Press Release 803 Views

မြန်မာနိုင်ငံအတွက်တရားမျှတမှု – မညီမျှမှု၊ မတရားမှု၊ အကြမ်းဖက်မှုနှင့် လူသားမျိုးနွယ်အား ဆန့်ကျင်သော ရာဇဝတ်မှုများကို စနစ်တကျ ဖြစ်ပေါ်စေသည့် အကြောင်းတရားများကို ဖော်ထုတ်ရန် တက်ကြွလှုပ်ရှားသူများမှ စည်းရုံးလှုံ့ဆော်ရေးလှုပ်ရှားမှုတစ်ရပ် မိတ်ဆက်ခြင်း

April 28th, 2020  •  Author:   Justice For Myanmar  •  1 minute read
Featured image

၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့၊ မြန်မာနိုင်ငံ – ပြည်တွင်းစစ်အပါအဝင် မြန်မာစစ်တပ်မှ အကျိုးအမြတ်အတွက် လုပ်ဆောင်နေသော စနစ်တကျဖိနှိပ်ချုပ်ချယ်မှုနှင့် အကြမ်းဖက်မှုသံသရာကို ဖော်ထုတ်သည့်တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ ပြည်သူတစ်ရပ်လုံး၏ ဘဝများ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ချက်ဖြင့် စည်းရုံးလှုံ့ဆော်ရေးလှုပ်ရှားမှု (campaign) တစ်ရပ်ကို အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုမှ ပူးပေါင်းလုပ်ဆောင်လိုက်သည်။

မြန်မာနိုင်ငံအတွက်တရားမျှတမှု အမည်ရှိ campaign သည် လူ့အခွင့်အရေးကာကွယ်ပေးခြင်း၊ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေးအတွက် လုပ်ဆောင်နေကြသော လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်စုမှ ကမကထ ပြုသည့် လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ထိုလှုပ်ရှားမှုသည် လူတန်းစား၊ ကိုးကွယ်သည့်ဘာသာ၊ ကျား-မ သို့မဟုတ် လူမျိုးစု သွင်ပြင်လက္ခဏာတို့အပေါ် အခြေမခံဘဲ မြန်မာစစ်တပ်၏ မတရားချိုးဖောက်မှုများကို ခံခဲ့ရသူများမှ မြန်မာနိုင်ငံတွင် တရားမျှတမှု ရှာဖွေရေးနှင့် စစ်တပ်အနေဖြင့် ပြစ်ဒဏ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်နေမှုကို အဆုံးသတ်စေရေး ကြိုးပမ်းမှုများတွင် ဆုံချက်နေရာတစ်ခုဖြစ်လာစေရန် ဖန်တီးပေးထားခြင်း ဖြစ်သည်။ လူသားမျိုးနွယ်အား ဆန့်ကျင်သောရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှု မြောက်သည့် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ထားသော နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မြန်မာစစ်တပ်၏ စီးပွားရေးများ မည်ကဲ့သို့ ချိတ်ဆက်နေသည်ကို  ဖော်ထုတ်သွားမည်ဖြစ်သည်။

ကြိုတင်ပြင်ဆင်ထားမှုမရှိသည့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်ကို COVID-19 ကပ်ရောဂါမှ ထိုးနှက် နေသော်လည်း ထိရောက်သော ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး တောင်းဆိုချက်ကို မြန်မာစစ်တပ်က ငြင်းဆိုခဲ့သည်။ ယင်းအစား မြန်မာစစ်တပ်သည် ဒေသခံ သတင်းဝက်ဘ်ဆိုဒ် များကို ပိတ်ပင်ခြင်း၊ သတင်းသမားများကို ဖမ်းဆီးခြင်းနှင့် အကြမ်းဖက်မှုဥပဒေများဖြင့် တရားစွဲဆိုခြင်းတို့ကို လုပ်ဆောင်နေပြီး အာဏာကို ဆက်လက်ဆုပ်ကိုင်ထားခြင်း၊ မီဒီယာနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ တိုးမြှင့်လုပ်ဆောင်ခြင်း နှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသား နယ်မြေများတွင် အရပ်သားပြည်သူများကို အရမ်းကာရော ပစ်မှတ်ထားခြင်းများ လုပ်ဆောင်နေသည်။

မြန်မာစစ်တပ် နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ပဋိပက္ခဖြစ်ပွါးမှုသည် ပြင်းထန်လာပြီး ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှ စ၍ လူဦးရေ‌ ၁၅၀,၀၀၀ ခန့်အထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများ ဖြစ်စေခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ မှတ်တမ်းအရ မတ်လ ၂၃ ရက်နေ့ ၊ ၂၀၂၀ ခုနှစ်မှစ၍ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် အရပ်သားပြည်သူသေဆုံးမှု အရေအတွက် အနည်းဆုံး ၃၂ ဦး ထိရှိလာခဲ့သည်။ မြန်မာစစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရခိုင် နှင့် ချင်းပြည်နယ်တို့တွင် ကလေးငယ်များ၊ နို့တိုက်မိခင်နှင့် လသားအရွယ်ကလေးငယ်များ အပါအဝင် အပြစ်မဲ့အရပ်သားများ သေဆုံးခဲ့ကြပြီး နေအိမ်များလည်း မီးလောင်ပြာကျ ခံရခြင်းကြောင့် အရပ်သားပြည်သူများသည် ၎င်းတို့၏ ကျေးရွာနေအိမ်များကို စွန့်ခွာခဲ့ရပြီး ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါကြီး ကျရောက်ချိန်တွင် ဒုက္ခတွင်းနက်ထဲ ပို၍ပင်ကျရောက်စေပါသည်။ ဧပြီလ ၂၀ ရက်နေ့တွင် ကိုဗစ်ဓါတ်ခွဲနမူနာများ ယူဆောင်လာသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏  မော်တော်ယာဉ် အပစ်ခတ်ခံရပြီး (WHO) ဝန်ထမ်း ယာဉ်မောင်းအား အသက်ဆုံးရှုံးစေခဲ့သဖြင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကမ္ဘ့ာကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့များကို နိုင်ငံအတွင်းသို့ ချက်ချင်းဝင်ရောက်ခွင့်ပြုရန် တိုက်တွန်းတောင်းဆိုးခဲ့ကြသည်။ ထို့အပြင်  ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် António Guterres မှလည်း ယင်းတိုက်ခိုက်မှုအား ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ပြီး တရားမျှတမှုအားဖေါ်ဆောင်ရန်နှင့် ပြစ်မှုကျူးလွန်သူအား ဖေါ်ထုတ်အရေးယူနိုင်ရန် လုံလောက်ပြီး ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တိုက်တွန်းတောင်းဆိုခဲ့သည်။

“မြန်မာစစ်တပ်ဟာ စီးပွားရေး လက်ဝါးကြီးအုပ်မှုနဲ့ ထိန်းချုပ်မှု၊ အင်အားသုံးမှု၊ အကြမ်းဖက်မှုနဲ့ သူတို့ကိုယ်တိုင် တည်ထောင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနည်းကျ အုပ်ချုပ်ရေးတို့ကနေတစ်ဆင့် နိုင်ငံရေးအာဏာကို ဆက်လက် ချုပ်ကိုင်ထားပြီး ဆိုးဝါးလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြစ်ဒဏ်ပေးအရေးယူခံရခြင်း လုံးဝမရှိဘဲ ဆက်လက် ကျူးလွန်နေတယ်။ ဒီအခြေအနေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်ကြောင်းကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးကိုယ်စားလှယ်တို့က ဖော်ပြထားပြီးဖြစ်တယ်။ အရပ်သားပြည်သူတွေ စောင့်ကြည့်လေ့လာလို့မရတဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ဆောင်မှုတွေဟာ သူတို့ရဲ့ အာဏာတည်မြဲမှုကို အားဖြည့်ပေးနေပြီး ဒီမိုကရေစီ ပေါ်ပေါက်လာရေးမှာ အဟန့်အတားဖြစ်စေပါတယ်။” ဟု မြန်မာနိုင်ငံအတွက်တရားမျှတမှု campaign ၏ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင် က ပြောသည်။ 

မြန်မာနိုင်ငံအတွက်တရားမျှတမှု campaign သည် စီးပွားရေးလုပ်ငန်းများမှ မြန်မာစစ်တပ်နှင့် ဘဏ္ဍာရေး ချိတ်ဆက်မှုများ အားလုံးကို ဖြတ်တောက်ရန် အကြံပြုတိုက်တွန်းထားသော “မြန်မာစစ်တပ်၏ စီးပွားရေး အကျိုးစီးပွားများ” အမည်ဖြင့် ၂၀၁၉ ခုနှစ်တွင် သီးခြားလွတ်လပ်သော နိုင်ငံတကာမှ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးမစ်ရှင်က တင်သွင်းခဲ့သော အစီရင်ခံစာကို အခြေခံထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွက်တရားမျှတမှု campaign သည် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်နှင့် အထူးကိုယ်စားလှယ်တို့၏ အကြံပြုတိုက်တွန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး သေချာစေရန် ရည်ရွယ်သည်။

“တရားမျှတမှုနဲ့ လူ့အခွင့်အရေးအတွက် ရပ်တည်ပေးဖို့၊ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးတွေအပေါ် ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့အတွက် အစိုးရတွေအားလုံးကို ကျမတို့က တိုက်တွန်းတောင်းဆိုနေတာ ဖြစ်တယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးအောက်မှာ စစ်တပ်အနေနဲ့ မြန်မာ့စီးပွားရေးကနေ လုံးဝ ထွက်သွားပြီး ပေါင်းစည်းထားတဲ့ သူတို့ရဲ့ စီးပွားရေးကော်ပိုရေးရှင်းတွေ ဖျက်သိမ်းလိုက်တာမျိုးကို ကျမတို့ မြင်ချင်တယ်။ ပြီးတော့ ဆယ်စုနှစ်ချီပြီး အကျင့်ပျက် ခြစားမှုတွေကတစ်ဆင့် စစ်တပ်က ခိုးယူစုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူတွေကို ပြန်ပေးရမယ်။ အဲဒီလို ခြေလှမ်းတွေက မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဖော်ဆောင်ရာမှာ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ကျမတို့ ယူဆတယ်။” ဟု ရတနာမောင်  က ရှင်းပြသည်။

မြန်မာနိုင်ငံအတွက်တရားမျှတမှု campaign အနေဖြင့် လာမည့်လများတွင် မြန်မာစစ်တပ်အား ၎င်း၏ ကျူးလွန်မှုများအပေါ် တာဝန်ခံမှု ရှိလာစေရန်အတွက် မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံး၏ ဘေးကင်းလုံခြုံမှုနှင့် တရားမျှတမှုရရှိရေးကို တိုက်ပွဲဝင်နေသော သတင်းသမားများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်အတူ လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်သည်။

 

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်-

ရတနာမောင်

မြန်မာနိုင်ငံအတွက် တရားမျှတမှု (Justice For Myanmar)

အီးမေးလ် – [email protected]

ဝက်ဘ်ဆိုဒ် – https://www.justiceformyanmar.org

Twitter – @justicemyanmar

Facebook – https://www.facebook.com/justiceformyanmar.org/

အယ်ဒီတာများအတွက် မှတ်ချက်

*ဂျီနီဗာသဘောတူစာချုပ်များ၏ အများဆိုင်ရာ ပုဒ်မ (၃) တွင်  အရပ်သားများနှင့် ထိခိုက်ဒဏ်ရာရမှုများကြောင့် မပါဝင်နိုင်တော့သော ပုဂ္ဂိုလ်များ၏ “အသက်ကိုသော်လည်းကောင်း လူကိုသော်လည်းကောင်း အကြမ်းဖက်ခြင်း၊ အထူးသဖြင့် သတ်ဖြတ်မှုအမျိုးအစားများအားလုံး” ကို တိတိကျကျ တားမြစ်ထားသည်။ ထို့အပြင် အကာအကွယ်ပေးရမည့် လူပုဂ္ဂိုလ်များအား “ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ခြင်း” ကို ၁၉၉၂ ခုနှစ် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော ဂျနီဗာ သဘောတူစာချုပ်လေးခုစလုံးအောက်တွင် ကြီးမားသော ချိုးဖောက်မှုအဖြစ် သတ်မှတ်ဖော်ပြထားသည်။ သို့ဖြစ်ရာ ပလက်ဝမြို့နယ်ရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထားခြင်း ကဲ့သို့သော ဖြစ်ရပ်များမှာ နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများအပေါ် ဆိုးဝါးသည့်ချိုးဖောက်မှုအဖြစ် ယူဆနိုင်ခြင်းကြောင့် ရောမသဘောတူစာချုပ်အရ စစ်ရာဇဝတ်မှု မြောက်နေသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၁၂၆၅) နှင့် (၁၂၉၆) တို့၌လည်း လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများအား ကာကွယ်စောင့်ရှောက်ရေးကို ထည့်သွင်းချမှတ်ထားသည်။ ဆုံးဖြတ်ချက်အမှတ် (၁၂၆၅) တွင် “လက်နက်ကိုင် ပဋိပက္ခအခြေအနေများတွင် အရပ်သားများအား တမင်သက်သက် ပစ်မှတ်ထားခြင်းသာမက နိုင်ငံတကာ ဥပဒေအောက်၌ ကာကွယ်စောင့်ရှောက်ထားသော အရာဝတ္ထုများအား တိုက်ခိုက်ခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချပြီး ထိုအပြုအမူများ အဆုံးသတ်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို တောင်းဆိုသည်။” တစ်ချိန်တည်းတွင် “လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အားဆန့်ကျင်သည့်ရာဇဝတ်မှုနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေအား ဆိုးဝါးစွာ ချိုးဖောက်မှုများအတွက် တာဝန်ရှိသူတို့ကို တရားစွဲဆို အပြစ်ပေးရန်သော်လည်းကောင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရန်သော်လည်းကောင်း နိုင်ငံတော်အစိုးရများတွင် တာဝန်ရှိသည်” ကိုလည်း အလေးပေး ထောက်ပြထားသည်။

PDF ဖြင့်ဒေါင်းလုတ်ယူရန်။

View in English.