တောင်၊ အမ်း၊ ကျောက်တော်၊ နှင့် မြောက်ဦးမြို့နယ်တို့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများကြောင့် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား လေးဦး သေဆုံး ခဲ့ပြီး ကလေးငယ် ခြောက်ဦး အပါအဝင် အရပ်သား ၂၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
  • ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် အရပ်သား နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

မြေမြုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ 

  • ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း၊ မင်းပြား နှင့် ကျောက်တော်မြို့နယ်တို့တွင် မြေမြုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အထက်ပါဖြစ်စဉ်များသည် ရခိုင်ဒေသအတွင်း အထူးစိုးရိမ်ဖွယ်ရာ အခြေအနေများဖြစ်သည်။ ထို့ပြင် ကလေးသူငယ်များ သည်လည်း ထိုပဋိပက္ခများကြားကျရောက်လျက်ရှိသည်ကို အထက်ပါဖြစ်စဉ်တချို့မှ ထပ်ဟပ်ပြလျက်ရှိသည်။ မြန်မာနိုင်ငံ သည် ကမ္ဘာ့ကုလသမဂ္ဂ၏ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC)ကို လက်မှတ်ရေးထိုးပြီးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် ကလေးသူငယ်များ၏ လုံခြုံခွင့်နှင့် ရှင်သန်ရပ်တည်ခွင့်ကို အကာအကွယ်ပေးရမည် ဖြစ်သည့် အပြင် အရေးပေါ်အခြေအနေနှင့် လက်နက်ကိုင်ပဋိပက္ခအတွင်းကျရောက်လျက်ရှိသော အမျိုးသမီးများနှင့် ကလေးသူငယ်များ ကို ကာကွယ်ရေးကြေငြာချက်အတိုင်းလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ သို့သော်လည်း နှစ်နှစ်နီးပါးကြာခဲ့ပြီဖြစ်သော ရခိုင်ဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခများကြား၌ အမျိုးသမီးများ၊ ကလေးသူငယ်များအပါအဝင် ဌာနေတိုင်းရင်းသားများ အားလုံးအတွက် ငြိမ်းချမ်းရေးလမ်းစသည် အလှမ်းဝေးနေဆဲဖြစ်ပြီး တရားမျှတမှုဆိုသည်မှာ ဝေဝါးစွာရှိနေဆဲဖြစ်သည်။ 

အောက်တိုဘာလ ၂ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုဆန့်ကျင်ရေးနေ့ဖြစ်သည်။ အကြမ်းဖက်မှုကို ဆန့်ကျင် ခြင်းသည် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုအသုံးပြုခြင်းအား ဆန့်ကျင်၍ လူမှုရေး သို့မဟုတ် နိုင်ငံရေးပြောင်းလဲမှုကို ရရှိစေ ရန်အတွက် ဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ၏အကျိုးဆက်ကြောင့် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများကို ဆန့်ကျင်၍ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နိုင်ငံရေးနည်းအရ ဖြေရှင်းပါရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ တိုက်တွန်းအပ်ပါသည်။ 

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးမှုများသည်လည်း ပြည်တွင်းပဋိပက္ခများကို ပို၍ ဆိုးရွားလာစေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဟန့်အတားဖြစ်စေသည်။ မည်သည့်လက်နက်ကိုင်အဖွဲ့မှ ကျူးလွန်သည်ဖြစ်စေ နိုင်ငံသားများကို အကာအကွယ်ပေးရန်ပျက်ကွက်ခြင်းသည် နိုင်ငံသားများ၏ လုံခြုံခွင့်နှင့် လွတ်လပ်ခွင့်တို့ကို လျစ်လျူရှူခြင်း ဖြစ်သည်။ အောက်တိုဘာလအတွင်းတွင် ရက္ခိုင့်တပ်တော် (AA) မှ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနှင့်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့သုံးဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများကို ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး “မည်သည့် ပါတီ၏ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကိုမဆို တရားလက်လွတ် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး ချုပ်နှောင်ခြင်းသည် ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သည့်အပြင် ရွေးကောက်ပွဲ၏ လွတ်လပ်တရားမျှတမှုကို ထိခိုက်စေသည်ဟု ရှုမြင်သည်” ဟု ဖော်ပြထားသည်။ ထို့ကြောင့် အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးအား ဘေးကင်းလုံခြုံစွာဖြင့် အမြန်ဆုံးပြန်လည် လွှတ်ပေးပါရန် ထပ်မံ၍ အလေးအနက် တိုက်တွန်းတောင်းဆိုအပ်ပါသည်။ 

နိုင်ငံသားအခွင့်အရေးဆုံးရှုံးခြင်းများတွင် မဲပေးပိုင်ခွင့်ဆုံးရှုံးခြင်းသည်လည်း နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို ကန့်သတ်ရာ ရောက်သည်ကို ညွှန်းဆိုပြနေသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိခြင်းကြောင့်ဟု ဆိုကာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်တချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ အတွင်းတွင် ကြေညာခဲ့သည်။ လူတိုင်း လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရရှိရေးသည် ဒီမိုကရေစီစနစ်၏ အနှစ်သာရ နှင့် စံနှုန်းတစ်ခု ဖြစ်သည်။ နိုင်ငံသားတစ်ဦးချင်းစီ၏ဆန္ဒမဲများသည် ထိုနိုင်ငံသားအတွက် ရွေးချယ်ပိုင်ခွင့် ဖြစ်သလို တိုင်းပြည်၏အနာဂတ်ကို ပုံဖော်ရန်နှင့် သာ၍ကောင်းမွန်သော အစိုးရတစ်ရပ်ဖြစ်လာစေရန်အတွက်လည်း လွန်စွာ အရေးကြီးသည်။ ထို့ကြောင့် အဆိုပါနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်များရရှိရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြန်လည် သုံးသပ်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

နိုင်ငံသားများအားဖိနှိပ်ခြင်းများကို အောက်တိုဘာလအတွင်း၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုမှလည်း သိသာ ထင်ရှားစွာ ထုတ်ဖော်ပြလျက်ရှိသည်။  မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှ ဗကသကျောင်းသားဟောင်း ကိုကောင်းဝဏ္ဏမင်းကိုသည် အရပ်ဝတ် ဝတ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင် လေးဦး၏ လက်နောက်ပြန်ချုပ်နှောင်၍ နောက်ပြန် လက်ထိတ်ခတ်ကာ ခေါင်းကို အဝတ်ဖြင့်စွတ်၍ ဖမ်းဆီး၊ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။ ၎င်းကို ရခိုင့်အရေးနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခြင်းကိစ္စ၊ ရခိုင့်အရေးနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ကြသော ကျောင်းသားများအကြောင်း စသည်တို့ကို မေးမြန်း စစ်ဆေးခဲ့ပြီးနောက် ခေါင်းကိုအဝတ်ဖြင့်စွတ်၍ မူလ နေရာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရ သည်။ ထိုကဲ့သို့သော အခြင်းအရာသည် စစ်အာဏာရှင်များလက်ထက်၌ ကျင့်သုံးခဲ့သော နည်းပရိယာယ်တစ်ခုဖြစ်ပြီး လူတစ်ဦး၏ ဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်ခွင့်ကို ချိုးနှိမ်ခြင်းဖြစ်သည်။  ထို့ပြင် ကျူးလွန်ခြင်းကိုခံခဲ့ရသူအတွက် ထိခိုက် နစ်နာမှုများစွာကို ဖြစ်စေသည်။ အထက်ပါနည်းလမ်းကို ယနေ့အချိန်ကာလထိတိုင်အောင် ကျင့်သုံးလျက်ရှိခြင်းသည် စိုးရိမ်ဖွယ်ရာဖြစ်ပြီး နောင်တွင် အလားတူသောဖြစ်စဉ်မျိုး ဖြစ်ပွားမှုမရှိစေရန်အတွက် ထိရောက်စွာ အရေးယူဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅() ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅() ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅() ၉၄၂  ၈၁၁ ၇၃၄၈


အစီရင်ခံစာအပြည့်အစုံဖတ်ရှုရယူရန်။

For English version.